မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈လ မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈လ မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၁သတင်းတွေထဲမှာ ရွေးကောက်ပွဲကိုသာ စစ်ကောင်စီက ကျင်းပမယ်ဆိုရင် PR စနစ်သုံးဖို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောတယ်လို့ ရေးသားထားပါတယ်။ PR စနစ် က ဆန္ဒမဲကို အချိုးကျ ခွဲဝေယူစနစ်လို့ အကြမ်းအားဖြင့် နားလည်ကြပြီး ကိုယ်ရတဲ့မဲအရေအတွက်ပေါ်မူတည်ပြီး ကိုယ်စားပြုခွင့်ရတဲ့စနစ်လို့ ဆိုပါတယ်။ ၅၁%နဲ့ နိုင်တဲ့သူက ၁၀၀%ကို ကိုယ်စားမပြုနိုင်ဘူး၊ ၄၉%ရဲ့ ကိုယ်စားပြုခွင့်ကိုလည်း ခွင့်ပြုရမယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ သည်အငြင်းပွားဖွယ်ရာကောင်းတဲ့ ဆန္ဒမဲပေးစနစ်ကို စစ်အာဏာသိမ်းပြီး ၈ လတိုင်သည်အထိ တိုင်းပြည်ကို မထိန်းနိုင်သေး၊ ပဋိပက္ခတောကြီးထဲ သက်ဆင်းနေတဲ့ စစ်ကောင်စီလို အဖွဲ့မျိုးက စဉ်းစားနေတာ အကောင်အထည်ဖော်ချင်နေတာက စိတ်ပျက်စရာ ဖြစ်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကတော့ မြန်မာပြည်ဟာ တဖြေးဖြေးနဲ့ ကျရှုံးနိုင်ငံအဖြစ်ဆိုးထဲကို ကျရောက်နေပြီ၊ လူ့ဒုက္ခ လူ့ငရဲအဖြစ်ကို ရင်ဆိုင်နေရပြီလို့ သတိပေးချက်တွေ ထုတ်ပြန်နေကြတဲ့ အချိန်ဖြစ်လို့နေပါပြီ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်ချိန်ရောက်လာရင် အဲသည်အကူအညီတွေ ပေးအပ်ရာမှာ နိုင်ငံရေးဘက်လိုက်မှုတွေကို ဦးစားမပေးကြဖို့ မြန်မာကုလဌာနေ ယာယီအရာရှိတဦးက ထုတ်ပြောတယ် ဆိုပါတယ်။ စစ်ကောင်စီကတော့ ခုချိန်ထိ ကန့်သတ် ပိတ်ဆို့ အရေးယူတဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံတကာက လူသားချင်းစာနာမှုအထောက်အကူတွေကို ကန့်သတ်လျက်ရှိပါတယ်။
ကျရှုံးနိုင်ငံဖြစ်ရတာကို နိုင်ငံရေးရေချိန်တွေ စီးပွားရေးရေချိန်တွေ လူမှုရေးကျန်းမာရေး အဆင့်အတန်းတွေနဲ့ တိုင်းတာနေကြရာမှာ အခု ကျယ်ကျယ်လောင်လောင်အသံထွက်လာနေကြတာကတော့ ငွေစျေး ဒေါ်လာစျေး လောင်စာဆီစျေး သွင်းကုန်စျေးတွေပေါ် မူတည်ပြီး အလန့်တကြားပြောဆိုနေကြတာကို အခြေခံကြပါတယ်။ ပြည်တွင်းထွက်ကုန်တွေ စားသောက်ကုန်တွေ စျေးမြင့်တက်လာတာမျိုး ခုချိန်မှာ မသိသာသေးဘူးလို့လည်း အချို့က မှတ်ချက်ပေးကြပါတယ်။ ငွေစျေးကျတဲ့နှုန်းထားနဲ့ အခြေခံစားကုန်သောက်ကုန် (ပြည်တွင်းဖြစ်) တွေ စျေးတက်နှုန်းဟာ တပြိုင်နက်တည်း ဖြစ်မနေဘူးလို့ ဆိုချင်တာ ဖြစ်ပုံရပါတယ်။ စားကုန် ရိက္ခာ အကြပ်အတည်းနဲ့ အငတ်ဘေးပြသနာကို ဖြေရှင်းနိုင်ဘို့ ခေါင်းဆောင်တွေဘက်က သဘောထားတွေ ပြင်ဆင်မှုတွေ လိုအပ်နေတယ်လို့ ပြောကြပေမယ့် လူထုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှေ့ကနေ ဖြေရှင်းသွားလိမ့်မယ်လို့လည်း မျှော်လင့်နေကြပုံရပါတယ်။ ဥပမာ - လူအသေအပျောက် အလွန်များပြားတဲ့ ကိုဗစ်တတိယလှိုင်း မြန်မာပြည်မှာ ဆက်ဖြစ်ပွားနေပေမယ့် လူထုက သူနည်းသူ့ဟန်နဲ့ ရင်ဆိုင်ဖြေရှင်းသွားရတာကို ဆိုလိုပုံရပါတယ်။
မြေပြင်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေကို ပြည်သူတွေရဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံတိုက်ပွဲဝင်မှုတွေ ဆက်လက်မြင့်တက်ဆဲဖြစ်ပါတယ်။ မြို့ပြတွေမှာ ဗုံးပေါက်ကွဲမှု သူလျို ဒလန်တွေဆိုပြီး လုပ်ကြံမှုတွေလည်း လျော့ကျသွားခြင်း မရှိပါဘူး။ အကြမ်းဖက်စစ်ကောင်စီကလည်း ဖမ်းဆီးမှုတွေ နှိပ်ကွပ်မှုတွေမှာ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်လျက် ရှိပါတယ်။ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးပြီး နှိပ်စက်ညှင်းပန်းမှုတွေ ကျုးလွန်ရာမှာ ယခင်ကထက် ပိုပြီး ကြမ်းတမ်းယုတ်မာ ရက်စက်လာတာက စိုးရိမ်စရာ ကောင်းလာပါတယ်။ အချို့ နယ်တွေမှာ တောကြောင်တွေ လက်နက်ကိုင်ပြီး လုယက်ခိုးဆိုးလာကြပါတယ်။ သူတို့ကို အပြန်အလှန် သစ္စာဖောက်တွေအဖြစ် စွပ်စွဲပြီး သတ်ဖြတ်နှိပ်ကွပ် လက်တုန့်ပြန်ကြတာကို ဆိုရှယ်မီဒီယာတွေမှာ တင်နေကြပါတယ်။ NUG အစိုးရက တရားရေးဆိုင်ရာ ဝန်ကြီးဌာနက တဆင့်ဖြစ်စေ၊ စစ်ခုံရုံးလိုမျိုး တရားစီရင်ရေးတွေ တိုးပြီးလုပ်လာမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စစ်ဘေးနဲ့ အငတ်ဘေးဟာ ရခိုင်ပြည်နယ်လို လက်ရှိနွေဦးတော်လှန်ရေးရိုက်ခတ်မှု တိုက်ရိုက်မသက်ရောက်တဲ့ နေရာတွေမှာလည်း ဖြစ်ပွားနေပါတယ်။ စစ်ရေးတင်းမာမှု၊ ကုန်စည်စျေးမြင့်တက်မှု ၊ အခြေခံကုန်ရှားပါးမှုကိုလည်း သူတို့တွေ ခံစားနေရပါတယ်။ စစ်ကောင်စီနဲ့ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ဘူး ဆိုပေမယ့် စစ်ကောင်စီနဲ့ ပြည်သူတွေကြားမှာ တင်းမာတဲ့ ဆက်ဆံရေးကိုလည်း ရခိုင်ပြည်နယ်လို ဒေသတွေမှာ မြင်တွေ့နေရပါတယ်။
NUG အစိုးရကတော့ တလောက ပြည်သူ ၅၀၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲတခု ပြုလုပ်လိုက်ပါတယ်။ အဓိကဦးတည်ချက်ကတော့ အစိုးရအတွက် ဘဏ္ဍာရေး ဝင်ငွေ တိုးမြှင်ကောက်ခံရဖို့ အလှူငွေတွေ သည်ထက်ပိုပြီး စီးဆင်းနိုင်ဖို့ မြန်မာပြည်သူတွေကို တိုးမြှင့် စည်းရုံးလိုတဲ့ သဘောဖြစ်ပုံရပါတယ်။ စစ်ကောင်စီက လက်နက်အင်အားတွေ ဖြည့်တင်းနေချိန်မှာ NUG အစိုးရကလည်း ပြည်သူတွေဆီကနေ ထီလက်မှတ်ရောင်းခြင်း၊ အခွန်တခုခု ကောက်ခံခြင်း၊ ငွေချေးစာချုပ် ရိုက်နှိပ် ရောင်းချခြင်း၊ ပုံမှန်အလှူငွေ ထည့်ဝင်မှုများ ကောက်ခံနိုင်အောင် စနစ်များ ထူထောင်နိုင်ဖို့ ဆွေးနွေးတာ တင်ပြတာတွေ လုပ်ပုံရပါတယ်။ NUG အစိုးရနဲ့ ပတ်သက်ရင် အဓိက မေးခွန်း ၂ ခုက ရန်ပုံငွေတွေနဲ့ ဘာတွေ လုပ်နေသလဲ၊ ပြီးတော့ လက်နက်တွေ တိုးပြီး မတတ်ဆင်သေးဘူးလား ဆိုတာ ဖြစ်ပါတယ်။
လူထုထောက်ခံမှု မလျော့ကျသေးတဲ့ CRPH နဲ့ NUG အစိုးရမှာ ပြည်သူတွေ တိုက်ရိုက် နီးစပ်ရာ ထည့်ဝင်လှူဒါန်းတဲ့ ဝင်ငွေတွေ၊ အဖွဲ့အစည်းတွေက ကူညီကြတာတွေ အပြင် လက်ရှိ CRPH -OFP ကွန်ယက်ကနေ ကံစမ်းမဲထည့်ဝင်ကြတဲ့ အလှူငွေတွေနဲ့ ဆက်လက်လည်ပတ်နေပုံ ရပါတယ်။ သို့ပေမယ့် တချိန်ချိန်မှာတော့ CRPH NUG ရဲ့ ဘဏ္ဍာရေးစနစ်တခု ပေါ်ပေါက်လာပြီး အဲသည်ကို ပြည်သူတွေဆီက တိုက်ရိုက်စီးဆင်းနိုင်ဖို့ အကောင်အထည် ဖော်ကြရန် လိုအပ်နေပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar