Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၁ 

• ဒီမိုကရေစီ၊ လစ်ဘရယ်စံနှုန်းနဲ့ တော်လှန်ရေး 
မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အောက်မှာ ပြည်သူလူထုအနေနဲ့ ဘယ်လိုနေထိုင်ရမလဲ ဘယ်လိုကိစ္စရပ်တွေကို လုပ်သင့်သလဲ မလုပ်သင့်သလဲ စသဖြင့် စံနှုန်းတွေ၊ ဒီမိုကရေစီစံနှုန်းတွေ တော်လှန်ရေးပန်းတိုင် အောင်မြင်မှုရချင်တာတွေ စတဲ့အကြောင်းကိစ္စတွေမှာ ဦးဆောင်သူတွေ အဖွဲ့အစည်းတွေက ရှင်းရှင်းလင်းလင်း ပြောဆိုမှုတွေ ရှိသင့်တယ်လို့ထင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးရင် ဖြုတ်ချပြီးရင် ဘယ်လိုစနစ်နဲ့ သွားမလဲဆိုတဲ့ “အနာဂတ် မြန်မာနိုင်ငံ” ကို ဆိုတဲ့ ရည်မှန်းစိတ်ကူးထားတဲ့ နိုင်ငံ၊ စံနှုန်းတွေကိုလည်း ရှင်းရှင်းလင်းလင်း စဥ်းစား သတ်မှတ်ထားဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ 

လတ်တလောအခြေအနေမှာ အဲဒီလို အနာဂတ်မြန်မာနိုင်ငံရဲ့ စိတ်ကူးပုံရိပ်တွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ဆွေးနွေးထားတာ ရည်မှန်းပြောဆိုကြတာ သိပ်မတွေ့ရပါဘူး။ စစ်အာဏာရှင်ပြုတ်ကျရေးသည် နံပါတ် ၁ ဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရင် ကျန်တဲ့ပြဿနာတွေအားလုံး ပြေလည်သွားမယ်ဆိုတာမျိုး လောလောဆယ်မှာ အချင်းချင်း သွေးမကွဲရအောင် အယူအဆမတူညီတာတွေကို မငြင်းခုံကြဖို့ မဆွေးနွေးကြဖို့ မပြောကြဖို့ တားဆီးကြတာ ဟန့်ကြတာတွေလည်း ရှိတာတွေ့ရပါတယ်။ တကယ်တော့ အနာဂတ်ရဲ့ ပုံပန်းသဏ္ဍာန်က ပြတ်သားရှင်းလင်းမှသာ လက်ရှိပစ္စုပ္ပန်မှာ လက်တွဲလုပ်ဆောင်မှု ပူးပေါင်းမှုက ခိုင်မာမှာ ဖြစ်ပါတယ်။ 

အနာဂတ်ကို နောက်ခါလာ နောင်ခါစျေး သဘောမျိုးထားတာက လက်ရှိပူးပေါင်းမှုတွေကို လျော့လျဲစေမှာဖြစ်တယ်လို့ မြင်ပါတယ်။ 
အနာဂတ်မှာ ရလာမယ့်အခွင့်အရေးတွေဟာ ဘယ်လိုရှိမယ် အကျိုးခံစားခွင့်တွေကို ဘယ်လိုတန်းတူခံစားကြမယ် ဘယ်မူဝါဒမျိုး ကိုင်စွဲကြမယ်ဆိုတာ ယေဘုယျဆန်တဲ့ မူဝါဒမျိုးတင်မက တိကျရှင်းလင်းတဲ့ လက်တွေ့ဆန်တဲ့အဆင့်အထိ ပြောဆိုဆွေးနွေးသဘောတူထားဖို့လည်း လိုအပ်မှာဖြစ်ပြီး လက်တွေ့အဖြစ်အပျက်တွေနဲ့ပတ်သက်လာရင်လည်း အနာဂတ်စံနှုန်းနဲ့ လိုက်ဖက်ညီတဲ့ ချဥ်းကပ်မှုမျိုးဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

လတ်တလောမှာ ပြဿနာတရပ်ကို ချဥ်းကပ်ကြတဲ့အခါ မူပေါ်၊ စံနှုန်းအပေါ် အခြေခံကြတာထက် ခံစားချက်တွေ၊ ဖိအားပေးပြီး အတင်းအကြပ် လိုက်နာခိုင်းတာမျိုးတွေ၊ လူအုပ်စုနဲ့ အနိုင်ကျင့်တဲ့ စည်းရုံးမှုမျိုးတွေလည်း မြင်တွေ့ရလေ့ရှိပြီး ဦးဆောင်တဲ့အဖွဲ့တွေ ပုဂ္ဂိုလ်တွေအနေနဲ့  ရိုးသားပြီး စည်းရုံးရေးဆန်တဲ့ ရှင်းလင်းပြောဆိုမှုတွေ တွေ့ရလေ့မရှိတာပါ။ 

ဥပမာအားဖြင့် လက်နက်ကိုင်အဖွဲ့ဝင်မဟုတ်တဲ့ အရပ်သားတွေကို သုတ်သင်ရှင်းလင်းတယ်ဆိုတဲ့ကိစ္စမျိုးမှာ ဘယ်လိုအခြေခံနဲ့ ဘယ်လိုအချက်အလက်ပေါ် မူတည်ပြီး သုတ်သင်ရှင်းလင်းတယ်ဆိုတာ လုပ်ရမယ့်ကိစ္စ၊ မလုပ်ရမယ့်ကိစ္စဆိုတာမျိုး ပြောဆိုသင့်ပါတယ်။ ယေဘုယျအားဖြင့် အရပ်ဖက်ဝန်ထမ်း၊ သတင်းပေး၊ ဒလန်၊ ဆန့်ကျင်ဘက်ပါတီကို ထောက်ခံသူ၊ ဆန့်ကျင်ဘက်ပါတီနဲ့ နီးစပ်တဲ့ အခြားသောနိုင်ငံရေးပါတီဝင်တွေ၊ ဦးဆောင်သူတွေ စသဖြင့် အမျိုးမျိုးသော နောက်ခံ အခြေအနေ၊ မတူညီတဲ့ ယုံကြည်တဲ့ အယူအဆတွေ စတဲ့သူတွေကို ဘယ်လိုသဘောထားသင့်သလဲ ဆိုတာတွေကို အခုတော်လှန်ရေး ဦးဆောင် အဖွဲ့အစည်းတွေ၊ ဦးဆောင်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြောသင့်ပါတယ်။ 
အဲလိုမဟုတ်ခဲ့ရင် မြို့အလိုက် ရွာအလိုက်၊ ဒေသအလိုက် မိမိတို့အမြင်နဲ့ မိမိတို့နားလည်မှုနဲ့ဆုံးဖြတ်ပြီး သုတ်သင်ရှင်းလင်း လုပ်ကြံမှုတွေဟာ နိုင်ငံရေးလှုပ်ရှားမှု အဖြစ်ကနေ လမ်းကြောင်းချော်ကျပြီး လက်စားချေမှု၊ အရပ်ဒေသပေါ် အခြေခံတဲ့ အုပ်စုတိုက်ပွဲတွေဆီ ဦးတည်သွားနိုင်တာလည်း ဖြစ်ပါတယ်။ 

အနာဂတ်မှာ မတူကွဲပြားတဲ့ အသားအရောင်၊ အယူဝါဒ၊ ကိုးကွယ်ရာဘာသာ၊ ဘာသာစကားတွေကို လက်ခံသော လူ့အခွင့်အရေးကို လေးစားသော နိုင်ငံထူထောင်မယ်လို့ ရည်ရွယ်ထားတယ်ဆိုခဲ့ရင်  လစ်ဘရယ်စံနှုန်းကိုလက်ခံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်မယ်လို့ ရည်မှန်းထားခဲ့ရင် လက်ရှိ တော်လှန်ရေးကာလလိုမျိုးမှာလည်း ဒီလို စံနှုန်းတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အဖြစ်အပျက်မျိုးတွေအပေါ်မှာ ရေငုံနှုတ်ပိတ်နေဖို့ မသင့်ပါဘူး။ ဒါက လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အခြားသော လူမျိုးစု ၊ လူနည်းစုဆိုင်ရာ အခွင့်အရေး ကိစ္စတွေလိုပဲ ချိုးဖောက်ခံရမှု နစ်နာမှုတွေဟာ တလ၊ တနှစ်၊ ဆယ်နှစ်နဲ့ မေ့ပျောက်သွားဖို့ ကွယ်ပျောက်သွားဖို့မရှိပဲ မှတ်တမ်းတွေက လက်ဆင့်ကမ်း သယ်ဆောင်သွားကြပါလိမ့်မယ်။ နမူနာအားဖြင့်ဆိုရင် ABSDF မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်ဟာ ဆယ်စုနှစ် ၃ ခုတိုင်ရှိခဲ့ပေမယ့် ဒီနေ့အချိန်အထိ ဖြေရှင်းသင့်သူတွေ ဖြေရှင်းဖို့ တောင်းဆိုမှုတွေ မှတ်တမ်းတွေ ကျန်ရှိနေဆဲဖြစ်ပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားတွေ လက်နက်ကိုင် တပ်ဖွဲ့မဟုတ်သူတွေ အပေါ် ဘယ်လို ကျင့်သုံးသင့်သလဲဆိုတဲ့ မူဝါဒ၊ လုပ်နည်းလုပ်ဟန် အကဲဖြတ်ချက် တာဝန်ယူမှု စတာတွေဟာ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်သလို တနေ့မှာ သမိုင်းလည်း ဖြစ်လာလိမ့်မယ် လို့ယူဆမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar