Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၉ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၁

PDF တွေရဲ့ ချိတ်ဆက်စုစည်းမှုနဲ့ NUG ရဲ့ စစ်ရေးဦးဆောင်မှု 
ပြည်သူ့ကာကွယ်ရေးတပ် လို့ ခေါ်တဲ့ PDF ဆိုတဲ့စကားလုံးက စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို စစ်ရေးအရ ဆန့်ကျင်တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ ဒေသအလိုက် လက်နက်ကိုင်အဖွဲ့တွေလို့  ယေဘုယျအားဖြင့် ပြောနိုင်ပြီး PDF လို့ဆိုလိုက်ရင် ဘယ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတယ်လို့ တိတိကျကျ မဆိုနိုင်ပဲ PDF ဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့မဆို ခံယူနိုင်တဲ့ တဖွဲ့ထက်ပိုတဲ့ အမည်နာမတခုဖြစ်လာပါတယ်။ NUG ကဖွဲ့စည်းထားတဲ့အဖွဲ့အမည်ကလည်း  PDF ပဲဖြစ်ပြီး မြို့အလိုက် ရွာအလိုက်၊ ဒေသအလိုက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း  PDF ပဲလို့ခေါ်ဆိုပြီး PDF ဆိုတဲ့အမည်ရှေ့မှာ ဒေသအမည်တွေကို ပေါင်းစပ်ခေါ်ဝေါ်ကြတာမျိုး ဖြစ်လာပါတယ်။ ဥပမာ ခင်ဦး PDF ၊ ရွှေဘို PDF လိုမျိုး မွန် PDF ၊ ယော PDF စသဖြင့် ခေါ်ဝေါ်ကြပြီး ဒီအခေါ်အဝေါ်ကြောင့် အဖွဲ့အစည်းတခုခုရဲ့ အမိန့်ပေးမှုအောက်မှာရှိတယ်ဆိုတဲ့သဘောတော့ မဟုတ်ဘူးလို့ ဆိုရပါမယ်။ 

စစ်ကောင်စီကို ခုခံတိုက်ခိုက်တာတွေဟာ ဘယ်အဖွဲ့ကလုပ်သည်ဖြစ်စေ ဒီနွေဦးတော်လှန်ရေး ဘက်တော်သားလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဒီဘက်ကအင်အားစုလို့ သတ်မှတ်ယူဆနိုင်ပါတယ်။ အရင့်အရင် ဆယ်စုနှစ်နဲ့ချီ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း ယေဘုယျအားဖြင့် နွေဦးတော်လှန်ရေးရဲ့ ဘက်တော်သားတွေလို့ ဆိုရမှာပါ။ 

သို့သော် နောက်တဆင့်တက်ပြီးစဥ်းစားကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီကို စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့ ဖြုတ်ချဖို့ တိုက်ပွဲမှာ အင်အားပိုကောင်းဖို့, မဟာဗျူဟာ နည်းဗျူဟာအားဖြင့် ထိရောက်တဲ့တိုက်ပွဲတွေ ဖြစ်လာဖို့ မဟာမိတ်၊ စုစည်းမှု၊ ပေါင်းစည်းမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အမိန့်ပေးမှုတခုထဲအောက်လိုမျိုးမှာ ရှိနိုင်ရင် အင်အားအကောင်းဆုံး အားသာချက်အရှိဆုံး အခြေအနေဖြစ်မယ်လို့ ယူဆပါတယ်။ 

ခုလက်ရှိအခြေအနေကတော့ အဲလိုအခြေအနေမျိုးမဟုတ်သေးပါဘူး။ NUG အစိုးရသည်ပင်လျင် PDF ကို ဖွဲ့စည်းထားပြီးဖြစ်ပေမယ့် အခြေခံဒေသ တည်ဆောက်နိုင်တဲ့အနေအထားမဟုတ်သေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတခု (သို့မဟုတ်) တခုထက်ပိုတဲ့ဒေသတွေမှာ PDF ကိုဖွဲ့စည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့  စစ်ရေးကျွမ်းကျင်မှုဆိုင်ရာသင်တန်းအကူအညီ၊ လုံခြုံရေး အကာအကွယ်အကူအညီတွေကို ရယူနေထိုင် လှုပ်ရှားနေကြရတဲ့သဘောလည်း ဖြစ်ပါတယ်။ 

မြို့အလိုက် ကျေးရွာအလိုက် PDF တွေထွက်ပေါ်လာကြရာမှာ စစ်ကောင်စီတပ်တွေရဲံ လက်နက်နဲ့ အနိုင်ကျင့်မှု သတ်ဖြတ်မှု လုယက်မှုတွေကို မခံမရပ်နိုင်ဖြစ်ကြရာက မိမိတို့ ကျေးရွာ၊ မြို့အလိုက် ဆက်သွယ်စုစည်း ဖွဲ့စည်းခဲ့ကြတာမို့ ဒီလိုအဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ရေး၊ NUG နဲ့ ချိတ်ဆက်ရေးတွေမှာ နားလည်မှု၊ ယုံကြည်မှု၊ အကူအညီ ထောက်ပံ့မှုတွေလည်း ရှိဖို့လိုအပ်တာနဲ့ လုံခြုံရေးအရ စိတ်ချရတဲ့ ဆက်သွယ်မှုတွေအပေါ်မူတည်ပြီး ချိတ်ဆက်မှု ပူးပေါင်းဆောင်ရွက်မှုနဲ့ အင်အားစုစည်း လှုပ်ရှားမှုတွေ ဖြစ်လာနိုင်မယ့်သဘောလည်း ဖြစ်ပါတယ်။ 

အခုတွေးကြည့်တဲ့ အချက်အလက်တွေအပြင် တိုင်းရင်းသားဒေသတွေမှာ ပေါ်ထွက်လာတဲ့ PDF တွေနဲ့ ပတ်သက်ရင် ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဌါန်းခွင့် စတဲ့ နိုင်ငံရေးရည်မှန်းချက် NUG ရဲ့ လက်ခံမှု အဲဒီမူပေါ် အခြေခံတဲ့ဆက်ဆံရေးဆိုတာလည်း ထည့်သွင်းစဥ်းစားစရာရှိလာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်လိုဒေသတွေမှာ ဒေသ PDF တွေနဲ့ NUG အကြား ဆက်ဆံရေးမှာ အထက်က နိုင်ငံရေး ရည်မှန်းချက် ရည်ရွယ်ချက်လည်း ထည့်သွင်းစဥ်းစားစရာ ရှိမှာ ဖြစ်ပါတယ်။ 

လတ်တလော အဖြစ်အပျက်တွေကို ကြည့်တဲ့အခါ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း အထက်ပိုင်းနဲ့ မန္တလေးတိုင်း အချို့ဒေသတွေက PDF တွေ အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်ဆောင်ရွက်မှုတွေက ဖြည်းဖြည်းချင်း ပုံပေါ်လာနေတဲ့သဘောမျိုးတွေ့ရပြီး အားလုံး အချိန်ကိုက်လှုပ်ရှားမှုတွေ သဘောမျိုးမတွေ့ရသေးတာလည်း ဖြစ်ပါတယ်။ 

အဲဒီဒေသတွေမှာ တိုက်ပွဲကို ဘယ်တော့စမလဲလို့ စဥ်းစားဆုံးဖြတ်နိုင်တဲ့အခြေအနေမျိုးမဟုတ်တော့ပဲ တိုက်ပွဲက လိုအပ်ချက်အရ စတင်နေနှင့်ပြီး ဖြစ်နေပါတယ်။ ကျန်တဲ့ဒေသတွေမှာ တိုက်ဖို့အဆင်သင့်မဖြစ်သေးတာ၊ လက်နက်တပ်ဆင် စစ်ရေးအတွေ့အကြုံမရှိသေးသူတွေကို သင်တန်းပေးတာတွေ လုပ်နေရဆဲဖြစ်ပေမယ့် အထက်က ဒေသတွေမှာတော့ တိုက်ပွဲထဲရောက်နေပြီးမှ ထပ်ပြီး လက်နက်တပ်ဆင်တာ လေ့လာသင်ယူတာ လက်တွေ့တိုက်ပွဲက သင်ယူရတာမျိုး ဖြစ်နေတာတွေ့ရပါတယ်။ 

NUG အနေနဲ့ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကိုလိုက်နေရတဲ့သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မိမိဘက်မှာ အဆင်သင့်မဖြစ်သေးခင်မှာပဲ နိုင်ငံရဲ့ ဒေသအချို့မှာ အဖြစ်အပျက်တွေက သူ့သဘောနဲ့ သူဖြစ်ပျက်နှင့်ပြီး ဖြစ်နေတာပါ။ 

သို့ပေမယ့်လည်း အခုနွေဦးတော်လှန်ရေးလို့ ခေါ်ဆိုကြတဲ့ နိုင်ငံရေးတိုက်ပွဲဟာ အစောပိုင်းကလို လမ်းပေါ်က တောင်းဆိုမှုတွေ ဆန္ဒပြမှုတွေမဟုတ်တော့ပဲ လက်နက်နဲ့ သူသေကိုယ်သေ တိုက်ပွဲအဆင့်ကို ရောက်နေနှင့်ပြီး ဖြစ်တာကြောင့် လက်တွေ့အဖြစ်အပျက်ကို အပြင်ပကတိအခြေအနေကို လိုက်မှီအောင် ကြိုးစားပြီး စစ်ရေးအရ အားကောင်းဖို့ ထိရောက်မှုရှိဖို့ဆို စီမံအမိန့်ပေးမှု တခုထဲအောက်ရောက်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ အမြန်ဆုံး နည်းလမ်းရှာဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar