မိုးမခအက်ဆေး- ငြိမ်း (ပဲခူး) '' ကဗျာတွေနဲ့ ကျွန်တော်နဲ့ ဆုံခဲ့တဲ့ ခဏတာအချိန်လေးတွေ''
အောက်တိုဘာ ၂၊ ၂၀၂၁
'' ကဗျာတွေနဲ့ ကျွန်တော်နဲ့ ဆုံခဲ့တဲ့
ခဏတာအချိန်လေးတွေ''
ငြိမ်း (ပဲခူး)
(၁)
"လူအိုတစ်ယောက်ရဲ့ ညနေ"
လူအိုတစ်ယောက်ရဲ့ ညနေ
ပန်းခြံခုံတန်းရှည်ပေါ် မှေးတင်နေရဲ့။
ငွေနားကွပ်နဲ့ မောက်မာခဲ့သူ တိမ်တို့မှိန်ပေါ့။
သံချေးတက်မျက်လုံးထဲ အရောင်တွေ ဖြူဖျော့လာ
ပြောင်းပြန်အရှိန်တွေ ပိုမြန်လာကြ
"တယ် သေဖို့ကို ဘာလို့လောနေကြသလဲ သင်းတို့"
တစ်ကြိမ်တည်းသာ လက်ခနဲမြင်လိုက်ရ
အံ့ဖွယ်ငှက်မြန်
ပျံပေါ့လေ လေထဲပျောက်ပေါ့
နောင်တတို့သာ မော့ငေးကျန်ရစ်ခဲ့။
အလိုကြီးလွန်းသူပါ
ရသမျှနည်းနည်းကလေးကိုသာ
ယူသွားရတော့မှာပေါ့။
မောင်ပြည့်မင်း
ဟန်သစ်/၁၉၉၉-ဩဂုတ်။
ဆရာမောင်ပြည့်မင်းရဲ့ အထက်ပါကဗျာလေးကို ကျွန်တော် ဖတ်ခဲ့ဖူးတာကြာပြီ။ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဖတ်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ဘယ်သူတင်ထားတာလဲတော့မမှတ်မိတော့ဘူး။ စဖတ်ဖတ်ချင်း အရမ်းကိုကြိုက်နှစ်သက်သွားတာ။ ပြီးတော့ ဟန်သစ်မဂ္ဂဇင်းမှာကဗျာပါတဲ့ ခုနှစ်က ၁၉၉၉ ခုနှစ်ဆိုတော့ ကဗျာရဲ့သက်တမ်းကို အခုရောက်နေတဲ့ ခုနှစ်နဲ့တွက်ကြည့်ရင် နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီပေါ့။
ကဗျာလေးက ဖတ်ရတာ ထိရှပြီး၊ နားလည်လွယ်တဲ့ စကားလုံးလေးတွေနဲ့ ရေးဖွဲ့ထားတာကြောင့် ကဗျာဖတ်သူကျွန်တော်ဟာ လူအိုတစ်ယောက်ဖြစ်သွားပြီး ကဗျာလေးထဲလိုက်ပါစီးမျောသွားတယ်။ ပြီးတဲ့အခါ တိုက်ဆိုင်နေတယ်လို့ဆိုရမလားပဲ ကုန်တိုက်တခုမှာရှိတဲ့ ဆရာမောင်ပြည့်မင်း ဆိုင်ထိုင်နေတဲ့ စာအုပ်ဆိုင်မှာ စာအုပ်တစ်အုပ်ဝယ်ဖူးတယ်။ အဲ့ဒီမှာပဲ ကဗျာဆရာကြီးတယောက်ကို အပြင်မှာ သက်ရှိထင်ရှား တွေ့ဖူးလိုက်တာပေါ့။ ပြီးတော့ အရင်တုန်းက ကဗျာဆရာမောင်ပြည့်မင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာပဲတွေ့ဖူးတာ။ အဲ့ဒါကြောင့် စာအုပ်ဝယ်ရင်းနဲ့ အပြင်မှာမြင်လိုက်ရတော့ ဖြစ်ပေါ်လာတဲ့ ခံစားမှုက အတိုင်းမသိဘဲ။ အဲ့ဒီခံစားမှုကို ဘယ်လိုပုံဖော် ပြရမှန်းတောင် မသိဘူးဖြစ်သွားတယ်။
အမှန်တော့ ကျွန်တော်က ဆရာမောင်ပြည့်မင်းဆိုင်ထိုင်နေတဲ့စာအုပ်ဆိုင်မို့ စာအုပ်သွားဝယ်မယ်ဆိုပြီး သွားတာမဟုတ်ဘူး။ ဒီလိုပဲ ရုံးကိစ္စနဲ့အပြင်သွားရင်း Toilet သွားချင်တာရယ်နဲ့ အခြားတိုလီမိုလီလေးတွေဝယ်မယ်ဆိုပြီး အဲ့ဒီကုန်တိုက်ထဲဝင်သွားတာ။ ပြီးတော့ ကိုယ်တိုင်က စာဖတ်ဝါသနာပါသူဆိုတော့ ကုန်တိုက်တွေရောက်တိုင်း စာအုပ်ဆိုင်ကလေးတွေကို တကူးတကလိုက်ရှာပြီး ဝင်မွှေတတ်တယ်။ အဲ့ဒီမှာ ကဗျာဆရမောင်ပြည့်မင်းကို တွေ့လိုက်ရတာပေါ့။
ကဗျာဆရာတစ်ယောက်နဲ့ တွေ့လိုက်ရတာဟာ အဲ့ဒီကဗျာဆရာ ဖြတ်သန်းနေတဲ့ စာပေရေစီးကြောင်းထဲမှာ ခဏတဖြုတ်ပဲဖြစ်ဖြစ် ဖျတ်ခနဲပဲဖြစ်ဖြစ် ကိုယ်တိုင်ပါဝင်လိုက်တာပဲလို့ ကျွန်တော်ထင်မိတယ်။ ပြီးတော့ ဒါဟာ ဂုဏ်ယူစရာမော်ကြွားစရာလို့လည်း ကျွန်တော်ထပ်မံပြီး ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကြီးကဗျာဆရာတစ်ယောက်ကို အပြင်မှာတွေ့ဖို့ဆိုတာ မဟာ့မဟာ အခွင့်အရေးကြီးမို့လို့ပဲ။ ပြီးတဲ့အခါ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ကဗျာရေးတာက ရတဲ့ငွေကြေးအားဖြင့်လည်း အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ကောင်းကင်နဲ့မြေကြီးလောက် ကွာတယ်။ အဲ့ဒါတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရေးနေကြတာ။ အဲ့ဒါကြောင့် တန်ဖိုးထားရမယ်။ လေးစားရမယ်။ မဟုတ်ဘူးလား။
(၂)
ပဲခူး
လူလည်းမရိုင်းဘူး
မူလည်းမရိုင်းဘူး
သမိုင်းလည်းမရိုင်းဘူး
တော်လှန်ရေးလည်းမရိုင်းဘူး
အဲ့ဒါ
လိပ်ပြာကန်ထဲက ခုန်ထွက်လာတဲ့ဟင်္သာတွေ
ဟင်္သာတွေကိုယ်ထဲက လွင့်စင်ထွက်လာတဲ့ သံမဏိလိပ်ပြာတွေ
အဲ့ဒါ
တန်ခိုးကြီးဘုရားတွေနဲ့ နန်းတော်ထဲက
စိမ့်ထွက်ကျလာတဲ့ အတောမသတ်နိုင်တဲ့ဝိညာဉ်တွေ။
ခရမ်းပြာထက်လူ
ပဲခူးမြို့ လမ်း ၃၀ ထိပ်က စာအုပ်မျိုးစုံနဲ့ စု ပြုံပြည့်နှက်နေတဲ့အခန်းကျဉ်းလေးထဲမှာ တက်ဘလက်တစ်လုံးကိုကြည့်ပြီး ကောင်တာမှာထိုင်နေတဲ့ လူကတော့ နာမည်ကျော်ကဗျာဆရာ ခရမ်းပြာထက်လူပဲ ဖြစ်ပါတယ်။ ပြီးတော့ ဆရာခရမ်းပြာထက်လူဟာပဲခူးမြို့ရဲ့ အထင်ကရအမှတ်အသားတွေထဲက အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပဲခူးသားတယောက်အနေနဲ့ ကျွန်တော့်မှာ ဂုဏ်ယူမိတယ်။
အရင်တုန်းကတော့ ဆရာခရမ်းပြာထက်လူနဲ့ ကျွန်တော်ဟာ သိပ်အရင်းနှီးကြီးမဟုတ်ဘူး။ မျက်မှန်းတန်းမိရုံပဲ ရှိတာ။ နောက်ကျမှ စာအုပ်တွေ မကြာခဏဝယ်ရင်းနဲ့ ရင်းနှီးသွားတာ။ ကျွန်တော်နဲ့ရင်းနှီးသွားတော့ လည်း ဟိတ်ကြီးဟန်ကြီး မရှိဘူး။ ဖော်ဖော် ရွေရွေပဲ။ ပြီးတော့ ကျွန်တော်ကလည်း စာလေး မတောက်တခေါက်ရေးနေတော့ တွေ့တဲ့အခါတိုင်း စာအကြောင်း ပေအကြောင်း ပြောပေါ့။ ပြီးတော့ ကျွန်တော့်စာမူတွေလည်း သူဖတ်ရတယ်ပေါ့။ အဲ့ဒီတော့ ကျွန်တော့်မှာ ပျော်တာပေါ့။
ကျွန်တော်က အများအားဖြင့် ဆရာခရမ်းပြာထက်လူဆိုင်မှာ စာအုပ်ဝယ်တဲ့အခါတိုင်း မူးယစ်ရီဝေနေတာက များတယ်။ အဲ့ဒါကြောင့် စာအုပ်ဝယ်တဲ့အခါ ဆရာခရမ်းပြာထက်လူ ဆိုင်ထိုင်နေတာနဲ့ကြုံရင် "ဆောရီးဆရာ ကျွန်တော်နည်းနည်းသောက်ထားလို့" ဆိုပြီး လေးစားသမှုနဲ့ ပြောရတယ်။ အဲ့ဒီအခါ ဆရာက "နင်ပြောမှ ငါသိတာ" ဆိုပြီး ပြန်ပြောတယ်။ အမှန်တော့ ကျွန်တော်သောက်ထားတာ သူမသိဘဲနဲ့တော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ချစ်ဖို့ကောင်းတဲ့ ဆရာခရမ်းပြာထက်လူရဲ့ စိတ်ကလေးပဲ ဖြစ်ပါတယ်။
ပဲခူးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု။ နေ့ကတော့ မမှတ်မိတော့ဘူး။ နေ့တစ်နေ့မှာပဲ ဆိုပါတော့။ လူငယ်ပရိသတ်တွေ အားပေးမှုများတဲ့ ကဗျာဆရာတစ်ယောက် ပဲခူးမြို့ကိုရောက်လာတယ်။ ပဲခူးမြို့က စာအုပ်ဆိုင်ကိုလာတာပေါ့။ သူ့ရည်ရွယ်ချက်က သူ့ကဗျာစာအုပ်တွေကို လက်မှတ်ထိုးပြီး ရောင်းမယ် ပေါ့။ အဲ့ဒီလိုနဲ့ ပဲခူးမြို့က လမ်း ၃၀ ထဲမှာရှိတဲ့စာအုပ်ဆိုင်ကိုသွားတယ်။ စာအုပ်ဆိုင်ရောက်တော့ စကားတွေပြောရင်းဆိုရင်း သူနဲ့စကားပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ကဗျာဆရာခရမ်းပြာထက်လူမှန်းလည်းသိသွားရော ဆရာ့ကို ပုဆိုးတစ်ကွင်းနဲ့ ကန်တော့ကာ ပဲခူးသားအချို့နဲ့သောက်ပြီး ပြန်သွားတယ်တဲ့။ ကြုံခဲ့တဲ့ ပဲခူးသားဘော်ဒါတစ်ယောက်က ပြောပြတာ။ အဲ့ဒီမှာ နားထောင်လိုက်ရတဲ့ ကျွန်တော်ဟာ လေထဲမြောက်တက်သွားသလို ခံစားလိုက်ရပါတယ်။
(၃)
စကားကြွယ်သူ
တည်ချက်မဲ့ ပစ်ခွင်းလိုက်တဲ့ မြားပဲ
တည့်တည့်လာထိတာတော့
ကိုယ့်ကံနည်းခဲ့လို့ပဲ ဖြစ်မယ်။
တိမ်တွေထူထပ်လာတာနဲ့ အမျှ
တောင်စဉ်ရေမရ ငါ့မှာ။
အစွန်းထွက်လာတဲ့ စိတ္တဇနဲ့
လောင်းရိပ်အောက်လှိမ့်ဝင်နေတဲ့ ပင်စည်ပါ
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ
စကားလုံးတလုံးရဲ့ ဆင်ခြေသာ။
လွန်းအိမ်
ရုံးပိတ်ရက်တိုင်း သင်တန်းတွေ ကျွန်တော်တက်နေရတယ်။ ရုံးဖွင့်ရက်ဆိုရင် ရုံးဆင်းချိန်နဲ့ သင်တန်းတက်ချိန်နဲ့ အဆင်သိပ်မပြေလို့။ ပြီးတော့ အစတုန်းက ရုံးပိတ်ရက် နေ့ ခင်းလောက် သင်တန်းတက်ရတာပေါ့။ နောက်ကျတော့ သင်တန်းဆရာက အခြားသင်တန်းချိန်တွေနဲ့ နီးကပ်နေလို့ဆိုပြီး မနက်ပိုင်းပြောင်းလိုက်တယ်။ အဲ့ဒါကြောင့် ရုံးပိတ် ရက်နေ့ခင်းဘက်ဆို အဆောင်မှာ ကျွန်တော်တယောက်ထဲအားလပ်လို့ နေတာပေါ့။
ဒီလိုနဲ့သင်တန်တက်ပြီး အဆောင်ပြန်လာတဲ့ ရုံးပိတ်ရက်တစ်ရက်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာပဲခင်တဲ့ ကဗျာဆရာ နိုင်မင်းညို ဖုန်းဆက်လာတယ်။ အပြင်မှာဆုံကြရအောင်တဲ့။ အမှန်ဆို ကျွန်တော်က ရန်ကုန်မှာအနေကြာနေပေမယ့် စာပေနယ်ထဲကလူတွေနဲ့ဆုံလေ့မရှိဘူး။ ရုံးပိတ်ရက်ဆို သင်တန်းတက်စရာရှိတာတက်။ ပြန်လာရင် တယောက်ထဲ စာဖတ်လိုက် စာရေးလိုက်နဲ့ အေးအေးဆေးဆေးနေတာပေါ့။ ပြီးတော့ ကျွန်တော်က စာပေနယ်မှာဆို ဘာကောင်မှမဟုတ်ပါဘူး။ မတောက်တခေါက် စာရေးတဲ့ အဆင့်ပဲ ရှိတယ်။ တစ်ယောက်ထဲနေတတ်တဲ့ ကျွန်တော့် စိတ်အခြေအနေကို ပြောပြတာပါ။
နိုင်မင်းညိုနဲ့ ဘီယာဆိုင်တစ်ဆိုင်မှာချိန်းလိုက်ပြီး အဆောင်ကနေ ကျွန်တော်ထွက်လာခဲ့တယ်။ ဘီယာဆိုင်ရောက်တော့ နိုင်မင်းညို မရောက်သေးဘူး။ အဲ့ဒါနဲ့ကျွန်တော်တယောက်ထဲ ဘီယာတစ်ခွက်သောက်ပြီး စောင့်နေလိုက်တယ်။ နာရီဝက်လောက်ကြာတော့ နိုင်မင်းညိုနဲ့ နောက်ထပ်နှစ်ယောက် ပါလာတယ်။ တယောက်နဲ့တယောက် မိတ်ဆက်ကြပေါ့။ ဘီယာသောက်မလားမေးတော့ မသောက်တတ်ဘူးတဲ့။ "ဟာ" ဆိုပြီး ကျွန်တော် အမေဋိတ်သံပြုမိတယ်။ ကဗျာဆရာအများစုက ဘီယာသောက်ကြတယ်။ ဒီကောင်တွေက ဘယ်လိုလဲပေါ့။ ကျွန်တော့်စိတ်ထဲလဲ တမျိုးထင်သွားတယ်။ နွဲ့နေသလား ဘာညာပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။
နိုင်မင်းညိုက သူတို့ရေးထားတဲ့ ကဗျာစာအုပ်လေး လက်ဆောင်ပေးတယ်။ ပြီးတော့ ဒါ လွန်းအိမ် တဲ့။ ကြည့်လိုက်တော့ ယောကျ်ားအချင်းချင်း ရှက်နေတဲ့ ပုံစံနဲ့။ အသားက ညိုညို။ အရပ်က မနိမ့်မမြင့်။ စကားလည်းသိပ်မပြောဘူး။ ကျွန်တော်ရယ်၊ နိုင်မင်းညိုရယ်ပဲ ပြောနေရတယ်။ ကဗျာအကြောင်းတွေပေါ့။ အဲ့ဒီအချိန် လွန်းအိမ်က ခေါင်းလေးငုံ့ပြီး ဖုန်းပွတ်နေတယ်။ ဒီလိုနဲ့အချိန်တစ်နာရီနီးပါးလောက် စကားပြောပြီးတော့ နိုင်မင်းညိုတို့ ပြန်သွားတာပေါ့။
အဲ့ဒီနောက်ပိုင်း လွန်းအိမ်နဲ့အပြင်မှာနောက် ထပ်မဆုံဖြစ်ဘူး။ လူမှုကွန်ယက်စာမျက်နှာပေါ်မှာပဲ ဆုံဖြစ်ကြတာပေါ့။ လွန်းအိမ်နဲ့ကျွန်တော်နဲ့ တယောက်နဲ့တယောက်နောက်လိုက်ပြောင်လိုက်။ ကျွန်တော်ကပဲ လွန်းအိမ်ကို နောက်တာများတယ်။ သူပုံတင်ရင် "နည်းနည်းနွဲ့လာပြီ" တို့။ "ဓားပြတိုက်ရင် လက်နက်မလိုတဲ့ ရုပ်" တို့ စသဖြင့် ကွန်းမန့်တွေဝင်ရေးပြီး နောက်တာပေါ့။ အနေအေးပြီး ချစ်ဖို့ကောင်းတဲ့ လွန်းအိမ်။
ဒီလိုနဲ့ ကျွန်တော်လည်းနယ်ကိုပြန်ရောက်။ ကိုဗစ်ကြောင့် ရန်ကုန်မပြန်ဖြစ်တော့။ နယ်မှာပဲ သောင်တင်နေတာပေါ့။ အဲ့ဒီအချိန်မှာပဲ မအလက အရင်စစ်ခေါင်းဆောင်တွေရဲ့လမ်းစဉ်ကိုလိုက်ပြီး အာဏာသိမ်းလိုက်တယ်။ ရန်ကုန်ကအလုပ်တွေ အကုန်နီးပါ မလည်ပတ်တော့ဘူး။ တနိုင်ငံလုံးလည်းအခြေအနေတွေ ရှုပ်ထွေးကုန်တယ်။ ပြီးတော့ မြန်မာနိုင်ငံလည်း ကျဆုံးခြင်းဆိုတဲ့ ချောက်ကမ်းပါထဲ ပြုတ်ကျသွားတယ်။ ပြီးတဲ့အခါ လူတိုင်းစိတ်ဒဏ်ရာတွေ ရကြ။ ငတ်ကြ။ အလုပ်လက်မဲ့တွေ ဖြစ်ကြပေါ့။
အဲ့ဒီလို ဖြစ်နေကြတဲ့ အခြေအနေမှာပဲ နိုင်မင်းညို ဖုန်းဆက်လာတယ်။ လွန်းအိမ် ဆုံးပြီတဲ့။ ငိုသံပါကြီးနဲ့ ပြောတာ။ ကျွန်တော် သိပ်မယုံသေးဘူး။ နောက်တယ်ပဲ ထင်နေ တာ။ ဖုန်းပြောရင်းနဲ့မှ နိုင်မင်းညို အတည်ပြောနေမှန်း သိလာတယ်။ ကျွန်တော့်ရင် ဘတ်တစ်ခုလုံး ဟာတာတာ ဖြစ်သွားတယ်။ ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်က ထိုင်ခုံပေါ်မှာကျန်ခဲ့ပြီး ကျွန်တော့်စိတ်က လွင့်ထွက်သွားတယ်။
ဗိုလ်လွန်းအိမ်ထိတွေ့မှုဖြစ်စဉ်တခုမှာ ကျဆုံးပြီတဲ့။ ပို့စ်တင်ထားတာကိုဖတ်လိုက်ရတော့ ကျွန်တော် အဲ့လိုဖြစ်မယ်လို့မထင်ထားတဲ့ ကဗျာကိုရူးသွပ်တဲ့ ကဗျာဆရာလွန်းအိမ်က သူတယောက်ထဲအတွက်မဟုတ်ဘဲ ပြည်သူအားလုံးအတွက် မအလကိုတော်လှန်ရင်း ကျဆုံးသွားရပြီ။
တကယ်ပါကွာ။ လွန်းအိမ်ရာ။ မင်းအဲ့လိုလုပ်လိမ့်မယ်လို့ ထင်မထားဘူး။ ငါမလုပ်နိုင်တဲ့အရာကို လုပ်ပြသွားတဲ့ မင်း။ ငါဦးညွတ်မိတယ်။ ပြီးတော့ မင်းနဲ့တခါပဲ ဆုံခဲ့ဖူးတဲ့ ငါ။ အမြဲတမ်းဂုဏ်ယူလို့ မဆုံးဘူး။ လွန်းအိမ် ... မင်းဟာ ကောင်းကင်မှာ တလက်လက်နဲ့တောက်ပနေတဲ့ ကြယ်လေး။ ငါအမြဲမော့ကြည့်နေမယ် သူငယ်ချင်း။ မင်းတယောက်ထဲ အထီးမကျန်စေရအောင်လို့။ လွန်းအိမ်ရေ ....
ငြိမ်း (ပဲခူး)
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar