Breaking News

မိုးမခကဗျာ - ထွန်းဝင်းငြိမ်း '' ရုံးထွက် ''

မိုးမခကဗျာ
အောက်တိုဘာ ၁၁၊ ၂၀၂၁

'' ရုံးထွက် ''
ထွန်းဝင်းငြိမ်း

“သခင်
လိုရာဆုတောင်းပါ”
“သိက္ခာ"
“အဲဒါ အလကား မရဘူးကွ”
“ဖျောင်း”
အာလာဒင်ရဲ့
မီးခွက်စောင့်နတ်ဘီလူး
နရင်းကျင်းတာ ခံလိုက်ရတဲ့
ပီတာဇော်မြင့်ရဲ့
သရော်စာကို
သတိရမိတယ်။
သိက္ခာဆိုတာ
ယူရို၊ ဒေါ်လာ စတဲ့
အသပြာတွေ မဟုတ်ဘူး။
သိက္ခာဆိုတာ
ချွေးသိပ်စရာ
ရွှေဘယ်နှပိဿာနဲ့
မဆိုင်ဘူး။
သိက္ခာဆိုတာ
ဇာတ်တူသား
စားသူအတွက်
အရေးအကြောင်းမှာ
ရောင်းစားစရာ
မဟုတ်ဘူး။
သိက္ခာဆိုတာ
ပြည်သူတရပ်လုံးအတွက်
ခိုင်မာတဲ့ ရပ်တည်ချက်ကနေ
စီးဆင်းလာတဲ့ တိကျတဲ့
ပိုင်းဖြတ်ချက်ဖြစ်တယ်။
အဲဒါပါပဲ။
နွေဦးကို
မယုံကြည်သူအတွက်
ရောင်နီကို လမ်းခွဲခဲ့တာ
အံ့သြစရာတော့
မရှိပါဘူး။

(၁၀၊ ၁၀၊ ၂၀၂၁)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar