Breaking News

နတ်မှူး - သေတ္တာ တလုံးရဲ့ ဒိုင်ယာရီ

နတ်မှူး - သေတ္တာတလုံးရဲ့ ဒိုင်ယာရီ 
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၁

ကျနော်ငယ်တုန်းကပေါ့။ တခုသောဆောင်းဦးပေါက်မှာ အမေက လေးထောင့်သစ်သားပုံးထဲက ကျနော်ကျောင်းသွားရင်ဝတ်ဖို့အနွေးထည်တွေ ထုတ်ယူနေတယ်။

        ‘အဲဒီပုံးကြီးကို ဘာလို့ခေါ်လဲအမေ ‘
       ‘သေတ္တာလို့ခေါ်တယ် သားရဲ့၊  သစ်သားနဲ့လုပ်တော့ သစ်သားသေတ္တာ၊  သံနဲ့လုပ်တော့ သံသေတ္တာ မီးမလောင်နိုင်တဲ့သေတ္တာကို မီးခံသေတ္တာလို့ခေါ်တယ်’
        ‘သေတ္တာထဲ ဘာလို့ပစ္စည်းတွေ ထည့်ရတာလဲအမေ ‘
        ‘ပိုးမထိုးခြမကိုက်အောင် ပေါ့ကွဲ့’
        ‘သေတ္တာတွေကို ဘာ့ကြောင့်သော့ခတ်ထားရတာလဲဲ’
        ‘သူခိုးမခိုးနိုင်အောင်ပေါ့’
         အမေက ကျနော့်ကိုအံ့ဩသလိုကြည့်ပြီး
        ‘သားကသေတ္တာတွေကို စိတ်ဝင်စားလို့လား’ လို့မေးတော့ ကျနော်က ခေါင်းညိတ်ပြတယ်။
         အမေကလှစ်ခနဲပြုံးလိုက်ပြီး ...
        ‘လူလေးမမွေးခင်က အလုံခြုံဆုံးသေတ္တာတခုထဲမှာ သား အကြာကြီးနေခဲ့ရဖူးတယ်’
        ‘ ဟုတ်လားအမေ ဘယ်သေတ္တာလဲဟင်’
       ‘ဟောဒီ သေတ္တာပေါ့ကွဲ့’ လို့ပြောပြီး အမေက သူ့ဗိုက်ကြီးကိုပုတ်ပြတယ်။ နောက် ကျနော့်ပါးကိုရွှတ်ခနဲ နမ်းလိုက်တယ်။

       ကျနော်ကျောင်းရောက်တော့ ကျနော့်သူငယ်ချင်းတယောက်ရဲ့အိမ်ကို သူခိုးအဖောက်ခံရပြီး သေတ္တာထဲကရွှေတွေကို မသွားတယ်လို့သိရတယ်။ အဲဒီတော့ သေတ္တာသော့ခလောက်တွေရဲ့အာမခံမှုကိုကျနော်သံသယဝင်လာတယ်။
         ညအိပ်ကာနီးတော့ အမေ့ကို ကျနော်က ‘အမေ သေတ္တာတွေအတွက်လုံခြုံတဲ့ သော့ခလောက် ရှိလား ‘လို့မေးကြည့်တယ်။
        ‘ရှိချင်လည်းရှိမှာပေါ့သားရဲ့၊ ပစ္စည်းတွေရဲ့လုံခြုံရေးက သော့ခလောက်နဲ့မဆိုင်ဘူးကွဲ့၊ လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်၊ လူတွေကိုယ်ကျင့်တရားကောင်းနေရင် သော့မခတ်လည်းလုံခြုံတယ်။ လူတွေ ကိုယ်ကျင့်တရားပျက်ရင် ဘယ်သော့ခလောက်နဲ့ ခတ်ခတ်မလုံခြုံဘူး။ ဒါတွေ အခုသားလေးနားမလည်ပေမယ့် သားကြီးလာရင် သဘောပေါက်လာလိမ့်မယ်လို့’ အမေကပြောတယ်။

        ကျနော်သိတတ်လာတော့ ကျနော်တို့ခန္ဓာကိုယ်က ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်း.. စတဲ့ အတွင်းကလီစာတွေကိုလုံခြုံအောင် သိမ်း ဆည်းထားတဲ့သေတ္တာတလုံးဆိုတာရိပ်စားမိလာတယ်။ နောက် အိမ်ဆိုတာ မိသားစုတခုအတွက်လုံခြုံစိတ်ချရပြီး ငြိမ်းချမ်းပျော်ရွှင်တဲ့ သေတ္တာကြီးတလုံးဆိုတာလည်းကျနော် သတိထားမိလာတယ်။
        တကယ်တော့ သဘာဝတရားကဖန်ဆင်းထားတဲ့ ဒီကမ္ဘာကြီးကလည်း ကျနော်တို့လူသားတွေအတွက်  အလွန်စိတ်ချမ်းသာစရာကောင်းတဲ့ သေတ္တာကြီးတလုံးဆိုတာ သဘောပေါက်လာတယ်။

        အဲဒီကမ္ဘာဆိုတဲ့သေတ္တာထဲမှာ နေ့ဆို တောက်ပတဲ့နေတစင်းနဲ့ ညဆို ရွှန်းမြတဲ့လတစင်းရှိတယ်။ နဂါးဂဠုန်ပုံစံထွေပြားတဲ့ တိမ်ရောင်စုံတွေကြားမှာ မှိတ်တုတ်မှိတ်တုတ်မျက်တောင်ခတ်နေတဲ့ စိန်ပွင့်သဏ္ဏန်ကြယ်လေးတွေရှိတယ်။ မြေပြင်ကလည်း နှင်းဖုံးတဲ့တောင်တန်းတွေ၊ စိန်းလန်းတဲ့ မြက်ခင်းတွေ၊ အုပ်ဆိုင်းတဲ့တောအုပ်တွေ၊ လေအသွေးမှာ မွှေးမြတဲ့ ပန်းခင်းတွေ ရှိနေတယ်။ စပါးတွေ ရွှေအဆင်းနဲ့ဝင်းမှည့်နေတဲ့လယ်ကွင်းတွေ၊တောင်ယာတဆစ်တောတထစ်မှာ ဟစ်ကြွေးရွှင်မြူးသံစုံကျူးနေတဲ့ ကျေးငှက်တွေ၊နေ့ညမပြတ်တရစပ်လှုပ်ရှားနေတဲ့ မြို့ပြများကို ငေးမောကြည့်ရှုရင်းတသိမ့်သိမ့်စီးဆင်းသွားတဲ့မြစ်ကြီးတွေ၊ လေငြိမ်တော့ နိမ့်တုံမြင့်တုံရင်ဘတ်အစုံနဲ့ အိပ်စက်သလို၊ မုန်တိုင်းဆင်တော့ ဆောက်တည်ရာမရ ဒေါမာန်ထနေတဲ့လှိုင်းလုံးကြီးတွေနဲ့ ပင်လယ်သမုဒ္ဒရာတွေရှိနေတယ်။

       ကမ္ဘာဆိုတဲ့သေတ္တာကြီးရဲ့ သဘာဝအလှအပတွေကို လူသားတွေမခံစားနိုင်ဘူးဆိုရင် သေချာပြီ၊ အဲဒီလူတွေမှာ သောကတွေ ဒုက္ခတွေဖိစီးနေလို့ပဲ။ သဘာဝအလှက သူ့ဘာသာရှိနေတဲ့တရားဖြစ်တယ်။ သဘာဝ တရားကိုရုပ်ဆိုးအောင်လုပ်သူမှာ တခြားမဟုတ်လူတွေသာဖြစ်တယ်။ လူက သတ္တဝါအားလုံးမှာ အမြင့်မြတ်ဆုံးဖြစ်တယ်။ ဒါပေမဲ့ မေတ္တာတရားနဲ့ တရားမျှတမှုကင်းလွတ်ခဲ့ရင် လူက အယုတ်ညံ့ဆုံးသတ္တဝါ ဖြစ်လာတယ်။
        ယုတ်ညံ့တဲ့သတ္တဝါတွေကြောင့် အပြစ်မဲ့လူသားတွေက သေတ္တာတွေလိုချိုးဖဲဖျက်ဆီးခံကြရတယ်။ ကျနော်ရဲ့မိသားစုသေတ္တာလေးလည်းပျက် စီးခဲ့ရတယ်။ အဖေက လွတ်လပ်မှုနဲ့လူ့အခွင့်အရေးအားလုံးဆုံးရှုံးရာ အုတ်နံရံနဲ့သံတိုင်များကာဆီးထားတဲ့ သေတ္တာတလုံးထဲမှာ ရောက်နေတယ်။ အမေက သားနဲ့အဖေကိုမျှော်လင့်ရင်းအခုတော့ အလုံပိတ်သေတ္တာတလုံးထဲ အိပ်စက်၊ မြေကြီးဩဇာဖြစ်ရှာပေါ့။” သေလွန်တဲ့သူတွေက တရားမျှတမှုအတွက် အော်ဟစ်ခြင်းမပြုနိုင်ဘူး၊ အဲဒီသူတွေရဲ့တရားမျှတမှုကိုရဖို့ က အသက်ရှင်သူတို့ရဲ့တာဝန်ပဲ “ လို့ တွေးတောရင်း သားဖြစ်သူက ကမ္ဘာ့သေတ္တာရဲ့တောအုပ်တနေရာကနေ ခေါင်မိုးက ထိန်ထိန်သာနေတဲ့လမင်းကြီးနဲ့ကြယ်စင်တွေကို ငေးမောလို့။

ချစ်ခင်စွာ
နတ်မှူး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar