Breaking News

သီအိုဇော် - မမေ့သင့်သောအကြောင်းနှင့် မမေ့ထိုက်သောသူများ

သီအိုဇော် - မမေ့သင့်သောအကြောင်းနှင့် မမေ့ထိုက်သောသူများ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ ပုံမှန်အစည်းအဝေး ၂၆/၂၀၂၁ မှာ တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းများနဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားခဲ့တာကို ကြားသိခဲ့ရပါတယ်။ မိမိတို့ချစ်မြတ်နိုးရတဲ့နိုင်ငံကို စစ်ကျွန်ဘဝကလွတ်မြောက်စေပြီး ဖက်ဒရယ်ဒီမိုကရေစီစံနစ် နဲ့ လူ့အခွင့်အရေး ပြန်လည်ရှင်သန်ထွန်းကားလာစေဖို့အတွက် အသက်သွေးချွေး မျက်ရည်တို့ကို အရင်းပြု တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတို့ရဲ့ ရင်နှစ်သည်းချာများအရေး လေးလေးနက်နက် ဆွေးနွေးခဲ့ကြတာကို ကြိုဆိုကြရပါမယ်။

ဆက်စပ်လုပ်ငန်းစဥ်အများစုက တော်လှန်ရေးအပြီးမှာ အရှိန်အဟုန်နဲ့ အကောင်အထည်ဖေါ်နိုင်မှာဖြစ်ပေမယ့် ‌တော်လှန်ရေးအစ (သို့မဟုတ်‌) တော်လှန်ရေးအတွင်းမှာကတည်းက ခိုင်မာပြည့်စုံတဲ့ မူဝါဒနဲ့ စီမံကိန်းမူကြမ်းများ ဖေါ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ လုပ်သင့်လုပ်ထိုက်သော ပေါ်လစီလိုအပ်ချက် ကွက်လပ်ရှိနေပြီဆိုတာနဲ့ မူဝါဒများရေးဆွဲချမှတ်ဖို့ အချိန်မကျသေး၊ စောနေသေးသည်ဟု မဆိုနိုင်တော့ပါ။ ပြည်သူ့ရေးရာမူဝါ ဒရေးဆွဲကြသူများ၊ သုတေသန အကြံပြု ပြင်ဆင်ပေးကြသူများကတော့ Policy on the run လို့ဆိုရမယ့် အချိန်တိုအတွင်း တက်သုတ်ရိုက်ရေးဆွဲ ကြရတာမျိုးကို မနှစ်ခြိုက်ကြပဲ၊ မအောင်မြင်‌တဲ့ပေါ်လစီများရဲ့အကြောင်းရင်းခ တစ်ရပ်လို့ ရှု့မြင်လေ့ရှိကြပါတယ်။ အခုအချိန်ကတည်းက NUG အနေနဲ့ အချိန်ပေးလေ့လာ အကောင်အထည်ဖေါ်လိုတဲ့ ဆန္ဒရှိနေခြင်းကို တွေ့မြင်ရတာဟာ အောင်မြင်တဲ့ပေါ်လစီဖြစ်လာဖို့အတွက် အရေးပါတဲ့ အခြေခံအကြောင်းတရား ဖြစ်လာပါလိမ့်မယ်။

နိုင်ငံတကာမှာတော့ Veterans’ Affairs ဆိုပြီး စစ်မှုထမ်းဟောင်းများအတွက် ဌာနသီးသန့်ထားရှိ ဆောင်ရွက်ကြပါတယ်။ ယူကေနိုင်ငံမှာ Office for Veterans’ Affairs ဆိုပြီး အစိုးရအဖွဲ့ဝန်ကြီးရုံး (Cabinet Office) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထားရှိကိုင်တွယ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ Department of Veterans Affairs အနေနဲ့ ဝန်ကြီးအဆင့်ရှိ Secretary of Veterans Affairs ကိုယ်တိုင်က တာဝန်ယူထားပါတယ်။ သြစတြေးလျနိုင်ငံမှာလည်း Minister for Veterans’ Affairs က Department of Veterans’ Affairsရဲ့ ထိပ်ဆုံး အဆင့်တာဝန်ရှိသူ ဖြစ်ပါတယ်။ လုပ်ငန်းသဘောသဘာဝအရ အခြားဝန်ကြီးဌာနများ၊အေဂျင်စီများ၊ ကော်မတီများနဲ့ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်မှုထမ်းဟောင်းများနဲ့ မိသားစုများအတွက် ပြည့်စုံလုံလောက်အောင် အသိအမှတ်ပြုပံ့ပိုးပေးဖို့ဆိုတာ တကယ့်ကိုကြီးမားတဲ့ လုပ်ငန်း ဆောင်တာတစ်ရပ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

တိုက်ပွဲမှာကျဆုံးသွားကြသူများနဲ့ ကျန်ရစ်သူမိသားစုများအတွက် အသိအမှတ်ပြု ကြည့်ရှု့စောင့်ရှောက်ကြရမှာဖြစ်သလို နွေဦးတော်လှန်ရေးတလျှောက် နေရာအသီးသီးက ပါဝင်ပေးဆပ်ခဲ့ကြသူများအတွက်လည်း ထည့်သွင်းစဥ်းစားပေးရမှာ ဖြစ်ပါတယ်။ ပကတိလက်တွေ့အခြေအနေမှာ အစပြုနိုင်တာများရှိနိုင်သလို ပြည်သူ့အစိုးရလက်ထက်ပြန်ရောက်မှ အင်တိုက်အားတိုက်ဆောင်ရွက်နိုင်မယ့်အရာများရှိတယ်ဆိုတာကိုလည်း နားလည်ကြရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခိုင်မာအားကောင်းတဲ့ မူဝါဒဆိုင်ရာမူ‌ဘောင်နဲ့ မူဝါဒဖွံဖြိုးရေးလုပ်ငန်းစဥ် အစရှိသည်တို့ကို အစပြုရေးဆွဲထားခြင်းဟာ ရှေ့ဆက်အကောင်အထည်ဖေါ်ရမယ့် စီမံချက်အတွက် လွန်စွာအထောက်အကူ ဖြစ်စေပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးသမားများဆိုရာမှာလည်း NUGမှ တိုက်ရိုက်ကိုင်တွယ်တဲ့ PDF များလိုပဲ Local PDFများ၊ အခြားအမည်နဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းများ၊ PDF များနဲ့ စစ်သင်တန်းစချိန်မှ တိုက်ပွဲဝင်ကြချိန်အထိ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ လက်တွဲခဲ့ကြတဲ့ တိုင်း ရင်းသား EAOs များ၊ အစရှိသဖြင့် ထည့်သွင်းစဥ်းစားစရာများစွာရှိပါတယ်။ လက်နက်မကိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်ခံ၊ ဒဏ်ရာရ သေဆုံးကြခဲ့ရသူများကိုလည်း ချန်လှပ်ထား၍မရနိုင်ပါ။
 
ဒီနွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြသူများဟာ မျိုးဆက်စုံ၊ အလွှာစုံမှ ဖြစ်ကြပါတယ်။ အများစုကတော့ အားလုံးသိကြတဲ့အတိုင်း ‘ဂိမ်းကိုပစ်လို့ ဂန်းကိုပိုက်’ခဲ့ကြတဲ့ Generation Z များဖြစ်ကြပါ တယ်။ တကယ်တော့ သူတို့အားလုံး ဂိမ်းကစားကြသူများ မဟုတ်နိုင်ပေမယ့် ငယ်ရွယ်လှတဲ့သူတို့အသက် အရွယ်အရ တင်စားပြောဆိုခြင်းဖြစ်ပါတယ်။ တော်လှန်ရေးအတွင်း၊တော်လှန်ရေးအပြီး သူတို့စိတ်ပါဝင်စား တဲ့ ပညာရပ်များ၊ အသက်မွေးဝမ်းကျောင်းဘာသာရပ်များ၊အလုပ်အကိုင်အခွင့်အလမ်းများ စတာတွေကို ချိတ်ဆက်စဥ်းစား လုပ်ဆောင်ပေးရပါမယ်။ တော်လှန်ရေးအတွင်းရရှိခဲ့တဲ့ ရုပ်ပိုင်းစိတ်ပိုင်းဒဏ်ရာများ အ တွက်လည်းကုစားပေးရပါမယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများ၊အပြည်ပြည်ဆိုင်ရာအေဂျင်စီများ အစရှိသည်တို့နဲ့ ပူးပေါင်း‌ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် NUG အစိုးရအဖွဲ့ အနေနဲ့ အထက်ဖေါ်ပြပါနိုင်ငံများရဲ့ စစ်မှုထမ်းဟောင်းဌာနများရဲ့  အကောင်အထည် ဖေါ်ဆောင်ရွက်ကြတာမျိုးထက် ပို၍မကြီးမားရင်တောင်မှ၊ မလျော့ပါးတဲ့ တာဝန်ကို ထမ်း ရွက်ကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့ရေးရာပေါ်လစီသစ်များနဲ့ အတူတွဲလို့ လိုက်ပါလာမှာကတော့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဖြစ်ပါတယ်။ ပြည်သူ့ရေးရာပေါ်လစီတွေဟာအကုန်အကျများပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ အသက်စည်းစိမ်ဥစ္စာကို ဖျက်ဆီးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များကတောင် ပင်စင်အပါအဝင် အကျိုးခံစားခွင့်များစွာ ရယူနေကြတာဖြစ် လို့၊ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်တော်လှန်ရေးမားများ ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်ပိုင်ဆိုင်နိုင်ရေးအတွက် ပြည်သူ့အစိုးရ အနေနဲ့  ချွင်းချက်မထားပဲ အစွမ်းကုန် အကောင်အထည်ဖေါ်ပေးကြရမှာ ဖြစ်ပါတယ်။ 

အနောက်နိုင်ငံများမှာတော့ Veteran ID Cardများ ထုတ်ပေးပြီး စစ်မှုထမ်းဟောင်းအတွက် နိုင်ငံတော်၏ပံ့ပိုးမှုများ၊ အထူးနှုန်းထားများကို ရရှိခံစားစေပါတယ်။ အစိုးရအနေနဲ့ အခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) လျှေ့ာပေါ့သော အခွန်နှုန်းထား၊ လျှော့ပေါ့သော ရေ၊ လျှပ်စစ်မီတာခနှုန်းထား၊ ပညာရေး စကောလားရှစ်တို့မှအစ အသေးစားစီးပွားရေးလုပ်ငန်းသုံးချေးငွေနဲ့ အငှားအိမ်ယာစီမံကိန်းများအထိ စဥ်းစားပေးနိုင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းများကလည်း တော်လှန်ရေးသမားများနဲ့ မိသားစုများအတွက် လျှော့ပေါ့နှုန်းထားများ သတ်မှတ်ပေးခြင်းဖြင့် ပါဝင်ပံ့ပိုးနိုင်ပါတယ်။ သင်တန်းကြေးများ၊ ခရီးသွားလက်မှတ်၊ ရောင်းချသောကုန်ပစ္စည်းများ၊ရောင်းချသော အစားအသောက်၊ တည်းခိုခနှုန်းထား၊ ဝန်ဆောင်မှုစားရိတ်၊ကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှု၊ အနုပညာဖျော်ဖြေမှု အစရှိသည်တို့မှာ အထူးနှုန်းထားများဖြင့် ကမ်းလှမ်းရောင်းချပေးနိုင်ပါတယ်။

ဒီကာလမှာ အသက်ကိုပဓာနမထားပဲ တိုက်ပွဲဝင်နေကြသူများဟာ မည်သည့်အကျိုးခံစားခွင့်ကိုမှ မျှော်ကိုးကြသူများ မဟုတ်ကြပါ။ ဒါပေမယ့် လူသားပီပီ မိမိတို့ရဲ့အနာဂတ်အတွက် စဥ်းစားနေမိတဲ့အချိန်များလည်း ရှိနိုင်ပါတယ်။ သူတို့တတွေ စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်နေချိန်မှာ တာဝန်ရှိသူများ၊ မူဝါဒချမှတ်သူများက ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှနဲ့ ပေးလာတဲ့အခွင့်အရေးများကို ဆုပ်ကိုင်ကာ  ရေတို ရေရှည်စီမံကိန်းများ ရေးဆွဲ လုပ်ဆောင်နေကြတာကို ကြားသိရခြင်းကလည်း စိတ်ဓါတ်ခွန်အားဖြစ်စေပါလိမ့်မယ်။

ခေတ်အဆက်ဆက် အကြမ်းဖက်စစ်တပ်ကြောင့် တောင်တန်းပြည်မတလျှောက် လောင်မြိုက်နေတဲ့ စစ်မီးလျှံများကို သွေး၊ ချွေး၊ မျက်ရည်တို့နဲ့ ငြိမ်းသတ်တားဆီးပေးကြတဲ့ တော်လှန်ရေးသမားများရဲ့ အနာဂတ်အတွက်အထောက်အကူပြုမယ့် ပြည်သူ့ရေးရာပေါ်လစီများကို ချမှတ်အကောင်အထည်ဖေါ်ပေးခြင်းဟာ နွေဦးတော်လှန်ရေးအောင်ပွဲရဲ့အဓိပ္ပါယ်ကို ပိုမိုပြည့်ဝလာစေမှာဖြစ်ပါတယ်။

ထင်ရှားတဲ့အဆိုအမိန့်များနဲ့ ‌ဆောင်းပါးကို အဆုံးသတ်လိုပါတယ်။ တစ်ခုကတော့ ယနေ့ထက်ထိ စစ်မှုထမ်းဟောင်းများနဲ့ပတ်သက်ပြီး တွင်ကျယ်စွာ ကိုးကားပြောဆိုလေ့ရှိတဲ့ အမေရိကန်နိုင်ငံရဲ့ (၃၀) ကြိမ်မြောက် သမ္မတ ကယ်ဗင်ကူးလစ် (Calvin Coolidge) မိန့်ဆိုချက်ပါ၊ “တိုင်းပြည်ကို ကာကွယ်ပေးတဲ့သူတွေကို မေ့တတ်တဲ့နိုင်ငံဟာ ကိုယ်တိုင်လည်းပဲ အမေ့ခံနိုင်ငံ ဖြစ်သွားလိမ့်မယ်” လို့ ဆိုခဲ့တာပါ။ နောက်တစ်ခုကတော့ လူအများ သိပြီးဖြစ်တဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ “ လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဆိုတဲ့စကားပါ။ တန်ဖိုးရှိပြီး ခေတ်သမိုင်းတာဝန်ကျေကြတဲ့ နွေဦးတော်လှန်ရေးသမားများရဲ့အရေးကို မမေ့ကြဖို့နဲ့ မမေ့ကြတဲ့အကြောင်း  သက်သေပြကြဖို့ အားလုံးမှာ တာဝန်ကိုယ်စီရှိကြကြောင်း ရေးသားလိုက်ရပါတယ်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar