မိုးမခကဗျာ - မောင်လင်းရိပ် " မီးနဲ့ ထင်း "
အောက်တိုဘာ ၂၊ ၂၀၂၁
" မီးနဲ့ ထင်း "
မောင်လင်းရိပ်
သူရဲကောင်းတွေက များလွန်းတော့ ထင်းပုံခေါင်းချရဲ့ ထင်းပုံတန်းဟာ ရှည်လျားလွန်းတာ
ခင်ဗျား မြင်မြင်နေရမှာ ဒါ မဟာသရောကြီး ခိုင်းနေတာ
လူကို ခွေးသတ်လေခြင်းဆိုတာ မဆုံးနိုင်အောင် တဒေါင်ဒေါင်မြည်နေတဲ့ ခေါင်းလောင်းသံ
ဘယ် စစ်ဘုရင်ထက်မဆို ဘုံဉာဏ်သာတဲ့ တောသားတွေဟာ
ဘယ်စစ်ပွဲထက်မဆို ယုတ်ညံ့အောက်တန်းကျတဲ့ စစ်ပွဲရဲ့ ရမ်းသန်းပစ်ခတ်တဲ့ ကျည်ဆံတွေမှာ
အရပ်သားတွေရော တော်လှန်ရေးအလံ ရင်မှာ စိုက်ထူထားတဲ့ လူထက်လူတွေပါ
မြေပြန့်လွင်ပြင်က မီးခိုးတန်းတွေနဲ့ တောင်တန်းတွေပေါ် ဆူတက်လာတဲ့ အပူငွေ့တွေမှာ
ငါတို့ဟာ တော်လှန်ရေးအတွက် လုံလောက်တဲ့ မီးလျှံတွေကို ပေးခဲ့ပြီတဲ့
ငါနဲ့ ငါ့ကဗျာတွေကရော အရောင်တင်ဆီ ရွှဲရွှဲလိမ်းထားတဲ့ ဧည့်ခန်းနံရံတွေများလား
ဘိတဲလ် သီချင်းတစ်ပုဒ်ထဲကလို နော်ဝေသစ်သားကို ထင်းဆိုက်ပစ်ရမှာလား
ယုတ်မာအေးစက်တဲ့ ဒီသရောကြီးကာလမှာ ကိုယ့်လူတွေ အနွေးလေးတစ်စရစေဖို့။
ယုတ်စွအဆုံး အညတြသူရဲကောင်းတို့ နောက်ဆုံးခရီးမှာ မီးပူဇော်ခွင့်ယူလိုက်ဖို့။
၂၀၂၁ စက်တင်ဘာ ၂၉
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar