Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၉)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၉)
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၁

• မြန်မာတရုတ်ကုန်သွယ်မှု 
မြန်မာပြည်သူကြား တရုတ်တို့ဩဇာကျဆင်းနေသော်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရကြား ဆက်ဆံရေးသည် ၁၉၉၀ ခုနှစ်မှစ၍ နဝတ/နအဖ အစိုးရ၊ ဦးသိန်းစိန်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရ စသည့် အစိုးရလက်ထက်တိုင်းတွင် ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ မြန်မာ-တရုတ်ဆက်ဆံရေးတွင် အဓိကကျသည်မှာ စီးပွားရေးဆက်ဆံမှုဖြစ်သည်။  နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာလည်း တိုးတက်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးပမာဏ ဒေါ်လာသန်းပေါင်း ၅၀၀၀ ကျော်အပါ နှစ်နိုင်ငံကြား ပုံမှန်ကုန်သွယ်သည့်ပမာဏ ဘီလျံနှင့်ချီ၍ရှိခဲ့သည်။

နယ်စပ်၌ မှောင်ခိုကုန်သွယ်ရေးပမာဏများပါထည့်တွက်ပါက ပိုများနိုင်သည်။ မည်သို့ဆိုစေ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးသည်လည်း နှစ်နိုင်ငံအတွက်သာမက နယ်စပ်ဒေသပြည်သူများအတွက် အကျိုးရှိခဲ့သည်။ နယ်စပ်ဒေသတလျောက်ရှိ မူစယ်၊ လွယ်ဂျယ်၊ ကန်ပိုင်တီ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များ စည်ကားနေခဲ့သည်။ 
  
မြန်မာတရုတ်ကုန်သွယ်မှုတွင် မြန်မာဖက်ကအဓိကပို့ကုန်များမှာ လယ်ယာထွက်သီးနှံများ၊ ရေထွက်ကုန်များ၊ ကျောက်စိမ်းနှင့်တွင်းထွက်သယံဇာတများဖြစ်သည်။ တရုတ်ဖက်မှ ပြန်လည်တင်သွင်းသည်မှာ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ စက်မှုထုတ်ကုန်များနှင့် အခြားပစ္စည်းများဖြစ်သည်။ ဤနေရာတွင် နှစ်နိုင်ငံကုန်သွယ်မှုတွင် အခြားပြသနာများရှိသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုကတော့ မဖြစ်မနေလုပ်ရမည်ဆိုသည်ကိုတော့ နှလုံးသွင်းရန်လိုအပ်သည်။ တရုတ်ပြည်သည် လူဦးရေသန်းထောင်ချီသည့်ကြီးမားကျယ်ပြန့် သော ဈေးကွက်ကြီးဖြစ်သည်။ အမေရိကန်၊ ဂျပန်၊ ဥရောပ၊ ရုရှားစသော နိုင်ငံပေါင်းများစွာသည်  တရုတ်ဈေးကွက်တွင်ဝင်ရောက်လျက်ရှိသည်။ ကြီးမားသောပမာဏကို အရောင်းအဝယ်ပြုလျက်ရှိသည်။ တရုတ်နှင့်နိုင်ငံတကာအရေးကိစ္စများတွင် အငြင်းပွါးမှုဖြစ်စေကာမူ စီးပွါးရေးအရ တရုတ်ဈေးကွက်စွန့်လွှတ်သွားသူမရှိပေ။

မြန်မာတို့အတွက် ကြီးမားကျယ်ပြန့်သောတရုတ်ဈေးကွက်ကြီးအနီးတွင် တည်ရှိနေသည်ဖြစ်ရာ ထိုအခွင့်အ လမ်းကို ဆုပ်ကိုင်ထားရန်လိုအပ်သည်။ အနီးအနားတွင် ကပ်ရက်ရှိသောဈေးကွက်ကြီးကို ကျောခိုင်းသည်ဆိုပါက မိုက်မဲရာရာရောက်ပေလိမ့်မည်။ ထိုအခြေအနေပေါ်မှ မိမိအကျိုးရှိသည့်အခြေအနေကို ဖန်တီးယူရမည်သာဖြစ်သည်။ 

မြန်မာပြည်တွင်းသို့ဝင်ရောက်သည့် တရုတ်ကသွင်းကုန်များနှင့်ပတ်သက်၍ အများသိသည့်အတိုင်း အရည် အသွေးပိုင်းနိမ့်သည်ဟု ဆိုနိုင်သည်။ အမေရိက၊ ဥရောပ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများကထုတ် လုပ်သည့်ပစ္စည်းများက အရည်အသွေးမြင့်သည်ဟု အများကလက်ခံကြသည်။ သို့သော် ပြသနာမှာ ဈေးနှုံးကွာခြားမှုဖြစ်သည်။ မြန်မာပြည်အခြေခံလူတန်းစားအများစု၏ ဝင်ငွေနိမ့်ပါးသည် အရည်အသွေးကောင်းပြီး ဈေးနှုံးမြင့်မားသည့်ပစ္စည်းများကို သုံးစွဲနိုင်ခြင်းမရှိကြ။ သို့ဖြစ်ရာ တရုတ်ပစ္စည်းများက အရည်အသွေးနိမ့်ပါးသော်လည်း ဈေးနှုံးက အခြေခံလူတန်းစားများအတွက် အဆင်ပြေခဲ့သည်ကို တွေ့ရသည်။ ယခုနောက်ပိုင်း တရုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားလာသည့်အချိန်တွင်လည်း မြန်မာပြည်တွင်း အခြေခံလူတန်းစားများဝယ်ယူနိုင်သည့် ဈေးနှုံးကိုချိန်၍ အရည်အသွေးနိမ့်ထုတ်လုပ်ပေးရန် မြန်မာကုန်သည်များဖက်ကတောင်းဆိုပြီး တင်သွင်းမှုပြုသည်ကို တွေ့ရသည်။  မြန်မာ-တရုတ်ကုန်သွယ်ရေးသည် အခြေခံအားဖြင့် မြန်မာပြည်အခြေခံလူတန်းစားများအတွက် အပြန်အလှန်အကျိုးရှိသည့်အခြေအနေတွင်ရှိသည်ဟု ဆိုနိုင်သည်။ ဤသို့ဆို၍ ဖြေရှင်းရန်လိုအပ်သည့် ပြသနာများမရှိဟု မဆိုလိုပါ။
 
• မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ 
၂၀၁၀ ခန့်တွင် မြန်မာပြည်၌ တရုတ်အစိုးရကုမ္ပဏီကြီးများ၏ ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများကို တွေ့မြင်လာရသည်။ လက်ပတောင်းတောင် ကြေးနီစီမံကိန်း၊ တကောင်းနီကယ်ထုတ်လုပ်မှုနှင့် နီကယ်စက်ရုံ၊ ကျောက်ဖြူ-ရွှေလီ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ မြစ်ဆုံရေအားလျပ်စစ်စီမံကိန်း စသည့် လူသိများသည့် ရင်းနှီးမြှုပ်နှံ မှုများကိုတွေ့ရှိရပြီး မြစ်ဆုံစီမံကိန်းမှအပ ကျန်စီမံကိန်းအားလုံးလည်ပတ်နေပြီဖြစ်သည်။ ထို့ပြင် ပိုးလမ်းမ စီမံကိန်း၏ မြန်မာပြည်ဆိုင်ရာ အစိတ်အပိုင်းများနှင့်ပတ်သက်၍ ပြင်ဆင်ညှိနိုင်းမှုများကိုလည်း တွေ့လာရပြီး အခိုင်အမာခြေလှမ်းများကို တွေ့လာရသည်။ ထို့ပြင် ပိုးလမ်းမစီမံကိန်း၏အစိတ်အပိုင်းများဖြစ်သည့် ကျောက်ဖြူ အထူးစီးပွါးရေးဇုံ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ငွေသောင်ယံမီးလင်းချိုင်စီမံကိန်းစသည့် ဘီလီယံနှင့်ချီသည့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိပြီးဖြစ်သည်။ ကျောက်ဖြူ-ရွှေလီရထားလမ်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆဲဖြစ်သည်။ 

မြန်မာပြည်သို့ လာရောက်ရင်းနှီးမြှုပ်နှံသည်မှာ တရုတ် တနိုင်ငံထဲတော့မဟုတ်ပေ။ ကျန်သောနိုင်ငံများလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးတိုင်းပြည်မှာ စင်္ကာပူဖြစ်ပြီး တရုတ်က ဒုတိယ၊ ထိုင်းက တတိယနေရာတွင်ရှိသည်။ မူအရဆိုလျင် မြန်မာပြည်ကဲ့သို့ ဆင်းရဲသောနိုင်ငံတခုအနေနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအား လိုလိုလားလား ဖိတ်ခေါ်ရမည်သာဖြစ်သည်။ ထို့ပြင် ယ‌နေ့ကာလ မြန်မာပြည်တွင်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အခြားတိုင်းပြည်များနှင့်ယှဉ်လျင် ပြောပလောက်အောင် မရှိပေ။ 

• မြန်မာပြည်ရှိ တရုတ်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ 
ရန်ကုန်၊မန္တလေးရှိ စက်မှုဇုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရုတ်ပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် စက်ရုံနှင့်လုပ်ငန်းများစွာရှိသည်။ တရုတ်အစိုးရကုမ္ပဏီကြီးများထက်တော့ ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းပါသည်။ မြဝတီ ရွှေကုက္ကိုလ်ဒေသရှိ ရင်းနှီးမြှုပ်နှံများကတော့ တရုတ်ပြည်နှင့်မဆိုင်ဟု တရုတ်တို့ကဆိုပါသည်။ 

မြန်မာနှင့်တရုတ်ကုန်သွယ်ရေး၊ မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သည့် ထူးခြားချက်မှာ မြန်မာလူထုဆန့်ကျင်မှုကြီးမားခြင်းဖြစ်သည်။ ထိုဂယက်သည် ၂၀၁၀ ဝန်းကျင်မှ စ၍သိသာလာသည့် ဂယက်ဖြစ်သည်။ မြစ်ဆုံစီမံကိန်းစတင်စဉ်ကစ၍ သိသိသာသာ ကြီးထွားလာသည့် ဂယက်ဖြစ်သည်။ တရုတ်အစိုးရရင်းနှီးမြှုပ်နှံမှုမ‌ဆိုထားနှင့် တရုတ်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံများသည်ပင် ဆန့်ကျင်မှုရှိကြသည်။ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုံရှိ တရုတ်တို့ရင်းနှီးမြှုပ်နှံမှုပြုထားသည့် စက်ရုံများတွင် အမြဲတစေလို ပြသနာဖြေရှင်းနေရသည်။ တခြားနိုင်ငံ၊ အခြားလူမျိုးများ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများတွင် ပြသနာဖြစ်သည်က နည်းပါးပြီး တရုတ်စက်ရုံများတွင် ပြသနာပိုများသည်ကို တရုတ်အစိုးရတာဝန်ရှိသူများလည်း သတိထားမိကြသည်။ ထိုပြသနာကိုဖြေရှင်းရန် အာရုံစူးစိုက်သည်ကိုတွေ့ရသည်။ ရံဖန်ရံခါတွင်တော့ နောက်ကွယ်က လက်မဲကြီးတွေကြောင့်ဟု လက်ညှိုးထိုးလေ့ရှိသည်။ 

မည်သို့ဆိုစေ မြန်မာ့တရုတ်ကုန်သွယ်ရေးနှင့် တရုတ်တို့၏ မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံမှုသည် ၁၉၉၀ နောက် ပိုင်း တဟုန်ထိုးတိုးတက်လာပြီး ၎င်းနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ကြည့်မြင်ဖြေရှင်းရမည့် ပြသနာများရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar