Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၆) တရုတ်နီနဲ့ မြန်မာတပ်တွေ ပေါင်းပြီး တရုတ်ဖြူကို အမြစ်ဖြုတ်တဲ့ မဲခေါင်စစ်ဆင်ရေး


စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)

အခန်း (၁၆) တရုတ်နီနဲ့ မြန်မာတပ်တွေ ပေါင်းပြီး တရုတ်ဖြူကို အမြစ်ဖြုတ်တဲ့ မဲခေါင်စစ်ဆင်ရေး
အောက်တိုဘာ ၁၊ ၂၀၂၁

ရှင်သန်နိုးကြွလာသော တရုတ်ပြည် စစ်ဆင်ရေးကို စတင်လိုက်တာမို့လို့ ၁၉၆၀ ခုနှစ်ဟာ သုံးနိုင်ငံနယ်စပ်ဒေသက ချန်ကေရှိတ်တပ်တွေ အတွက် အဆုံးအဖြတ်ကာလ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် စီမံထားပြီး အရင်ယူနန်ကို မစို့မပို့ ဝင်တိုက်ခဲ့ကြတာထက် ပိုပြီး ကြိုးပမ်းအားထုတ်ထားပါတယ်။ ဇန်နဝါရီ ၂၄ ရက်ကစပြီး မိုင်းပါလျိုးလေယာဉ်ကွင်းကို အသုံးချနိုင်ပြီ ဖြစ်လို့ ထိုင်ပေက လေနုအေး စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ ထိုင်ဝမ်းက ပထမဆုံး ပျံသန်းလာတဲ့ လေယာဉ်တွေဟာ တရုတ်အမျိုးသားတပ်မတော် အထူးတပ်ဖွဲ့က အမြဲတမ်း စစ်သား ၃,၀၀၀ ကို ပို့ပေးဖို့ စီစဉ်ပါတယ်။ ဒီအထူးတပ်ဖွဲ့ဝင်တွေက လျိုယွမ်လင်ရဲ့ တပ်တော်ကို လေ့ကျင့်ပေးပြီး ယူနန်ကို ဦးဆောင်ချီတက်သွားဖို့ ဖြစ်ပါတယ်။ ထိုင်ပေက အထူးတပ်ဖွဲ့တွေသုံးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထိုးစစ်ဆင်တိုက်ခိုက်တာဟာ ဝါရှင်တန်က ဒီအထူးတပ်ဖွဲ့တွေကို လေ့ကျင့်ပြီး လက်နက် တပ်ဆင်ပေးတုန်းက သတ်မှတ်ထားတဲ့ သဘောတူညီချက်တွေကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ ဒီစီမံချက်ကို ဝါရှင်တန်က သိသွားတဲ့အခါမှာ သဘောတူညီချက် မပျက်သွားအောင် ဒီအထူးတပ်ဖွဲ့တွေ ပို့မယ့် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းဖို့ ထိုင်ပေကို ဖိအားပေးပါတယ်။ အဲဒီအချိန်မှာပဲ အထူးတပ်ဖွဲ့က ဗိုလ်ချုပ် ရှချောင်း ကွပ်ကဲတဲ့ တပ်သား ၁,၂၀၀ လောက်က မြန်မာနိုင်ငံကို ရောက်သွားပြီ ဖြစ်ပါတယ်။

တရုတ်ဖြူကို အမြစ်ဖြုတ်ဖို့ တရုတ်နီနဲ့ မြန်မာ ပေါင်းပြီးစီမံ

သုံးနိုင်ငံနယ်စပ်ဒေသမှာ တရုတ်ဖြူတပ်တွေ အခိုင်အမာ အင်အားတည်ဆောက်နေတာဟာ မြန်မာအစိုးရကို စစ်ရေးအရ တရုတ်နီအစိုးရနဲ့ ပူးပေါင်းဖို့ တွန်းအားပေးလိုက်တာပဲ ဖြစ်ပါတယ်။ တရုတ်−မြန်မာ နယ်စပ်ရေးရာ ပူးတွဲကော်မတီ အစည်းအဝေးတွေမှာ နှစ်နိုင်ငံနယ်စပ်ဒေသမှာ တဖြည်းဖြည်း အင်အားကြီးထွားလာတဲ့ တရုတ်ဖြူတပ်တွေကို တရုတ်နီ−မြန်မာ ပူးပေါင်းကာ လက်ဦးမှုရယူ တိုက်ခိုက်ဖို့ လျှို့ဝှက်ဆွေးနွေး စီမံကြပါတယ်။ အဲဒီလို တိုက်ခိုက်ဖို့အတွက် ကနဦး ပြင်ဆင်မှုတွေကို ၁၉၆၀ မေလမှာ စတင်ခဲ့ပြီး ဂျွန် ၂၇ ရက်ကနေ ဂျူလိုင် ၅ ရက်အထိ ကျင်းပတဲ့ ရန်ကုန်က ကော်မတီရဲ့ အစည်းအဝေးမှာ ဆက်ဆွေးနွေးခဲ့ပါတယ်။ မြန်မာပိုင်နက်ထဲဝင်ပြီး တရုတ်နီဘက်က ပါဝင်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဂယက်ရိုက်သွားတာကို ရှောင်ရှားနိုင်အောင် လျှို့ဝှက်ထားဖို့ တရုတ်နီက တောင်းဆိုပါတယ်။ ကိုယ့်နိုင်ငံပိုက်နက်ကို ထိန်းသိမ်းဖို့အတွက် သူများအကူအညီ လိုအပ်တယ်လို့ ဝန်မခံချင်တဲ့အတွက် မြန်မာဘက်ကလည်း လျှို့ဝှက်ထားချင်ပါတယ်။ ဒါပေမယ့် ပေကျင်းရဲ့ အကူအညီယူရတာဟာ မြန်မာအစိုးရ အတွက်တော့ စွန့်စားခန်းပါပဲ။ နယ်စပ်ဒေသ အပိုင်း အတော်များများ အတွက် နှစ်ဖက် သဘောတူညီမှု မရသေးလို့ တရုတ်ဖြူတွေကို တိုက်ထုတ်ပြီးတဲ့နောက် တရုတ်နီတပ်တွေ ပြန်ထွက်မသွားတော့ဘူးလို့ တဖက်သတ် ဆုံးဖြတ်လိုက်မှာကို စိုးရိမ်ကြတယ်။ ဝန်ကြီးချုပ် တဖန် ပြန်ဖြစ်လာတဲ့ ဦးနုနဲ့ တရုတ်နီ ဝန်ကြီးချုပ် ကျိုးအင်းလိုင် (ချူအင်လိုင်း လို့ မြန်မာတွေ အရေးများကြတယ်) တို့ ၁၉၆၀ အောက်တိုဘာလမှာ နယ်စပ်ဒေသ စာချုပ်ရဲ့ နောက်ဆုံးမူကြမ်းကို လက်မှတ်ရေးထိုးကြတဲ့အခါ မြန်မာဘက်က စိုးရိမ်နေတာတွေ ပျောက်သွားတော့တယ်။ ဒီမူကြမ်းကို ဗိုလ်ချုပ်ကြီးနေဝင်းက ရန်ကုန်ကို ဇန်နဝါရီလတုန်းက သယ်လာတာ ဖြစ်ပါတယ်။ တိကျတဲ့ နယ်နိမိတ် ပိုင်းခြားဖို့ကိုတော့ ဆက်လုပ်ရဦးမှာဖြစ်ပေမယ့် နယ်စပ်ဒေသတွေကို ယေဘုယျအားဖြင့် သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် တရုတ်နီတပ်တွေဟာ ဒုက္ခပေးနေတဲ့ တရုတ်ဖြူတပ်တွေကို တိုက်ခိုက်ပြီးရင် ပြန်ထွက်ခွာသွားမယ်လို့ မြန်မာတွေက ပိုပြီးယုံကြည်လာပါတယ်။ ဒါ့ကြောင့် မြန်မာဘက်က မဲခေါင် စစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ဆင်ရေးအတွက် စတင်ပြင်ဆင်ကြပါတော့တယ်။ ၁၉၅၄ တုန်းက တနင်္သာရီတိုင်းမှာ တရုတ်ဖြူနဲ့ ကရင်တပ်တွေကို အနိုင်တိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး ထွန်းစိန်က မြန်မာ့တပ်မတော်ရဲ့ အမှတ် (၉) ခြေမြန်တပ်မဟာကို ကွပ်ကဲပြီး ကျိုင်းတုံနယ်ထဲမှာ တပ်ဖြန့်ထားပါတယ်။ တရုတ်နီ တပ်တော် (၁၃) ကလည်း ယူနန်ပြည်နယ် ဖုဟိုင် (မုန်းဟိုင်း) မှာ ရှေ့တန်းဌာနချုပ် ဖွင့်လိုက်ပါတယ်။

တရုတ်−မြန်မာ နယ်စပ်ရေးရာ ပူးတွဲကော်မတီရဲ့ လေးကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ ခွန်းမင်မှာ ကျင်းပတဲ့အခါ တက်ရောက်သူတွေက တရုတ်ဖြူတွေကို နှစ်ဖက် ပူးတွဲတိုက်ခိုက်မယ့် စစ်ဆင်ရေး စီမံချက် အသေးစိတ်ကို သဘောတူလိုက်ကြပါတယ်။ တရုတ်နီဘက်က တပ်အင်အား ၃,၆၀၀ နဲ့ တရုတ်−မြန်မာ−လာအို သုံးပွင့်ဆိုင် နယ်စပ် မြောက်ဘက်က တရုတ်ဖြူ အခိုင်အမာ စခန်းတွေကို တိုက်ခိုက်ပေးဖို့ ကတိပေးတယ်။ မြန်မာဘက်ကတော့ တရုတ်နယ်စပ် အနီး မိုင်းယန်း ဘက်ကနေ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံ နယ်စပ်ဒေသ အထိ တရုတ်ဖြူတပ်ဖွဲ့တွေကို ရှင်းလင်းရမှာ ဖြစ်ပါတယ်။

နှစ်ဖက်တပ်တွေရဲ့ စစ်ဆင်ရေး နယ်မြေတွေကို ခွဲခြားသတ်မှတ်ဖို့အတွက် ကော်မတီက မြန်မာနိုင်ငံ ပိုင်နက်အတွင်းမှာ ကီလိုမီတာ ၂၀ (၁၂ မိုင်ခွဲ) “အနီရောင်မျဉ်း” ကို ရေးဆွဲလိုက်ပါတယ်။ ဒီအနီရောင်မျဉ်းနဲ့ ယူနန်နယ်စပ်အကြားမှာ တရုတ်နီတပ်က လွတ်လပ်စွာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီမျဉ်းကို ဖြတ်ကျော်မယ်ဆိုရင် မြန်မာဘက်ကို ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ နှစ်ဖက်စစ်တပ်ဟာ သူတို့ရဲ့ စစ်ဆင်ရေးတွေကို နိုဝင်ဘာ ၂၀ ရက်လောက်မှာ စတင်ကြဖို့ ရှိပြီး နောက်ဆုံး နေ့ရက်နဲ့ အချိန်ကို သတ်မှတ်ဖို့ ရှိပါတယ်။ စစ်ဆင်ရေးက ပထမပိုင်းတကြော့ပြီးတဲ့နောက်မှာ တရုတ်နီတပ်တွေ ယူနန်ဘက်က ပြန်ရမလား ဒါမှမဟုတ် နယ်စပ်တိုင်းတာရေးအဖွဲ့တွေရဲ့ လုံခြုံရေးကို ဆက်ယူပေးရမလား ဆိုတာကို မြန်မာဘက်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ထိုင်ပေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေကလည်း ရရှိထားတဲ့ သတင်းအချက်အလက်တွေ အပေါ် မူတည်ပြီး မြန်မာ့တပ်မတော်နဲ့ တရုတ်နီတပ်တွေဟာ နယ်စပ်တိုင်းတာရေး လုပ်ငန်းကို အရေခြုံပြီး ယူနန်အပျော်တမ်း တပ်တော်ရဲ့ စခန်းတွေကို အကြီးအကျယ် တိုက်ခိုက်လိမ့်မယ်လို့ သုံံးသပ်ကြပါတယ်။ ကျိုင်းလပ်ကို ကာကွယ်ဖို့ ဖြစ်နိုင်လာမယ့် အရေးပေါ် စီမံချက်တွေ စတင် ရေးဆွဲကြတယ်။ လျိုယွမ်လင် ကလည်း အဓိကတိုက်ပွဲ အတွက် နိုဝင်ဘာ ၂၅ ရက်ထက် နောက်မကျဘဲ စတင် ပြင်ဆင်ထားဖို့ အမိန့်ပေးပါတယ်။

တရုတ်နီတပ်ရဲ့ ကနဦး စစ်ဆင်ရေးများ

နိုဝင်ဘာ ၁၉ ရက်မှာ တရုတ်နီ လေယာဉ်တွေက တရုတ်ဖြူ ယူနန်အပျော်တမ်းတပ်ရဲ့ စခန်းတွေအပေါ် လက်နက်ချဖို့ တိုက်တွန်းထားတဲ့ စာရွက်တွေ ကြဲချပါတယ်။ နောက်နှစ်ရက်ကြာတဲ့အခါ တရုတ်နီတပ်ပိုင် ရေဒီယိုကနေ လက်နက်ချဖို့ တိုက်တွန်းချက်ကို အကြိမ်ကြိမ် ထုတ်လွှင့်ပါတယ်။ နိုဝင်ဘာ ၂၂ ရက် အရုဏ်မတက်ခင် အမှောင်ထဲမှာ တရုတ်နီ တပ်မ (၃၇) နဲ့ တပ်မ (၃၈) က အင်အား ၁,၈၀၀ ဟာ တရုတ်ဖြူ စခန်းတွေကို စတင်တိုက်ခိုက်ပါတယ်။ ဒီလို တိုက်ခိုက်မှာကို မြန်မာတွေကို ကြိုတင် အသိပေးပါမယ်လို့ သဘောတူညီထားပေမယ့် တရုတ်နီဘက်က မလိုက်နာခဲ့ပါဘူး။

တရုတ်နီတပ်ဖွဲ့တွေ အလစ်အငိုက် ဝင်တိုက်ခိုက်လို့ တရုတ်ဖြူတပ်တွေ နယ်စပ်ကနေ တသီတတန်းကြီး ဆုတ်ခွာလာကြတာကို မြန်မာတပ်ဖွဲ့တွေ အများစုဟာ ကြိုမသိရလို့ ပွဲကြည့်ပရိသတ်လို ငုတ်တုတ်ကြီး ထိုင်ကြည့်နေရတယ်။ တရုတ်နီစစ်ကြောင်း တခုက တရုတ်ဖြူ တပ်တော် (၄) က တပ်မ တခုကို ဆန်ခို (ဆန်တောက်) မှာ ချေမှုန်းပစ်လိုက်ပြီး မိုင်းမ မှာရှိတဲ့ တပ်တော် (၄) ဌာနချုပ်ကို သိမ်းလိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ နောက်ထပ် တရုတ်နီ စစ်ကြောင်းတခုဟာ မိုင်းဝ မှာရှိတဲ့ တပ်တော် (၁) ဌာနချုပ်ကို စီးနင်းလိုက်တယ်။ အရေးပေါ် စီမံချက်အရ တကယ်လို့ သာလွန်အင်အားနဲ့ တိုက်ခိုက်လာရင် နယ်စပ်ကနေ မိုင်းပါလျိုး နဲ့ ကျိုင်းလပ် ကို သတိနဲ့ ဆုတ်ခွာလာဖို့ လျိုယွမ်လင်က သူ့တပ်တော်တွေကို အမိန့်ပေးတယ်။ တပ်တော်မှူးတွေကလည်း ကစဉ့်ကလျားဖြစ်နေတဲ့ သူတို့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မဲခေါင်မြစ်ကမ်းက တရုတ်ဖြူစခန်းတွေကို ဝင်လာကြတော့တယ်။

နေလယ်ပိုင်းမှာ တရုတ်နီတပ်တွေဟာ နယ်စပ်ရှိ တရုတ်ဖြူတပ်တွေကို ရှင်းလင်းပစ်လိုက်ပြီး မြေပုံ (၉) မှာ ပြထားတဲ့ “အနီရောင်မျဉ်း” ကို ရောက်လာတယ်။ လျိုယွမ်လင် အတွက် ကံကောင်းသွားတာကတော့ သူ့တပ်အများစုဟာ နယ်စပ်ကနေ မိုင်အတော်ဝေးတဲ့နေရာမှာ တပ်စွဲထားလို့ အဆုံးအရှုံးနည်းနည်းနဲ့ လုံခြုံစွာ ဆုတ်ခွာလာနိုင်တာ ဖြစ်တယ်။ တကယ်လို့သာ တရုတ်နီတပ်တွေက “အနီရောင်မျဉ်း” မှာ မရပ်ဘဲ ဆက်လိုက်တိုက်မယ်ဆိုရင် တရုတ်ဖြူတွေ အကုန်လုံး ချေမှုန်းခံလိုက်ရဖွယ် ရှိပါတယ်။ အများအမြင်မှာတော့ မြန်မာ့တပ်မတော်က တရုတ်ဖြူတွေကို အပြီးအပိုင် ချေမှုန်းပစ်တာလို့ နာမည်ယူပြီး တရုတ်နီတပ်ရဲ့ အခန်းကဏ္ဍကို အရပ်သားအစိုးရအဖွဲ့က ထိပ်တန်းဝန်ကြီးတွေကိုတောင်မှ မသိအောင် ဖုံးကွယ်ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ဦးနု က တရုတ်နီတပ်တွေကို မြန်မာနိုင်ငံ အတွင်း ဝင်ခွင့်ပြုခဲ့ အကြောင်းကို ငြင်းဆိုလိုက်ပြီး နယ်စပ်ကို မတော်တဆ ဖြတ်ကျော်လာတဲ့ ဘယ်လိုကျူးကျော်သူကိုမဆို ထွက်သွားဖို့ တောင်းဆိုမှာဖြစ်တယ်လို့ လူထုကို အာမခံလိုက်ပါတယ်။ တကယ်လို့ ထွက်မသွားဘူးဆိုရင် အင်အားသုံးပြီး မောင်းထုတ်ပစ်မယ်လို့လည်း ဦးနု က ပြောပါသေးတယ်။ မြန်မာ့တပ်မတော်အတွက် ကံကောင်းတာကတော့ ဒီလို အင်အားသုံးဖို့ မလိုအပ်ပါဘူး။ ဒီဇင်ဘာလကုန်ခါနီးမှာ တရုတ်နီတပ်တွေ အကုန်လုံးနီးပါး ယူနန်ကို ပြန်သွားပြီ ဖြစ်ပါတယ်။ နယ်နိမိတ် တိုင်းတာရေးအဖွဲ့ လုံခြုံရေး အတွက် အင်အား ၄၀၀ လောက်ကိုတော့ ချန်ထားခဲ့ပါတယ်။



မြေပုံ (၉) ၁၉၆၀ နိုဝင်ဘာမှ ၁၉၆၁ ဇန်နဝါရီလ အတွင်း တရုတ်နီနဲ့ မြန်မာတပ်တွေ တိုက်ခိုက်မှု

လျိုယွမ်လင်နဲ့ တရုတ်ဖြူတပ်တွေ ပြန်လည်စုဖွဲ့ခြင်း

မြေပုံပေါ်က အနီရောင်မျဉ်းတကြောင်းဟာ တရုတ်ဖြူတပ်တွေ ပြုတ်ပြုတ်မပြုန်းသွားအောင် ကယ်တင်လိုက်တာပဲ ဖြစ်ပါတယ်။ တရုတ်ဖြူတပ်တွေ ပြန်လည်စုဖွဲ့နေစဉ်မှာပဲ တရုတ်နီ တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်တဲ့အထိ မိုင်းပါလျိုးနဲ့ ကျိုင်းလပ်ကို ထိန်းထားဖို့ ထိုင်ပေကနေ လျိုယွမ်လင် ကို အမိန့်ပေးပါတယ်။ အဲဒီအတောအတွင်း လျိုယွမ်လင်က သူ့ဌာနချုပ်ကို ကျိုင်းလပ်ကနေ လေယာဉ်ကွင်းရှိတဲ့ မိုင်းပါလျိုးကို ရွှေ့ပါတယ်။ မိုင်းပါလျိုးကနေ သူ့လက်အောက်က စစ်ဌာနချုပ် နှစ်ခုကို ကွပ်ကဲပါတယ်။ ဆုပ်ယောင်း1မှာ ရှိတဲ့ စစ်ဌာနချုပ်မှာ တပ်တော် (၂) က အများဆုံးရှိနေပြီး တရုတ်နီတပ် အပြင်းအထန် လိုက်တိုက်တုန်းက အသက်ရှင် ကျန်ခဲ့တဲ့ တပ်တော် (၁) နဲ့ တပ်တော် (၄) က စစ်သားတွေ ရှိပါတယ်။ ဆုပ်ယောင်း ဟာ မိုင်းပါလျိုးရဲ့ မြောက်ဘက် မဲခေါင်မြစ်ကမ်းမှာ မြောက်ဘက်က ဆင်းလာမယ့် တရုတ်နီတပ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရှချောင်း ကွပ်ကဲတဲ့ ကျိုင်းလပ် စခန်း ကာကွယ်ရေး စစ်ဌာနချုပ်က မိုင်းပါလျိုး လေယာဉ်ကွင်းနဲ့ အနောက်ဘက်က ဝင်လာနိုင်တဲ့ ချဉ်းကပ်လမ်းကြောင်းတွေကို ထိန်းချုပ်ထားပါတယ်။ အထူးတပ်ဖွဲ့တွေကတော့ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေကြားထဲမှာ လေ့ကျင့်ရေး ဆရာတွေ၊ အကြံပေးတွေ အနေနဲ့ ရောနှောနေကြပြီး အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်ရေး တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကာ မိုင်းပါလျိုး လေယာဉ်ကွင်းကို ကာကွယ်ဖို့ ထားပါတယ်။

မြန်မာနိုင်ငံမှာ သူ့တပ်တွေ ဖြစ်ပျက်နေတာကို ထိုင်ပေက အချိန်ပြည့်စောင့်ကြည့်နေပြီး မိုင်းပါလျိုးဆီကို အချိန်မှန် ညွှန်ကြားချက်တွေ ပို့နေတဲ့အပြင် စောင့်ကြည့်လေ့လာသူတွေလည်း ပို့ထားပါတယ်။ တရုတ် အမျိုးသားတပ်တော် အထူးတပ်ဖွဲ့ကို ကွပ်ကဲတဲ့ ဗိုလ်ချုပ်ကြီးဟာ ထိုင်ဝမ်းကနေ လေယာဉ်နဲ့ ဒီဇင်ဘာလမှ တခါနဲ့ ၁၉၆၁ ဇန်နဝါရီလဆန်းပိုင်းမှာ တခါ ရောက်လာပြီး သူ့တပ်တွေကို စစ်ဆေးပါတယ်။ သူ့ရဲ့ လက်ထောက် တယောက်က အဲဒီနှစ်လတာ ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ နေရစ်ခဲ့ပါတယ်။ [ချန်ကေရှိတ်ရဲ့ သားဖြစ်သူ] ကျန်ကျင်းကော်နဲ့ ဗိုလ်ချုပ် ယီးဖူအန်း (တရုတ်ဖြူလေတပ် ထောက်လှမ်းရေး အကြီးအကဲနဲ့ လျိုယွမ်လင်ရဲ့ တပ်ဖွဲ့ကို ထောက်ပံ့ပေးဖို့ တာဝန်ယူထားတဲ့ အမှတ်−၃၄ အထူး စစ်ဆင်ရေး လေယာဉ်အုပ်မှူး) တို့ ကိုယ်တိုင် မိုင်းပါလျိုးကို ဒီဇင်ဘာ ၂၀ ရက်မှာ ရောက်ရှိလာပြီး စစ်မြေပြင်ကို စစ်ဆေးပါတယ်။ ယူနန် အပျော်တမ်း တပ်တော်ရဲ့ အနေအထားကို စစ်ဆေးတဲ့အခါမှာ တပ်တွင်း ပြိုင်ဆိုင်မှုတွေကြောင့် စုတ်ပြတ်သတ်နေတဲ့ တပ်တခု ဖြစ်နေတာကို ကျန်ကျင်းကော် က သိလိုက်ရတယ်။ တနေ့၊ မိုင်းပါလျိုးမှာ မနက်စာစားရင်း ဆွေးနွေးနေကြတုန်းမှာ အသစ်စက်စက် ခန့်ထားတဲ့ ကူမင်တန် ပါတီ အမှတ် (၂) ဌာနကြီးက နိုင်ငံရေးအရာရှိက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဒီတပ်တော်ထဲမှာ ကွန်မြူနစ် သူလျှိုတွေ ပွထနေပါတယ်လို့ စွပ်စွဲပါတော့တယ်။ ဒီစွပ်စွဲချက်တွေ မမှန်ကြောင်း လျိုယွမ်လင်ကလည်း သူ့ကိုယ်သူ ကာကွယ်ရပေမယ့် ကျန်ကျင်းကော်က မှတ်ချက် တခွန်းမှ မပေးပါဘူး။ နောက်တရက်မှာ သူက ယီးဖူအန်းနဲ့ အမှတ် (၂) ဌာနကြီးက နိုင်ငံရေးအရာရှိကို ခေါ်ပြီး လှေတတန်၊ ကားတတန်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်ကို သွားပါတယ်။ ဒေါသထွက်နေပုံပေါက်တဲ့ ကျန်ကျင်းကော် က စကားတခွန်းမှ မပြောဘဲ ထိုင်ပြီး လိုက်လာတယ်။ မယ်ဆိုင်ကို ရောက်တာနဲ့ ချက်ခြင်းပဲ အဲဒီနိုင်ငံရေးအရာရှိကို စူးစူးစိုက်စိုက်ကြည့်ပြီး ရာထူးက ဖြုတ်ပစ်လိုက်ပါတယ်။ သူနဲ့ ယီးဖူအန်း တို့ ကားနဲ့ ဘန်ကောက်ကို ဆက်ထွက်လာကြပြီး အဲဒီကနေ ခရီးသည်တင် လေယာဉ်နဲ့ပဲ ထိုင်ပေကို ပြန်လာကြတယ်။

ထိုင်ပေရောက်တော့ ဒီဇင်ဘာ ၃၀ ရက် ညစာစားပွဲမှာ ကျန်ကျင်းကော်က မြန်မာနိုင်ငံမှာရှိတဲ့ သူတို့တပ်တွေ ရှိရာကို သူ ၁၀ ရက်ကြာ သွားခဲ့တဲ့ အကြောင်း သံအမတ်ကြီး ဒရမ်ရိုက်ကို ပြန်ပြောပြတယ်။ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ သစ်တောတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပြီး အလျား ၁၃၅ ကီလိုမီတာ (၈၃ မိုင်) နဲ့ အနံ ၂၅ ကီလိုမီတာ (၁၅ မိုင်ခွဲ) လောက် ကျယ်တယ်။ လမ်းဆိုတာ မရှိသလောက်ဘဲ။ အဲဒီနယ်မြေရဲ့ လူဦးရေ တဝက်ဟာ “ရှေးကျတဲ့” လူမျိုးစုတွေ ဖြစ်ကြတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းက တိုက်ပွဲတွေ အကြောင်း ပြောတဲ့အခါမှာ က တရုတ်ဖြူတပ်တွေဟာ သာလွန်အင်အားနဲ့လာတဲ့ ရန်သူကို ရင်ဆိုင်ရမယ့်အစား ဟုတ်တိပတ်တိ မခုခံဘဲ ဆုတ်ခွာခဲ့ကြကြောင်း ကျန်ကျင်းကော် က ရှင်းပြတယ်။ မြန်မာဘက်က ဝင်တိုက်တာ မတွေ့ရပေမယ့် မြန်မာတပ်တွေဟာ အပေါ့စား တင့်ကားတွေနဲ့ တရုတ်ဖြူ ထိန်းချုပ်ဒေသရဲ့ အနောက်ဘက်တလျှောက် သွားလာနေတယ်လို့ ဆိုပါတယ်။ ယူနန်နယ်စပ် ဒေသ အတော်များများမှ တိတ်ဆိတ် ငြိမ်သက်နေပေမယ့် တရုတ်နီနဲ့ မြန်မာတပ်တွေ ပူးတွဲ ကင်းလှည့်နေတာတော့ ရှိတယ်။ တရုတ်ဖြူတပ်တွေက လာအို အာဏာပိုင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်၊ လာအို နိုင်ငံမှာ သူတို့ကို ပံ့ပိုးနိုင်တဲ့ အင်္ဂါရပ်တွေ ရှိတယ် ဆိုတာကို ကျန်ကျင်းကော်က ဝန်ခံပါတယ်။ သုံးနိုင်ငံ နယ်စပ်ဒေသမှာ ရှိတဲ့ တရုတ်ဖြူတပ်တွေကို ထိုင်ပေက ထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်က သဘောမကျဘူး ဆိုတာကို ဒရမ်ရိုက်က ထပ်လောင်း ပြောပြတဲ့အခါ ကျန်ကျင်းကော်က “ခနဲ့တဲ့တဲ့ ပြုံး” ပြီး မကြာသေးခင်က လာအိုနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ အခြေအနေ မကောင်းအကြောင်းကို ပြောပါတယ်။ ပထိတ်လာအို သူပုန်အဖွဲ့က အင်အားကြီးထွားလာတဲ့အကြောင်းနဲ့ ဒီဇင်ဘာလတုန်းက ဖူမိ နိုဆဗန် က ဝိန်းကျန်မှာ အာဏာသိမ်းတဲ့ အကြောင်းတွေကို ရည်ညွှန်းပြီးတော့ ယူနန် အပျော်တမ်းတပ်တော် ဟာ ရှေ့လျှောက် ဘယ်လို အသုံးဝင်နိုင်မလဲဆိုတာကို အရိပ်အမြွက်ပြောပါတယ်။

လာအိုနိုင်ငံနဲ့ တရုတ်ဖြူ လေကြောင်းမှ ထောက်ပံ့ရေး လမ်းကြောင်း

၁၉၆၀ နိုဝင်ဘာလမှာ တရုတ်နီတပ်က လျိုယွမ်လင်ရဲ့ တပ်ကို တိုက်တဲ့အချိန်ဟာ လာအိုနိုင်ငံမှာလည်း အဖေတူ အမေကွဲ ညီအကိုတွေဖြစ်ကြတဲ့ ကြားနေဝါဒီ မင်းသား ဆန်ဗန်န ဖူမနဲ့ ပထိတ်လာအို ခေါင်းဆောင် မင်းသား ဆုဖန်နုဝုန်း တို့ ဦးဆောင်ကြတဲ့ ညွန့်ပေါင်းအစိုးရ ပြိုကွဲပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ၁၉၅၉ ဩဂတ်လ အမျိုးသားလွှတ်တော်မှာ လက်ယာဝါဒီတွေ တင်သွင်းတဲ့ အယုံအကြည်မရှိ အဆို အနိုင်ရရှိသွားပြီးတဲ့နောက် ဆူဗန်နဖူမ နေရာမှာ ဖွီ ဆနနီကွမ်း က ဝန်ကြီးချုပ် ဖြစ်လာတယ်။ ဗီယက်နမ် စစ်ကူတွေပါတဲ့ ပထိတ်လာအိုအဖွဲ့တွေ အစိုးရတပ်ဖွဲ့က တိုက်ခိုက်တာ အနိုင်အရှုံး မပေါ်တဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒီဇင်ဘာလမှာတော့ ဖွီ က နုတ်ထွက်သွားပါတယ်။ ၁၉၆၀ ဧပရယ်လ ရွေးကောက်ပွဲ အပြီး လက်ယာဝါဒီ အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဖူမိ နိုဆဗန် က ကာကွယ်ရေးဝန်ကြီး ဖြစ်လာပါတယ်။ အစိုးရသစ်က ပထိတ်လာအိုအဖွဲ့ကို ဆက်တိုက်ပါတယ်။ ၁၉၆၀ ဩတ်လမှာ လေထီးတပ်က ကြားနေသမား ဖြစ်တဲ့ ဗိုလ်ကြီး ကောင်လယ် က ဝိန်းကျန်မြို့ကို သိမ်းပိုက်လိုက်ပြီး ပထိတ်လာအိုအဖွဲ့နဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ဆူဗန်န ဖူမ ကို တာဝန်ပေးရန် လာအိုဘုရင်ကို နားချစည်းရုံးပါတယ်။

၁၉၆၀ စက်တင်ဘာလမှာ ဖူမိ နိုဆဗန် က သူ့နိုင်ငံရေး မဟာမိတ် မင်းသား ဘွန်အွန်း နာ ချမ်ပါဆက် နဲ့ ပေါင်းပြီး လာအိုနိုင်ငံ တောင်ပိုင်းမှာ တော်လှန်ရေးကော်မတီ တခု ဖွဲ့ပြီး ဆူဗန်န ဖူမ ကို စိန်ခေါ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ထိုင်းနိုင်ငံက စီအိုင်အေ လေ့ကျင့်ပေးထားတဲ့ ထိုင်းရဲ ကွန်မင်ဒိုတပ်ဖွဲ့က ကျောထောက်နောက်ခံပေးထားလို့ ၁၉၆၀ ဒီဇင်ဘာလမှာ ဖူမိ နိုဆဗန် က ကောင်လယ် ဆီက အာဏာကို သိမ်းယူနိုင်ခဲ့တယ်။ လာအိုဘုရင်ကလည်း ဘွန်အွန်း ကို ဝန်ကြီးချုပ်ခန့်ပြီး ဖူမိ ကို ကာကွယ်ရေးဝန်ကြီး ခန့်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်မှာ ဖူမိ ရဲ့ တပ်ဖွဲ့တွေက ဝိန်းကျန်ကို သိမ်းပိုက်တော့ ဆူဗန်န ဖူမ က ကမ္ဘောဒီးယားကို ထွက်ပြေးသွားပါတယ်။ ကောင်လယ် ကတော့ သူ့တပ်ဖွဲ့တွေနဲ့ လာအို အရှေ့မြောက်ပိုင်းကို ထွက်သွားတယ်။ ဒေါသထွက်နေတဲ့ ဆူဗန်န ဖူမ က ပထိတ်လာအိုအဖွဲ့နဲ့ မဟာမိတ် နောက်တခါ ပြန်ဖွဲ့ကြပြီး ဖူမိ နိုဆဗန်ကို ပြန်တိုက်ပါတယ်။2

ဆိုဗီယက် အထောက်အပံ့နဲ့ မြောက်ဗီယက်နမ်က “အကြံပေး” တွေ အလုံးအရင်း လာအိုနိုင်ငံထဲကို ဝင်ရောက်လာပြီး မကြာပါဘူး ကွန်မြူနစ်တပ်ဖွဲ့တွေက နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကို စိုးမိုးထားနိုင်ပါတော့တယ်။ ၁၉၆၁ နှစ်ဦးပိုင်းမှာ ဘွန်အွန်း အစိုးရအဖွဲ့ရဲ့ လာအိုဘုရင့်တပ်မတော်က ဝိန်းကျန်နဲ့ လာအိုနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်။ အရင်က လာအိုအမျိုးသားတပ်မတော် ဆိုတဲ့ နာမည်ကို ဖူမိ က လာအိုဘုရင့်တပ်မတော်လို့ နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ မဟာဗျူဟာအရ အရေးပါတဲ့ ကျောက်အိုးလွင်ပြင် အပါအဝင် နိုင်ငံရဲ့ ကျန်တဲ့ဒေသတွေကို ကွန်မြူနစ်နဲ့ ကြားနေသမားတွေက သိမ်းပိုက်ထားပါတယ်။ အစိုးရ ထိန်းချုပ်တဲ့နယ်မြေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။

လျိုယွမ်လင်ရဲ့ တရုတ်ဖြူတပ်နဲ့ ထိုင်ပေ ကို ကွန်မြူနစ် ဆန့်ကျင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တပ်အင်အားနဲ့ စစ်လက်နက်ပစ္စည်းတွေ အတွက် ရပေါက်ရလမ်း အနေနဲ့ ဖူမိ က မြင်ပါတယ်။ ၁၉၆၀ ဒီဇင်ဘာလ ကျန်ကျင်းကျော် မိုင်းပါလျိုးကို လာတုန်းက ဝိန်းကျန်မှာ တထောက်နားတဲ့အခါ ဖူမိ နိုဆဗန် နဲ့ တွေ့ပြီး လာအိုနိုင်ငံရဲ့ စစ်ရေးအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်ပေက သူ့ယူနန် အပျော်တမ်းတပ်တော်ကို မြန်မာနိုင်ငံမှာပဲ ဦးစားပေးထားချင်ပေမယ့် အခြေအနေအရ မောင်းထုတ်ခံရတော့မယ့် အနေအထားကို ရောက်နေပါပြီ။ တကယ်လို့ လိုအပ်မယ်ဆိုရင် ယူနန် အပျော်တမ်း တပ်တော်က လာအိုနိုင်ငံထဲ ရွှေ့လာနိုင်ကြောင်း ဖူမိ က သဘောတူပါတယ်။

၁၉၆၀ ဂျူလိုင်လတုန်းက လျိုယွမ်လင်ရဲ့ တပ်ကို အထူးတလယ် ထောက်ပံ့ပေးနိုင်ဖို့အတွက် ဝိန်းကျန်မြို့ ဝတ်တိုင်း လေဆိပ်မှာ တရုတ်ဖြူလေတပ်ပိုင် သယ်ယူပို့ဆောင်ရေး/ ကုန်တင် လေယာဉ် သုံးစီး ချထားပါတယ်။ ဒီအစီအစဉ်ဟာ ဩဂတ်လမှာ ကောင်လယ် က ရုတ်တရက် အာဏာထသိမ်းလိုက်လို့ ရပ်သွားရပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလမှာ ဖူမိနဲ့ လက်ယာဝါဒီတွေ ဝိန်းကျန်ကို ပြန်ထိန်းချုပ်နိုင်တဲ့အခါ တရုတ်ဖြူလေတပ်က လေယာဉ်တွေက ဝတ်တိုင်း လေဆိပ်ကနေ မြန်မာနိုင်ငံက ယူနန် အပျော်တမ်းတပ်တော်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည် စတင် ပို့ပေးခဲ့တယ်။ လေယာဉ်တွေကို ထိုင်ဝမ်းပိုင် လေကြောင်းလိုင်းဖြစ်တဲ့ ချိုင်းနားအဲယားလိုင်မှာ မှတ်ပုံတင်ထားတယ် ဆိုပေမယ့် ယီးဖူအန်း ရဲ့ အမှတ် (၃၄) အထူးစစ်ဆင်ရေးလေယာဉ်အုပ်ကသာ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ တရုတ်ဖြူလေတပ်က လေယာဉ်တွေဟာ ဝတ်တိုင်းလေဆိပ်ကို အသုံးပြုပြီး ထောက်ပံ့ရေးပစ္စည်းတွေး ပို့ဆောင်နေတာကို လာအိုနိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ ဗေဟာ အားကတ် အတွက် လေယာဉ် “ငှား” ပေးတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

တရုတ်ဖြူ ယူနန်အပျော်တမ်းတပ်တော် အတွက် ၁၉၆၀ အတွင်း ပို့ပေးတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်းတွေဟာ အမေရိကန် စစ်ရေးအကူအညီပေးရေး အစီအစဉ်ကနေ ထိုင်ပေကို ပေးအပ်ထားတဲ့ ပစ္စည်းတွေထဲကနေ တရားမဝင် ထုတ်ယူပြီး လမ်းလွှဲ ပေးပို့ခဲ့တာ ဖြစ်ပါလို့ ထိုင်ပေက ဝါရှင်တန်နဲ့ သဘောတူညီထားတာတွေကို ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။ ဒီလို လက်နက်တွေကို လမ်းကြောင်းလွှဲ ပို့ပေးခဲ့တာဟာ ဝါရှင်တန် အတွက်တော့ နိုင်ငံခြားရေး မူဝါဒ အချိန်ကိုက်ဗုံး ထပေါက်ကွဲတာပဲ ဖြစ်ပါတယ်။ သုံးနိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ သူ့တပ်ဖွဲ့တွေကို ထိုင်ပေက တခြားနည်းလမ်းတွေနဲ့ ထောက်ပံ့ပေးခဲ့တာတွေထက် “ထိုင်ဝမ်းမှာ ရှိတဲ့ [အမေရိကန်က ထောက်ပံ့ထားတဲ့ စစ်သုံး] ပစ္စည်းတွေ” ကို ယူပြီး လေကြောင်းကနေ “ပြန်လည် ထောက်ပံ့တဲ့ လုပ်ရပ်ဟာ” အရှေ့တောင်အာရှဒေသက “အမေရိကန်ပြည်ထောင်စု အကျိုးစီးပွား အတွက် ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှု” ဖြစ်စေပြီးတယ်လို့ ဆိုပါတယ်။

၁၉၆၀ ဒီဇင်ဘာလနဲ့ ၁၉၆၁ ဇန်နဝါရီလ အတွင်း ယီးဖူအန်းရဲ့ အမှတ် (၃၄) အထူးစစ်ဆင်ရေး လေယာဉ်အုပ် ဟာ ဘန်ကောက်မှာ ဆီဖြည့်ပြီးတော့ မိုင်းပါလျိုးသို့  တပ်တွေနဲ့ လက်နက်တွေကို ပုံမှန်ပို့ပေးခဲ့ပါတယ်။ ဘန်ကောက်က အမေရိကန် သံအမတ်ကြီး ယူ အဲလက်ဆစ် ဂျွန်ဆင် က ဒီခရီးစဉ်တွေကို ဝါရှင်တန်က သိနေပြီဖြစ်လို့ တားဆီးပေးဖို့ ထိုင်းတွေကို ပြောပါတယ်။ ထိုင်းတွေ စိတ်မပူရအောင် ယီးဖူအန်း က ထိုင်းနိုင်ငံ အထက်ပိုင်းက လူသိပ်သတိမထားမိတဲ့ လေယာဉ်ကွင်းတွေမှာ ဆီဖြည့်နိုင်ဖို့ အဆိုပြုတယ်။ ဝန်ကြီးချုပ် ဆရစ် က ဒီအဆိုပြုချက်ကို ငြင်းပယ်လိုက်တယ်။ ဒါပေမယ့် သံသယ ရှိစရာကောင်းတဲ့ ပျံသန်းမှု စီမံချက်တွေနဲ့ လာတဲ့ တရုတ်ဖြူ လေယောဉ်တွေဟာ “စက်ချို့ယွင်း” တယ်ဆိုပြီး ခဏခဏ ဘန်ကောက်က တွမ်းမုန်း လေဆိပ်ကို ဆင်းခွင့်တောင်းပြီး ဆက်ပျံသန်းသွားတာကိုတော့ ခွင့်ပြုလိုက်တယ်။

၁၉၆၀ ဒီဇင်ဘာ ၁၆ ရက်မှာ အရှေ့အာရှဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး က သံအမတ်ကြီး ဂျော့ယဲ့3ကို နိုင်ငံခြားရေးဌာနကို လာဖို့ ဆင့်ခေါ်ပါတယ်။ သုံးနိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ သူ့တပ်တွေအတွက် အင်အားဖြည့်ပေးနေတာကို ထိုင်ပေက ရပ်ဖို့၊ အမေရိကန်က ပေးထားတဲ့ စစ်ရေးအကူအညီ ပစ္စည်းတွေကို တဆင့်ပြန်ပို့ပေးနေတာကို ရပ်ဖို့၊ အနည်းဆုံးတော့ မကြာခင်ကမှ မြန်မာနိုင်ငံကို ပို့လိုက်တဲ့ တရုတ်အမျိုးသားတပ်မတော် အထူးတပ်ဖွဲ့ကို ပြန်ရုတ်သိမ်းဖို့ ပြောပါတယ်။ ဝါရှင်တန်ရဲ့ တောင်းဆိုချက်ကို ထိုင်ပေဆီ ပြန်တင်ပြပေးပါ့မယ်လို့ ယဲ့ က ကတိပေးလိုက်ပါတယ်။ ထောက်ပံ့ရေး လေယာဉ်တွေ ဆက်လက်ပျံသန်းနေပြီးပါတယ်။ သီတင်းပတ် အနည်းငယ်အတွင်းမှာတော့ ကျိုင်းလပ်နဲ့ မိုင်းပါလျိုး ကနေ တရုတ်ဖြူတပ်တွေ ဒရောသောပါး ဆုတ်ခွာကြလို့ အမေရိကန် ထောက်ပံ့ထားတဲ့ လက်နက်နဲ့ ပစ္စည်းတွေ အမြောက်အမြားကို မြန်မာ့တပ်မတော်က သိမ်းဆည်းရမိတဲ့အခါ အမေရိကန် စစ်ရေးအကူအညီပေးရေး အစီအစဉ်က ပစ္စည်းတွေ လမ်းလွှဲရောက်သွားတာ ဘွားဘွားကြီး ပေါ်ပေါက်လာပါတော့တယ်။

မြန်မာဘက် စစ်ဆင်ရေးတွေ

နိုဝင်ဘာ ၂၂ ရက်က အငိုက်ဖမ်းတိုက်ခိုက်တာကလွဲလို့ တရုတ်နီတပ်တွေ ယူနန်ပြည်နယ်ဘက်ကို ပထမတခေါက် ပြန်သွားခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်က ကြီးကြီးမား စစ်ဆင်တိုက်ခိုက်တာကို မတွေ့ရပါဘူး။ ၁၉၆၀ နိုဝင်ဘာ ၂၀ ရက်နေ့ လားဟူ4 ပြည်သူ့စစ်တွေ လိုက်ပါကူညီပေးနေတဲ့ မြန်မာ့တပ်မတော် တပ်ရင်း တရင်းက မိုင်းယောင်း အနီး ကီလိုမီတာ ၂၀ “အနီရောင်မျဉ်း” အလွန်မှာ ကတုတ်ကျင်းတွေ အခိုင်အမာနဲ့ နေရာယူထားတဲ့ ကျုံ့ချိန်ရဲ့ စစ်ကြောင်း5ကို ဝင်တိုက်ပါတယ်။ မြန်မာစစ်တပ်က မွန်းလွဲချိန်အထိ တိုက်ခိုက်ခဲ့ပေမယ့် တရုတ်ဖြူ တပ်တော် (၂) က စစ်ကူတွေ ချဉ်းကပ်လာတဲ့အခါမှာ ပြန်ဆုတ်ခွာခဲ့ရတယ်။

ရံဖန်ရံခါ ထိတွေ့တိုက်ခိုက်ကြတာပဲရှိပြီး မြန်မာစစ်တပ်က ဒီဇင်ဘာလလယ်ရောက်အောင် စောင့်ပြီးမှ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို စတင်ခဲ့တယ်။ ကျိုင်းတုံ-တာချီလိတ် ကားလမ်းကြီး မိုင်းဖြတ်ရဲ့ တောင်ဘက် [တာလေ] ကနေ ဖြာထွက်သွားတဲ့ လမ်းကြမ်းအတိုင်း အရှေ့ဘက်ကို တက်ရှင်းကြတယ်။ ဒီလမ်းကြမ်းဟာ မိုင်းလင်း၊ မိုင်းပါလျိုးနဲ့ ကျိုင်းလပ်ဘက်ကို ဦးတည်တဲ့လမ်းဖြစ်တယ်။ အစပိုင်းမှာ မြန်မာစစ်တပ်က အောင်မြင်မှု အနည်းငယ်ရပေမယ့်  မိုင်းပါလျိုးရဲ့ အနောက်ဘက် ၁၅ မိုင်လောက်မှာရှိတဲ့ မိုင်းလင်း အနီးမှာ တရုတ်ဖြူ အထူးတပ်ဖွဲ့က အသေအခြာ တည်ဆောက်ထားတဲ့ ခံစစ်စခန်းကို ရှေ့နားမှာ ရပ်ထားလိုက်ရတော့တယ်။

မဲခေါင် စစ်ဆင်ရေးကို ၁၉၆၁ ဇန်နဝါရီ ၈ ရက်မှာ ပြန်စတဲ့အခါ မိုင်းပါလျိုးကိုရောက်ဖို့ အတွက် မြန်မာ့တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီး ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲတယ်။ မြန်မာစစ်သား ၁,၅၀၀ ဟာ လေကြောင်းပစ်ကူနဲ့ အမြောက်ပစ်ကူတွေနဲ့ မိုင်းလင်း အပြင်ဘက် နမ့်ကွန်က ရှချောင်းရဲ့ ဌာနချုပ် အနီးမှာ ခံစစ်ယူထားတဲ့ အထူးတပ်ဖွဲ့ကို နိုင်အောင် မတိုက်ခိုက်နိုင်ဘူး။ ဇန်နဝါရီ ၁၀ ရက်မှာ တိုက်ပွဲတွေ ပြန်စပါတယ်။ တရုတ်ဖြူတွေ အာရုံစိုက်အောင် အရင်တခေါက်က အတိုင်း ရှေ့တည့်တည့်ကနေ ဝင်တိုက်ထားပြီး မြန်မာစစ်တပ်က တရုတ်ဖြူတပ်ရဲ့ ဘယ်ဘက်ကို ထပ်ဝင်တိုက်ပါတယ်။ တိုက်ပွဲက ညအထိ ဆက်ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး အထိအခိုက် များခဲ့ပါတယ်။ နောက်တနေ့ မနက်မှာ တရုတ်ဖြူ အထူးတပ်ဖွဲ့က မိုင်းလင်းကို စွန့်လွှတ်ပြီးတော့ အနားက နမ့်ကွန်မှာ ဆက်ပြီး အခြေပြုထားပါတယ်။ ဒါမှလည်း မိုင်းပါလျိုးကို သွားမယ့်လမ်းကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာတပ်ရဲ့ ညာဘက်စစ်နံကို တိုက်ဖို့ လ အထူးတပ်ဖွဲ့က လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) နဲ့ သွားပူးပေါင်းတဲ့အခါ လျိုယွမ်လင်က နမ့်ကွန်က အခြေပြုနေရာတွေကို ဆက်ထိန်းထားဖို့ ထိုင်ပေက ညွှန်ကြားပါတယ်။ တပြိုင်တည်းမှာပဲ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) က မြန်မာစစ်တပ်ရဲ့ အဓိက ထောက်ပံ့ရေး စခန်းဖြစ်တဲ့ မိုင်းဖြတ်ကို ဝင်တိုက်ပါတယ်။ တရုတ်ဖြူတွေက မိုင်းဖြတ်စခန်းရဲ့ အစိတ်အပိုင်း အတော်များများကို ခဏလောက် ဝင်ထိန်းထားနိုင်ပေမယ့် ပြန်တိုက်ထုတ်ခံရပါတယ်။ ဒါ့ကြောင့် မိုင်းလင်းကို ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ တပ်တော် (၃) နဲ့ သွားပေါင်းကြပါတယ်။ တပ်တော် (၃) ကလည်း အမိန့်ပေးထားတဲ့အတိုင်း ပြန်ပြီး မတိုက်ခိုက်နိုင်လို့ မြန်မာတပ်က မိုင်းလင်းကို ဆက်ထိန်းထားလိုက်ပါတယ်။

ဇန်နဝါရီ ၁၇ ရက် ကနေ ၂၃ ရက်အထိ တရုတ်ဖြူ အထူးတပ်ဖွဲ့ဟာ နမ့်ကွန်နားက ခံစစ်စခန်းမှာ ဆက်နေပြီး မြန်မာစစ်တပ်ဘက်က အမြောက်နဲ့ပစ်တာ၊ ခြေလျင်တပ်နဲ့ ဝင်တိုက်တာတွေကို ဆက်ခုခံတိုက်ထုတ် နိုင်ပါတယ်။ လာရောက်တိုက်ခိုက်တဲ့ မြန်မာတပ်တွေထက် တရုတ်ဖြူတပ်တွေက အရေအတွက်အရ ပိုအင်အားများတဲ့အပြင် လက်နက်လည်း ပြည့်စုံပါတယ်။ အသာစီးရတဲ့ မြေပြင်အနေအထားမှာ အခိုင်အမာ ခံစစ်ယူထားတဲ့အပြင် အတွင်းပိုင်း ဆက်သွယ်ရေးကလည်း ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ရှိတဲ့ မြန်မာတပ်တွေဟာ တရုတ်ဖြူတွေကို မတိုက်ထုတ်ပစ်နိုင်ပါဘူး။

တရုတ်နီတပ်တွေ တကြော့ပြန် ဝင်ရောက်တိုက်ခိုက်ခြင်း

တရုတ်ဖြူ ယူနန် အပျော်တမ်းတပ်တော်ရဲ့ ခံစစ်စည်းကို မထိုးဖောက်နိုင်တဲ့ မြန်မာစစ်တပ်ကဟာ ပေကျင်းဘက်ကို လှည့်အကူအညီတောင်းရပါတော့တယ်။ အဲဒီအချိန်တုန်းက မြေတိုင်းအဖွဲ့တွေနဲ့အတူ တရုတ်နီတပ်တွေ မြန်မာနိုင်ငံ အတွင်းမှာ ရာဂဏန်းလောက် ရှိနေဆဲ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းမှာ မြန်မာနဲ့ တရုတ်နီတပ် အရာရှိတွေ မိုင်းယု အနားမှာ တွေ့ကြတယ်။ တရုတ်နီတပ်တွေ မြန်မာနိုင်ငံကို ပြန်ဝင်လာမယ်၊ ကီလိုမီတာ ၂၀ “အနီရောင်မျဉ်း” ကို ဖြတ်လာပြီး မိုင်းပါလျိုးနဲ့ ကျိုင်းလပ် ကို မြောက်ဘက်က တိုက်ပေးမယ်လို့ သဘောတူကြတယ်။ တပြိုင်နက်တည်းမှာပဲ မြန်မာစစ်တပ်ကလည်း မိုင်းလင်းကနေ မိုင်းပါလျိုးနဲ့ ကျိုင်းလပ်က တရုတ်ဖြူစခန်းတွေ ရှိတဲ့ အရှေ့ဘက်ကို ဆက်တိုက်မှာ ဖြစ်ပါတယ်။

နောက်သုံးရက်မှာ တရုတ်နီတပ်တွေက ကျိုင်းလပ် အရှေ့မြောက်ဘက်က မဲခေါင်မြစ်ကမ်းဘေး ဆုပ်ယောင်း စစ်ဌာနချုပ် ခံစစ်တွေကို ဝင်တိုက်ပါတယ်။ တရုတ်ဖြူ တပ်တော် (၂) ဟာ သူတို့ဘက်က ကြိုတင်ပြင်ဆင်ထားတဲ့ ခံစစ်နဲ့ တရုတ်နီတပ်တွေကို ရင်ဆိုင်ပါတယ်။ အသာစီးရတဲ့ မြေပြင်အနေအထားမှာ နေရာယူထားပေမယ့် ကျယ်ပြန့်တဲ့နယ်မြေမှာ ကွက်ပြည့် ဖြန့်ထားဖို့တော့ လူနည်းနေပါတယ်။ နေရာကောင်းတွေမှာပဲ စုပြီး သီးခြားစီ ခုခံတိုက်ခိုက်ရတာဖြစ်လို့ တရုတ်နီတပ်က တရုတ်ဖြူတွေကို ကျိုင်းလပ်ဘက် မောင်းထုတ်နိုင်လိုက်တယ်။ ဇန်နဝါရီ ၂၅ ရက်မှာ နောက်ထပ် တရုတ်နီ စစ်ကြောင်း တခုက တောင်ဘက်ကို ဆင်းလာပြီး မိုင်းယောင်း ကတဆင့် ကျိုင်းလပ်နဲ့ မိုင်းပါလျိုး ဘက် ချီတက်ပါတော့တယ်။ ကျိုင်းလပ်မှာက ရှချောင်းရဲ့ အထူးတပ်ဖွဲ့က နေရာယူထားပြီး မိုင်းပါလျိုးမှာက လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) က နေရာယူထားပါတယ်။

လျင်မြန်လှတဲ့ တရုတ်နီတပ်တွေဟာ မိုင်းပါလျိုး လေယာဉ်ကွင်းကို ဦးတည်လာတဲ့အခါ လျိုယွမ်လင်က  မဲခေါင်မြစ်ဖြတ်ကူးပြီး ဆုတ်ခွာဖို့ ဗိုလ်ချုပ်တယောက်ကို အမိန့်ပေးလိုက်တယ်။ ထိုင်ပေကို မတိုင်ပင်လိုက်ပါဘူး။ အထူးတပ်ဖွဲ့၊ တပ်တော် (၁)၊ တပ်တော် (၂)၊ တပ်တော် (၄) နဲ့ တပ်တော် (၃) ရဲ့ အစိတ်အပိုင်း တချို့ဟာ ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီမှာ လာအိုနိုင်ငံဘက်ကို စတင်ဆုတ်ကြပါတယ်။ တညလုံးဆုတ်ကြပါတယ်။ နောက်တနေ့ မနက် ၈ နာရီမှာ တရုတ်နီတပ် ရှေ့ပြေးတပ်ဖွဲ့တွေ မြစ်ကမ်းဘေးကို ရောက်လာပါတယ်။ နောက်ဆုံးထွက်ခွာသွားတဲ့ လှေတွေကို လိုက်ပစ်နိုင်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ ဆုတ်ခွာသွားတဲ့ တရုတ်ဖြူ အင်အားဟာ စစ်သားနဲ့ မှီခိုသူ စုစုပေါင်း ၇,၀၀၀ လောက် ရှိပြီး မဲခေါင်မြစ်ရဲ့ လာအိုဘက်ကမ်းကို ရောက်နှင့်သူတွေနဲ့ သွားပေါင်းကြပါတယ်။

ဆုတ်ခွာလာတဲ့ တရုတ်ဖြူတပ်တွေကို ဖူမိ နိုဆဗန်နဲ့ ထိုင်ဝမ်း အမျိုးသားလုံခြုံရေးဗျူရိုရဲ့ အမှတ် (၂) ဌာနကြီး (ထောက်လှမ်းရေး) ရဲ့ အကြီးအကဲ တရုတ်အမျိုးသားတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ဟွမ်တေမေ တို့ရဲ့ သဘောတူညီချက်အရ လာအိုနိုင်ငံက လက်ခံပါတယ်။ သူတို့ရဲ့ သဘောတူညီချက်မှာ လျိုယွမ်လင်ရဲ့ တပ်တွေ မဲခေါင်မြစ်ကမ်း လာအိုဘက်ခြမ်း ၅၀ ကီလိုမီတာ အကျယ် တောင်ဘက်အစွန်ဆုံး ဘန်ဟွေဆိုင်း အထိပါတဲ့ နယ်မြေအတွင်းမှာ စခန်းချနိုင်ဖို့ ခွင့်ပြုပေးဖို့လည်းပါတယ်။ အပြန်အလှန်အနေနဲ့ ယူနန် အပျော်တမ်းတပ်တော်ဟာ ဖူမိ ကို ကူညီပြီး သူ့ပြိုင်ဘက် ကွန်မြူနစ်တွေကို တိုက်ခိုက်ပေးရမှာ ဖြစ်ပါတယ်။

တပ်တော် (၅) နဲ့ တပ်တော် (၃) အစိတ်အပိုင်း တချို့ကလွဲရင် သူ့တပ်တွေ အများစုဟာ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ သူတို့ရဲ့ ဘိန်းတွေကို လာအိုဘက်မှာ လုံလုံခြုံခြုံထားပြီးသား ဖြစ်ပါတယ်။ လျိုယွမ်လင် က ဘန်ကွမ်မှာ ဌာနချုပ် အသစ် ထပ်တည်ဆောက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ကျန်ခဲ့တာကတော့ ထိုင်းနယ်စပ် အနားက လွယ်တုံးမှာ ရှိတဲ့ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) နဲ့ မိုင်းဖုန်း အနီးမှာ ရှိတဲ့ လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) တို့ပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်း အနီးတဝိုက်မှာ မာချွန်းကော် ဦးစီးတဲ့ တရုတ်ဖြူ စစ်သား ၂၀၀ လောက်လည်း ကျန်ခဲ့တယ်။

မြန်မာနိုင်ငံ ပိုင်နက်ထဲ ရောက်နေတဲ့ တရုတ်နီတပ်တွေဟာ ပေကျင်းနဲ့ ရန်ကုန် အတွက် နိုင်ငံရေး ဝန်ထုပ်ဝန်ပိုး တခု ဖြစ်နေပါတယ်။ ဒီတပ်တွေအကြောင်း လူမသိခင်မှာ နှစ်ဖက်စလုံးက တရုတ်ပိုင်နက်အတွင်း ပြန်သွားစေချင်ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာနဲ့ တရုတ်နီ တပ်အရာရှိတွေဟာ မိုင်းယုမှာ တွေ့ကြပြီး တရုတ်နီတပ်တွေ တပတ်အတွင်း မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ သဘောတူကြပါတယ်။ သူတို့တာဝန်ပြီးဆုံးသွားတဲ့နောက် တရုတ်နီတပ်တွေဟာ သူတို့သိမ်းပိုက်ထားတဲ့ တရုတ်ဖြူ စခန်းတွေကို နောက်မှ ရောက်လာတဲ့ မြန်မာတပ်တွေလက်ထဲ လွှဲပြောင်းပေးပြီး ယူနန်ကို ပြန်ကြပါတယ်။ အဲဒီအတောအတွင်း ရန်ကုန်မှာ ရှိတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံက စစ်သံမှူးတွေဟာ စစ်မြေပြင်ကို သွားရောက်ကြည့်ရှုခွင့်ရဖို့ တောင်းဆိုကြပါတော့တယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာ နိုင်ငံခြားစစ်သံမှူးတွေ မိုင်းပါလျိုးနဲ့ ကျိုင်းလပ် “စစ်မြေပြင်” ကို သွားရောက် ကြည့်ရှုနိုင်ဖို့ အတွက် မြန်မာစစ်တပ်က စီစဉ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အရိပ်အယောင် အနည်းငယ်လောက်ကိုပဲ တွေ့ရလို့ ဒီစခန်းနှစ်ခုကနေ တရုတ်ဖြူတွေ ဆုတ်ခွာသွားပြီးမှ မြန်မာတွေက အလွယ်တကူ သိမ်းပိုက်ရရှိတာလို့ စစ်သံမှူးတွေက သုံးသပ်ကြပါတယ်။ မိုင်းပါလျိုးမှာ မြန်မာစစ်တပ်က အခြေပြမြေပုံကြီးတချပ်ကို ပြပြီး အသေးစိတ် ရှင်းပြပါတယ်။ မိုင်းလင်း အနောက်ဘက်က မြန်မာတပ်တွေ ချီတက်တိုက်ခိုက်တာကို အသေးစိတ် ပြသထားပါတယ်။ ဒါပေမယ့် မြောက်ဘက်က တိုက်ခိုက်တာတွေကိုတော့ မြှားအကြီးကြီး သုံးခုနဲ့ပဲ ရှင်းရှင်းလေး ပြထားပါတယ်။ ဗိုလ်မှူးကြီး ထွန်းစိန် အစား ရောက်လာတဲ့ အမှတ် (၉) ခြေမြန်တပ်မဟာမှူး အသစ်ကို အမေရိကန် စစ်သံမှူးက မြောက်ဘက်က ဝင်ရောက်တိုက်ခိုက်တဲ့ အကြောင်း မေးပါတယ်။ အဲဒီအရာရှိက မှင်တက်နေပြီးတော့ မြန်မာတပ်တွေ အနောက်တောင်ဘက် ချဉ်းကပ်တိုက်ခိုက်ခဲ့တဲ့ အကြောင်းကလွဲလို့ တခြား ဘာမှ မပြောနိုင်ပါဘူး။ သူက နောက်မှရတဲ့ စိတ်ကူးနဲ့ မြန်မာစစ်ကြောင်း သုံးကြောင်းက မြောက်ဘက်က ဆင်းလာတယ်ဆိုတာ ထည့်ပြောပြီးနောက် နောက်ထပ် စကားမပြောဖြစ်အောင် ရှောင်ပါတော့တယ်။ ကျိုင်းလပ်မှာ စစ်သံမှူး တယောက်က ရုရှားပုံစံ လက်နက်နဲ့ ပစ်ခတ်ရတဲ့ ကျည်ခွံ တခုကို ကောက်လိုက်ပြီးတော့ ဒီဟာနဲ့ ဆုတ်ခွာနေတဲ့ တရုတ်ဖြူတွေကို လှမ်းပစ်တာလားလို့ မေးပါတယ်။ မြန်မာတပ်နဲ့ တရုတ်ဖြူတပ်က အသုံးမပြုတဲ့ ကျည်ဆန် အကြောင်းနဲ့ ပတ်သက်လို့ အခုနက ရှင်းပြတဲ့ အရာရှိက ဘာမှ မဖြေနိုင်ပါဘူး။ လျိုယွမ်လင် လာအိုဘက်ကို ဆုတ်သွားပြီလို့ ထိုင်ပေက စစ်ဦးစီးချုပ် ဖုန်မုန့်ချီ သိလိုက်ရတာနဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ၂၉ ရက်အထိ အမိန့်တွေ တသီတတန်းကြီး ထုတ်ပြီးတော့ လျိုယွမ်လင် အနေနဲ့ သူ့တပ်တွေကို မဲခေါင်မြစ် အရှေ့ဘက်ကမ်း လာအိုဘက်ခြမ်းမှာ ပြန်စုဖွဲ့ဖို့၊ ယူနန် အပျော်တမ်းတပ်တော်ရဲ့ လှုပ်ရှား နယ်မြေကို ချဲ့ထွင်ဖို့၊ ပျောက်ကြားနည်းသုံးပြီး ကွန်မြူနစ်တွေနဲ့ မြန်မာတပ်တွေကို ရင်ဆိုင်ပြီး သုံးနိုင်ငံ နယ်စပ်ဒေသကို ထိန်းချုပ်ဖို့ ညွှန်ကြားပါတော့တယ်။ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ တပ်တော် (၅) နဲ့ တပ်တော် (၃) အစိတ်အပိုင်းတွေကိုတော့ ထိုင်ပေက တွမ့်ရှီးဝင် ကွပ်ကဲမှုအောက်မှာထားခိုင်းလိုက်ပြီး ကျိုင်းတုံ-တာချီလိတ် ကားလမ်း အနောက်ဘက်ကို ထိန်းချုပ်ထားဖို့နဲ့ လာအိုဘက်အထိ တရုတ်ဖြူတပ်တွေကို လိုက်မတိုက်အောင် မဲခေါင်မြစ် တလျှောက်က မြန်မာတပ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးပါတယ်။ မြန်မာဘက်က အဲဒီလို လိုက်လံတိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိတာမို့လို့ ဒုတိယအမိန့်က မလိုအပ်ဘူးဆိုတာ ထင်ရှားပါတယ်။ တရုတ်နီတပ်တွေ ကျိုင်းတုံ-တာချီလိတ် ကားလမ်း အနောက်ဘက်က သူ့တပ်တွေကို လာတိုက်မှာပဲ ကြောက်နေတဲ့ တွမ့်ရှီးဝင်ဟာ အဲဒီအမိန့်တွေ အားလုံးကို လစ်လျူရှုထားလိုက်တယ်။ တာချီလိတ် အနီးမှာရှိတဲ့ လွယ်တုံးက သူ့တပ်တော် (၅) ကို ထိုင်းနိုင်ငံ မြောက်ပိုင်းထဲကို ရွှေ့ပါတယ်။ တရုတ်နီတပ်က နောက်ထပ် လိုက်တိုက်တာမျိုးလည်း ဖြစ်မလာပါဘူး။

အောက်ခြေမှတ်စုများ

  1. နမ့်ယောင်းချောင်းဝ၊ မဲခေါင်မြစ်ထဲ စီးဝင်တဲ့နေရာ၊ ဘာသာပြန်သူ
  2. ၁၉၆၁ နွေဦးမှာတော့ ကောင်လယ် က ကျောက်အိုးလွင်ပြင် (Plaine des Jarres) နဲ့ ကျိုင်းခွင် ကို သိမ်းပိုက်လိုက်ပါတယ်။
  3. အရင် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဂျော့ ယဲ့ကုန်းချောင်း က သူ့ကို တရုတ်သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်လွှာကို သမ္မတ အိုင်စင်ဟောင် ဆီ ၁၉၅၈ စက်တင်ဘာလ ၉ ရက်က ပေးအပ်ခဲ့ပါတယ်။
  4. လားဟူတွေဟာ အများအားဖြင့် မြန်မာ့တပ်မတော်နဲ့အတူ လက်တွဲပြီး ရှမ်းတွေကို တိုက်ခိုက်ဖို့ လိုလားကြတယ်။ သူတို့ဟာ မြန်မာတွေကို တိုက်ဖို့ဆိုပြီး တရုတ်ဖြူတွေဆီက လက်နက်တွေယူပြီး သင်တန်းတွေ တက်ခဲ့ကြဖူးတယ်။
  5. ကျုံ့ချိန်ရဲ့ စစ်ကြောင်းဟာ လာအိုက ယူနန် အပျော်တမ်းတပ်တော်ကို လာရောက် ပူးပေါင်းခဲ့တဲ့ တခြား တရုတ်ဖြူအုပ်စုတွေလိုပဲ မြန်မာနိုင်ငံကို ပြောင်းရွှေ့မလာခင် ၁၉၅၄ အထိ အင်ဒိုချိုင်းနားမှာ တိုက်ခိုက်ခဲ့ကြတယ်။ ပြင်သစ်နဲ့ မဟာမိတ်လုပ်ခဲ့တဲ့ အဖွဲ့တွေ အတော်များများ လျိုယွမ်လင်ရဲ့တပ်နဲ့ လာပေါင်းကြတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar