Breaking News

မိုးမခအက်ဆေး - မြင့်အေး '' ကျောက်ဇကွဲပန်းလေးတွေပွင့်နေပြီ ''

မိုးမခအက်ဆေး
အောက်တိုဘာ ၁၁၊ ၂၀၂၁

'' ကျောက်ဇကွဲပန်းလေးတွေပွင့်နေပြီ ''
 မြင့်အေး

အရီးလေးသန်းခင် ဒီနေ့စျေးသွားရသည်။ သွားရဆို လယ်စိုက်ချိန်မို့  ကောက်စိုက်သမတွေကိုကျွေးဖို့ လက် ဖက် ကွမ်း ဝယ်ရမှာမို့လား။ မိုးတွင်းသာဆိုရတယ်၊ ပူလိုက်တဲ့နေ။ စျေးအပြန်လမ်းတဝက်က သရက်ပင်ကြီးအောက်မှာ ခဏအနားဖြေရင်း ဆေးလိပ်လေး ဖွာနေမိတယ်။ အသက်လေးဆယ်ကျော် လယ်သူမကြီးတယောက်ဖြစ်နေတဲ့သူ့ကိုတော့ တရွာလုံးက အရီးလေးလို့ပဲခေါ်ကြတယ်။ သူကလည်း မိဘတွေမရှိတော့တဲ့အချိန်ကစလို့ လယ်နဲ့ယာကို ဦးစီးခဲ့ရတာမို့လား။ ဘယ်သူမှမရွေးကောက်ပေမယ့် အပျိုခေါင်းဖြစ်နေတာကြာခဲ့ပေါ့။ ရွာမှာလည်း သူ့ထက်အသက်ကြီးတဲ့အပျိုကြီးဆိုတာမှမရှိတာ။ တရွာလုံးရဲ့အလှူ မင်္ဂလာဆောင်တွေဆိုတာ သူ မစီမံခဲ့တာမရှိ။ ငယ်ရွယ်သတွေအပျိုတွေကလည်း သူ့ကိုတော့ ချစ်ကြောက်ရိုသေကြတယ်။ အလှူရှင်၊ မင်္ဂလာရှင်တွေကလည်း သူ့လက်ထဲ အစစလွှဲလိုက်တာပဲ။ 

 ”ရော့..အရီးလေးလည်းဘုရားပန်းတင်လို့ရအောင် ကျုပ်အများကြီးခူးလာတယ်”

 သရက်ပင်ကြီးနဲ့မလှမ်းမကမ်း ခြုံတွေထဲက တောပန်းတွေခူးလာတဲ့ အေးရီမက သူ့ကိုပေးလိုက်တာပါ။ ကျောက်ဇကွဲပန်းနံ့လေးက ခပ်အီအီသင်းပျံနေတယ်။ အင်း ကျောက်ဇကွဲပန်းတောင်ဘုရားမတင်ဖြစ်တာကြာ ပါပေါ့လား။ ခုတော့ဒီတောပန်းလေးတွေက အရမ်းရှားနေပြီလေ။ ရွာနီးချုပ်စပ်လည်း တောမှမရှိတော့တာ။ ရွာမှာလူဦးရေကသာတိုးလာတာ။ လယ်မြေက တိုးလာတာမဟုတ်တော့ အရင်က နွားစားကျက်တွေလည်း လူတွေက ခုတ်ထွင်ပြီး စိုက်ပျိုးမြေလုပ်ပစ်လိုက်ကြတာမို့ လား။ ခုဆိုမိုးတွင်းမှာ နွားကျောင်းစရာစားကျက်မြေမရှိတော့။ သူတို့ငယ်ငယ်ကဆိုရင်တော့ ဂျို့အင်းကုန်းကြီးက နွားစားကျက်ကြီးလေ။ မကျည်းပေါက်ခြုံတွေ၊ ဆေးပုလဲပင်တွေ၊ နဗူးပင်တွေကြား ပဒတ်တွေလည်းပေါမှပေါ။ ကင်းပုံ၊ ဖျံ ၊ မှို၊သက်ရင်းကြီးတို့ဆိုတာလည်း နွားကျောင်းရင်း အိမ်မှာ တခါစားဆိုတာများ ပြန်ခါနီး ဟိုခြုံကဆွဲ ဒီခြုံကဆွဲဆိုရတာပဲ။ ခုတော့တောတွေပြုန်းလို့ ရာသီဥတုကလဲ နှစ်တိုင်းဖောက်ပြန်နေတော့တာပဲ။ တော်ပါသေးတယ်။ သူတို့ဆီကလယ်တွေက မြို့နဲ့လည်းအလှမ်းဝေး ဘာဘာညာညာတွေလည်းမထွက်လို့ပေါ့။ တခြားနယ်တွေမှာ စစ်တပ်ကမြေတွေသိမ်းလို့ လယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ကြသတဲ့။

 ဒီကျောက်ဇကွဲပန်းလေးတွေမြင်မှ ငယ်စဉ်က ကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေကို သတိယမိပြန်တယ်။ သူငယ်ချင်းတွေဆိုတာထက် သူ့ကိုပိုသတိယမိပြန်တယ်။ သူတို့တွေမူလတန်းတက်တဲ့ အချိန်တုန်းက ဟောဒီသရက်ပင်ကြီးအောက်မှာ ခြုံတွေက အပြည့်ပဲ။ ခုလို ထိုင်ပြီးနားလို့ဘယ်ရမှာလည်း။ ပြီးတော့ဒီခြုံတွေပေါ်မှာ ကျောက်ဇကွဲပန်းတွေက ပေါမှပေါ။ အဲကျောက်ဇကွဲပန်းတွေနဲ့အတူ ခါချဉ်တွေလည်းသိပ်ပေါတယ်။ တနှစ်တော့ သူတို့တွေကျောင်းကအပြန် ကျောက်ဇကွဲပန်းတွေ အလုအယက်ခူးကြတယ်။ ဘအေးက သူ့ခေါင်းပေါ်မှာကျောက်ဇကွဲပန်းတွေ တထွေးကြီးလာတင်ပေးတယ်။ ပြီးတော့ အရူးမကြီးမပွင့်နဲ့တူတယ်ဟေ့ဆိုပြီး တခြားသူတွေက  ဝိုင်းရီကြတယ်။ ဖြစ်ချင်တော့ ကျောက်ဇကွဲပန်းတွေနဲ့အတူ ခါချဉ်တအုံပါလာတော့ သူ့ကို ဝိုင်းကိုက်ကြတာပေါ့။ သူ့မှာခေါင်းပေါ်ကပန်းတွေပုတ်ချ၊ ငိုလည်းငို ပြာယာခတ်နေတာမြင်တော့ ဘအေးရယ်လေ သူ့ဆီအတင်းပြေး လာပြီး ခေါင်းပေါ်က ကျောက်ဇကွဲပန်းတွေရော ခါချဉ်တွေရောခါချပေးရင်း သူ့ကိုတောင်း ပန်တယ်ပြီးတော့ ”ဥုံဖွ..ချီးတုံးမတ်တပ်ထ” ဆိုပြီး သူရီအောင်လုပ်တယ်။ 

 ဒီလိုနဲ့ လေးတန်းအောင်တော့ သူက ကျောင်းဆက်မတက်တော့။ ဘအေးကတော့ ဆက်တက်တယ်။ အရွယ်လေးတွေရောက်တော့ တယောက်ကို တယောက်ကြည့်ရင်းရင်ခုန်ခဲ့ကြတယ်။ မျက်လုံးချင်းစုံတိုင်း သာယာခဲ့ကြတယ်။ သူကတော့ ကျောင်းသွားတဲ့လမ်းကို တနှစ်နေလို့တခါမရောက်တော့။ လယ်ထဲယာထဲ မိဘတွေကူရင်း တောင်သူလုံးလုံးဖြစ်ခဲ့တယ်။ ဘအေးကတော့ ကျောက်ဇကွဲပန်းတွေပွင့်တဲ့ အချိန်ရောက်တိုင်း သူ့ကို အနည်းဆုံးတနှစ်တခါတော့ သူကျောင်းကပြန်လာတိုင်းကျောက်ဇကွဲပန်းလေးတွေယူလာပေးတတ်တယ်။ သူကလည်း ဒီကျောက်ဇကွဲပန်းလေးတွေကို ဘုရားမှာတင် ကျန်တာတွေကို တယုတယပန်ဆင်ခဲ့တယ်။ သူတို့နှစ်ဦးရဲ့ မေတ္တာကို ကျောက်ဇကွဲပန်းလေးတွေနဲ့ သက်သေတည်ခဲ့တယ်။ တနေ့မှာတော့ သူနဲ့ ဘအေးတို့ ကျောက်ဇကွဲ ပန်းလေးတွေရစ်ခွေပြီး ခေါင်းမှာပန်ဆင်ထားသလို ဆုံဆည်းနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ 

 ဘဝဆိုတာ ကြိုမြင်နိုင်တာမှမဟုတ်တာပဲ။ ဘအေးက (၁၀)တန်းအောင်တော့ ရန်ကုန်မှာကျောင်းသွား တက်တယ်။ ဒါဟာသူတို့ ကွဲကွာဖို့ အစပျိုးခဲ့တာပါပဲ။ အဲဒီအချိန်ကတဲက သူလည်းကျောက်ဇကွဲပန်းလေးတွေမပန် ဖြစ်တော့။ ဘအေးကတော့ ဟိုး..တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့ (၈၈)က တောခိုသွားတယ်လို့ တရွာလုံးက ပြောကြတယ်။ သူကတော့ ဘအေးတယောက်တနေ့ရွာကို ပြန်ကိုလာမှာပဲ သူ့ကိုလည်းကျောက်ဇကွဲ ပန်းလေးတွေပေးမှာပဲလို့ ထာဝရ ယုံကြည်နေခဲ့မိတယ်။ ဒါကြောင့် ဘအေးပြန်မတွေ့မခြင်းကျောက်ဇကွဲပန်းလေးတွေ ကို မပန်တော့ဘူးလို့ သူဆုံးဖြတ်ထားခဲ့တယ်။ 

 ရွာမှာလည်းလူတွေကြပ်တည်းလိုက်ကြတာ တနှစ်မှ ပြေလည်တယ်မရှိဘူး။ သူကတော့ လယ်ရှိနေလို့ ခံသာပေမဲ့ လယ်မရှိတဲ့သူတွေ ၊ ကြပ်ကုန်းမြေပဲရှိတဲ့သူတွေက ခုလိုမိုးတွင်းဆိုရင် ကြပ်တည်းလိုက်ကြတာ ဦးဘိုးမြကြီးပြောသလို ” ဝါးလုံးခေါင်းထဲ ဆင်ဝင်ရသလိုပဲ”။ အင်းသူများတွေပြောတာတော့ ဘအေးတို့ကျောင်းသား တွေ ဦးနေဝင်းကြီး လယ်သမားတွေဆီက စပါးတွေကို မတရားသိမ်းနေတာ မကြိုက်လို့ သူပုန်ထကြတာတဲ့။ သူကတော့ ပြောချင်လိုက်တာ ” ဘအေးရေ..ခုအစိုးရတွေက ပိုဆိုးတာဟဲ့.. လယ်လည်းသိမ်းတယ်၊ မြေလည်းသိမ်းတယ်။ နင်ရှိတုန်းက ဆန်တပြည် (၅) ကျပ်ဖြစ်လို့ ဒို့တရွာလုံးနီးပါး ဆန်ပြုတ်သောက်ခဲ့ကြရတဲ့ နှစ်ရှိခဲ့တယ်။ ခုတော့ တနိုင်ငံလုံးက တောသူတောင်သားအများစု ဆန်ပြုတ်သောက်နေကြရပြီဟဲ့”။ 

 တလောကလည်း ကျောင်းသားတွေဆန္ဒပြလို့ အရိုက်ခံ အဖမ်းခံကြရတယ်ကြားတယ်။ အင်း ..ဒီပုံအတိုင်းနဲ့တော့ ဘအေးတို့ ရွာပြန်လာနိုင်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် လူဆိုတာ မသေသ၍တော့ မျှော်လင့်ချက်ဆိုတာရှိတာပဲမဟုတ်လား။ အတွေးတွေက တောင်ရောက်မြောက်ရောက်ဖြစ်နေတုန်း...

 ”အရီးလေး ကျောက်ဇကွဲပန်းတွေပေးနေတာ ဘယ်ငေးပြီး ဘာတွေတွေးနေတာလဲ””   ”အရီးလေးမယူတော့ပါဘူး အေးရီရယ်.. အိမ်မှာလည်း  မနေ့ကမှ ခတ္တာတွေဘုရားပန်းလဲထားတယ်”

 မြင့်အေး
Ma 22,n 2015 
 Oslo, Norway 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar