Breaking News

မောင်စိုးသစ် - မသိစိတ်ထဲကပုံရိပ်


မိုးမခကဗျာ

မောင်စိုးသစ် - မသိစိတ်ထဲကပုံရိပ် 
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၁

တိမ်ထောင်တွေဟာ သိပ်လှသလို
သိပ်ပလွှားတယ်...
မိုးတိမ်တွေက စိတ်မချရဘူး
အမဲသားစားဖူးတဲ့သူတွေက လက်လွတ်မခံနိုင်
ငေးမှိုင်ရှာတဲ့ကြက်တူရွေးတွေက တစခန်းထ
သမိုင်းမလှခဲ့တဲ့ မြေပုံကို ဘယ်သူတွေ သွန်းချ
အမျှဝေတတ်ဖို့သာ သင်ကြား
အမှားတွေချည်းသာဝေမျှ
နောက်ဆုံးတော့...
အနိစ္စ ...ဒုက္ခ...အနတ္တ ပေါ့။

သတိကပ်ကြပါ
ဒီလိုလိမ်ဆင်တွေကို မမေ့လိုက်ကြပါနဲ့
ဘယ်လူမျိုး ဘယ်ဘာသာမဆို 
အိုနာကျိုးကန်းအထိ မိုက်မဲယုတ်မာ
မာယာများတဲ့ မသူ‌တော်တွေများလှ
ရိုးအမှုတွေကို မလိမ့်တပတ်
ရှစ်စပ်က ဂျင်ဂျင်လည်သူချည်းသာ
နေရာအနှံ့ သံပတ်တင်း...
သူတော်ချင်း သတင်းလွေ့လွေ့...

မမေ့လွယ် မပျောက်လွယ်ကြပါနဲ့
ကောက်ရိုးမီးရဲ့သဘာဝကိုရှောင်
အမှောင်ထုကိုသာ ရိုက်ချိုးထိုးခွဲ
နေရောင် လရောင် စစ်စစ်ထဲ
ပျော်ပွဲဖွဲ့ကြစို့ရဲ့ ...။။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar