Breaking News

မိုးမခကဗျာ - ခိုင်မာကျော်ဇော '' စစ် နဲ့ စစ် ''

Photo - Crd
မိုးမခကဗျာ
အောက်တိုဘာ ၁၂၊ ၂၀၂၁

'' စစ် နဲ့ စစ် ''
ခိုင်မာကျော်ဇော 


အသားကျပုံ ရိုင်းချက်က 
သေနတ်သံနဲ့ မျက်နှာ မသစ်ရရင်ပဲ 
တခုခု ဟာနေသလိုလို
ရွာထဲမှာ 
ဒီနေ့ မွဟင်းခါး ဘယ်နှစ်ပွဲရောင်းရလဲလို့
သတင်းဆာရတာလည်း 
မိရိုးဖလာ ဖြစ်ဖြစ်လာတယ်။ 

ခေတ်အခါအရ စစ်နာကျ ရသူတွေပါ
ဩကာသရွတ်တဲ့ အမေတွေဆီက
မအလ မြန်မြန်သေပါစေဆိုတဲ့ အသံတွေ ကြားရတာ 
ရင်ဘတ်ကြီးထဲက အောင့်အောင့်ပြီးတော့နာတယ်။

အဖြစ်တွေက
စစ်ကြီးကို ကိုယ်ရည်စစ်နိုင်မှ
အိုးနဲ့ အိမ်ဟာ
ဇစ်တချောင်းလို့ ပေါင်းဆုံရမယ့် အဖြစ်တွေ။

အခုတော့ဖြင့် 
အိုးကတခြား အိမ်ကတခြား
ရွာက တခြား ရွာသားက တခြား
နိုင်ငံကတခြား နိုင်ငံခေါင်းဆောင်ကတခြား
တခြား တခြား 
တခြား တခြား 
တခြား တခြား
တခြား တခြား
တခြားတခြား
တခြား တခြား
တခြား တခြား ဖြစ်သွားတာတွေ သီလို့မှ မကုန်ပဲ။ 

ကောင်းကင်ပေါ်မှာ ခုန်တက်သွားတဲ့ 
ကြယ်စင်တွေလည်း အများကြီးပါပဲ 
ကြယ်စင်ကြယ်မြတ်တလုံးစီရဲ့  
နာမဝိသေသနကို ရွတ်ဆိုရတိုင်း
ဘယ်ဘက်ရင်အုံဟာ ကဆုန်စိုင်းတဲ့ မြင်းရိုင်းကြီးတကောင်ဖြစ်လို့
ဘယ်စစ်ပွဲက လှပစွာ ခင်းကျင်းပြသကြလို့လဲ 
ဒါပေမယ့်လည်း 
ငါတို့ ကိုင်တဲ့ဓားဟာ သစ္စာတရား
ငါတို့ ရပ်တဲ့စည်းဟာ ဓမ္မစည်း
ငါတို့စစ်ဟာ စစ်တယ်။ 

ကျော်မကောင်း ကြားမကောင်း
ခေတ်ကောင်းဖို့ ခေါင်းကိုပစ်ဆိုတော့လည်း
ပစ်တဲ့ခေါင်းကို မှန်အောင်ပစ်ဖို့ကလည်း
ငါတို့ တာဝန်ဖြစ်လာတယ်။ 

အောက်တိုဘာ ၁၁၊ ၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar