Breaking News

ခွန်ဆိုင်း - မြန်မာ့သမိုင်းရဲ့ အခမ်းနားဆုံး ပြည်သူ့ခုခံတော်လှန်စစ် (၉) လ အနှစ်ချုပ်

ခွန်ဆိုင်း - မြန်မာ့သမိုင်းရဲ့ အခမ်းနားဆုံး ပြည်သူ့ခုခံတော်လှန်စစ် (၉) လ အနှစ်ချုပ် 
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၁

မြန်မာနဲ့ ထိုင်းစစ်တပ် အာဏာသိမ်းကြတာချင်းအတူတူပဲလို့ မအလဘက်သားတွေ ကြေးတန်းတိုက်ရင် စစ်တပ်အာဏာသိမ်းအကျိုးဆက်ခြင်း မတူဘူးလို့ ငြင်းရမှာပဲ။ ထိုင်းစစ်တပ်အာဏာသိမ်းလို့ ထိုင်းပြည်သူတွေက သဘောမတူ-ဆန္ဒပြခဲ့တဲ့အခါ ထိုင်းစစ်တပ်က သူ့ပြည်သူလူထုအပေါ် အခု အချိန်အထိ ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်းခဲ့တာမျိုး မရှိဘူး။ ဧရာမ စစ်ရာဇဝတ်မှုကြီးတွေကျူးလွန်လို့ နိုင်ငံတကာက လက်ညှိုးထိုးစရာ  ရာထောင်ချီ  သက်သေသက္ကာယအမှု​မျိုးတွေ သူ့မှာမရှိဘူး။ မြန်မာစစ်တပ်လို အနော်ရထာစစ်ဆင်ရေးကြီးမျိုးတွေနဲ့ ကိုယ့်ပြည်သူတွေအပေါ် ကိုယ် ပြန် ထိုးစစ်ဆင်နေတာ တွေ မရှိဘူး။ ထိုင်းပြည်သူတွေ ကိုယ့်အသက်ကိုယ့် မြို့ရွာ ကိုယ်ကာကွယ်ဘို့  လက်နက်ဆွဲကိုင်ခုခံရတဲ့အဆင့်အထိ မရောက်ဘူး။ ဒီတော့ နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေက ထိုင်းစစ်အစိုးရကို အာရုံမကျတာ။ စိတ်မနာတာ ဆန်းသလား။ မသိကျိုးကျဉ်ပြုနေနိုင်တာ ဆန်းသလား။ ဒါကို အာဏာသိမ်းစစ်တပ်ချင်း အတူတူ။ ငါတို့စစ်တပ်ကိုမှ  အရေးယူ အပြစ်တင်ကန့်သတ်နေကြတာ တရားသလားလို့ ဆင်ခြေကန်မှုဟာ အတော်ချူခြာ စိတ်ပျက်စရာကောင်းတယ်။ 

လက်နက်ကိုင် အကြမ်းဖက်ဖြေရှင်းရင်း တရက်ထက်တရက်  ပြည်သူအပေါ် ရာဇဝတ်မှုတွေများလာတဲ့ မအလကို ပြည်သူတွေက  ဘာမှမဖြစ်ခဲ့ သလို ဘယ်လိုပုံစံနဲ့ ခွင့်လွှတ်ကြမလဲ။ ယူအန်၊ အီးယူနဲ့ အမေရိကန်အစိုးရများက မြန်မာ့အရေးမှာ သက်ဆိုင်သူများက အကြမ်းမဖက် ညှိနှိုင်းဖြေရှင်းကြဘို့ အကြံပြုတိုက်တွန်းကြတဲ့အခါ ဘယ်သူတွေက ဘယ်လိုတာဝန်ခံ တာဝန်ယူဖြေရှင်းဆောင်ရွက်ကြမှာလဲ။ ပြီးခဲ့တာတွေထားတော့၊ တာဝန်အရှိဆုံး စစ်ကောင်စီခေါင်းဆောင်တွေအပေါ် လူထုက သင်ပုန်းချေပေးလိုက်ဆိုတာမျိုး ဘယ်သူကတာဝန်ခံပြောမလဲ။ အစက ပြန်စလို့မရ၊ ခရီးမိုင်တွေ အတော်လက်လွန်ခဲ့ပြီးကိစ္စကို ဘယ်တဦး ဘယ်တဖွဲ့က တာဝန်ယူ တာဝန်ခံ ဖြေရှင်းပေးနိုင်မလဲ။ ကျွန်တော်တော့ မစဥ်းစားတတ်ဘူး။

စစ်အာဏာရှင် အမြစ်ဖြတ် မြန်မာနွေဦးတော်လှန်ရေးဟာ အဆုံးအထိသွားနေပြီ။ အရှိန်ရနေပြီ။ ဒါကိုရပ်တန့်အောင် လမ်းပြောင်းအောင်တားနိုင်တဲ့ တဦးချင်းအစွမ်း၊ တဖွဲ့ချင်းအစွမ်း ဒီအချိန်မှာရှိသလား။ ကျွန်တော်တော့ မထင်ဘူး။ နိုင်ငံရေးမှာ အင်အားသုံးဖြေရှင်းတာထက် ရင်ကြားစေ့ဆွေးနွေးဖြေရှင်းခြင်းကိုသာ လိုလားတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုအချိန်မှာ အာဆီယံက ဝင်တွေ့ခွင့်ရလို့  ဘယ်လိုဖြေရှင်းချင်သလဲ မေးခွန်းထုတ်ခဲ့ရင် (ဖြစ်စဥ်အစအဆုံးကို ဒေါ်အောင်ဆန်းစုကြည်မှ အရင်သိခွင့်ရပါစေ) သူတယောက်ထဲက  တာဝန်ယူတာဝန်ခံဖြေရှင်းပေးမယ့် အခြေအနေမရှိဘူးလို့ ကျွန်တော်တော့သဘောပေါက်တယ်။ 
    
NUG, CRPH နဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို မဆွေးနွေးနိုင်ဘူး။ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOs အားလုံး) နဲ့ ဆွေးနွေးမယ်။ တချိန်က NCA မှာ ပါဝင်ခွင့်မပေးနိုင်ဘူးဆိုတဲ့ AA- MNDAA- TNLA သုံးဖွဲ့နဲ့တောင် အခု တဖွဲ့ချင်းဆွေးနွေးနိုင်ပါတယ်ဆိုတဲ့ တပြည်လုံးအပစ်ရပ် NCA  (၆) နှစ်ပြည့်နေ့မှာ မအလပြောကြားမှုဟာ လက်တွေ့မြေပြင်အရှိတရားနဲ့ အတော်ကင်းကွာ ပရိယာယ်ပါတဲ့ နိုင်ငံရေး Plan-B လို့ ပြောရမလား ။ အာဏာရူးသူဆိုတာ နိုင်ငံရေးသိက္ခာရှိစရာမလိုတာမို့ သူ့အတွက် အိပ်မက်ဆိုးသံသရာကလွတ်နိုင်ဖို့ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အန်အယ်လ်ဒီကို အရင်ဖယ်ထုတ်ဖို့ လိုခဲ့တယ်။ NLD ရှိနေသမျှ ၂၀၀၈ ခြေဥဘောင်အတွင်းမှာတောင် စစ်တပ်အခန်းက အာဏာပြန်ရ လူလည်ကျဘို့ မျှော် လင့်ချက်မရှိဘူး။ ၂၀၁၂ - ၂၀၂၀ ဖြတ်သန်းမှုကနေ ကောင်းကောင်းကြီးသဘောပေါက်သွားတဲ့ မအလဟာ ဒီချုပ် အာဏာပြန်မရရင်ပြီးရော ကျန်တာတွေကိုလက်ခံမယ်ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းကို ရွေးတော့မယ့်သဘော။ 

ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းမှု အစပိုင်း မအလ တွက်ရေး (နိုင်ငံရေး Plan A) က ၁၉၆၂ ကလို သွေးထွက်နဲနဲ၊ ၁၉၈၈ ကလို ပြင်းပြင်းထန် ထန်နှိပ်ကွတ်ဖြိုခွဲလိုက်ရင် မခက်မခဲ အောင်မြင်တဲ့အာဏာသိမ်းမှုဖြစ်မှာပဲ။ စစ်တပ်အစီအမံနဲ့ ရွေးကောက်ပွဲလုပ်လိုက်ရင်လဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို အကွက်ဝင်မှာပဲ။ ပြီးသွားမှာပဲဆိုတဲ့ အတွေးတိမ်တိမ်နဲ့ အာဏာသိမ်းလိုက်တာမျိုး။ စစ်တပ်အနိုင်ကျင့်တာကိုလက်ခံမယ့် နိုင်ငံရေးဝါးဝတာကို သည်းခံမယ့် မည်ကာမတ်တပ် နောက်ထပ်ရွေးကောက်ပွဲတခုကိုသွားမှာပဲဆိုတဲ့  စစ်အိမ်ဖြည့်ပါတီတွေလည်း ဆက်ရှိနေမယ်။ ဒီတော့ ငါတို့ ခွဲတမ်းချပေးတဲ့နေရာတွေလောက်ကို အရာဝင်ကျေနပ်မယ့် ရုပ်သေးအစိုးရဆိုတာလဲ ပေါ်လာလိမ့်ဦးမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဖျက်သိမ်းခံရလို့  နိုင်ငံရေးလောကထဲကနေ အငွေ့ပျံပျောက်ကွယ်သွားလိမ့်မယ်။ စစ်တပ် အထက်စီး ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ စစ်တပ်က အရှင်သခင်- ရာဇပုလ္လင် ဆက်မြဲလိမ့်မယ်။ ဒီလိုတွက်ရေးနဲ့ အာဏာသိမ်းခဲ့တာ။ လက်နက်မရှိတဲ့လူတွေကို ထိမ်းချုပ်ရတာ ကြက်အိမ်သွင်းသလောက်လွယ်ပါတယ်။ လုပ်ရဲပါတယ်ဆိုတဲ့သဘောနဲ့ သိမ်းခဲ့တာပဲ။

ဒါပေမယ့် မိုက်မဲစစ်ကောင်စီတို့ရဲ့ (၁) နှစ်လောက် သေနတ်မိုးထိန်းချုပ်ထားရင်ရမှာလို့ ခန့်မှန်းတွက်ချက်ခဲ့တဲ့ မူလ မာစတာပလင် (Master Plan  A) ဟာ နွေဦးတော်လှန်ရေးရိုက်ချက်ပြင်းတွေအောက်မှာ တရက်ထက်တရက် ကျက်သရေကင်း ညစ်ထေးစုတ်ပြတ်သွားတယ်။ တနှစ်အတွင်း ‌ရွေးကောက်ပွဲနဲ့ အာဏာပြန်အပ်မှာပေါ့ဆိုတဲ့ လက်လွတ်စပယ် မအလကြေငြာချက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် လူထုအဆုံးအဖြတ်ကို အတိအ လင်း သရော်မော်ကား လုပ်ခဲ့တာ။ ၂၀၂၁ လူထုက ၁၉၈၈ လူထုထက်မြင့်တက်သွားတာ မအလနားမလည်ဘူး။ လူထုလူတန်းစား အလွှာပေါင်းစုံဆီမှာ စစ်တပ်လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ ပိုင်းဖြတ်မှုမျိုးကျနေခဲ့ပြီးပြီ။ ဒီတော့ ပုံသဏ္ဏာန်ပေါင်းစုံ နည်းပေါင်းစုံနဲ့ နေရာပေါင်းစုံက စစ်တပ်ကိုပြန်ချကြတယ်။ နိုင်ငံတဝှမ်းလုံး သွေးမတိတ်သပိတ်တွေကတဆင့် ရဲရဲတောက်လက်နက်ကိုင် တော်လှန်ရေးအထိမြင့်တက် စစ်တပ်ထွက်ပေါက် တနေ့ တခြား ကျဥ်းနေပြီ။ စစ်တပ်ရဲ့ Plan A လဲ ပျက်စီးသွားပြီ။ ဇယားရွေ့လာတဲ့ သူတို့ရဲ့  ၂၀၂၃ ကတိကဝတ်ကိုလဲ ပြည်သူက ဘယ်လိုမှမယုံဘူး။  ပြည်သူကိုဆက်နင်း  စစ်ကျွန်သွင်းမယ့်အစီအမံလို့သာ မြင်ကြတယ်။ ပြည်သူ့တော်လှန်ရေးကြီးကို မသိသလို ကျော်ခွ ၂၀၂၃ ကျမှ လာမယ့် ရွေးကောက်ပွဲကိုမျှော်လင့်တဲ့ ပါတီတွေ အမတ်လောင်းတွေကိုလဲ လူထုက ရင်နာနေတယ်။
 
 ၂၀၂၁ မြန်မာ့ နွေဦးတော်လှန်ရေးဖြစ်စဥ်ဟာ စစ်တပ်တွက်ချက်ခဲ့တာထက်လဲ မြင့်တယ်။ နိုင်ငံတကာတွက်ချက်မျှော်လင့်နေတာတွေထက်လဲ မြင့် တယ်။ မြန်မာ့နိုင်ငံရေးဒီရေ မြင့်တက်မှုဟာ ပြောနေကျ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ သမရိုးကျ အာဏာအကူးအပြောင်းနိုင်ငံရေးတွေ ဘာတခုမှမဟုတ်ဘူး။ လူနည်းစုအခွင့်အရေးလောက်မှာ မရပ်ဘူး။ ဗမာတိုင်းရင်းသား အများစုပါဝင်တဲ့  မြန်မာ့လူ့ဘောင်တခုလုံးကို အဆင့်မြှင့်ပေးမယ့် တော်လှန်ရေးဖြစ်စဥ်။ မြန်မာ့သမိုင်းစဥ် ဖြစ်ခဲ့သမျှထဲက အကြီးမားဆုံးတော်လှန်ပြောင်းလဲမှု  ဖြစ်စဥ်ကြီးတခုပဲ။
 
ဒီတော်လှန်ရေးကြီးရဲ့ အရင်းအနှီးတွေလဲ အရမ်းကြီးပါတယ်။ လက်နက်မပါ အစပထမ ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေတဲ့ကာလမှာတောင် ဘဝတွေ အ သက်တွေ အိုးအိမ်တွေ မိသားစုတွေ စွန့်လွှတ်ခဲ့ရ ပျက်စီးခဲ့ကြရပြီ။ ဝန်ထမ်းတွေသိန်းပေါင်းများစွာ အလုပ်ပြုတ်ခံကြ အငတ်ခံကြ၊ နေစရာအ သိုက်ပျက်ခံ အပြိုကွဲခံခဲ့ကြတယ်။ ဘယ်တုန်းကမှ  ဆရာဝန် ဆရာမတွေ၊ အင်ဂျင်နီယာတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ လမ်းပေါ်ထောင်ချီထွက်ပြီး နေ့လရက်ဆက် အသက်မစွန့်ခဲ့ကြဖူးဘူး။ အစိုးရရဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ စစ်သားနဲ့ ရဲသားတွေ ထောင်ချီ အသက်စွန့်၊ လူထုဘက် မကူးပြောင်းဖူးဘူး။  အောင်မြင်ကျော်ကြားနယ်ပယ်စုံက အနုပညာရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်သူဌေးတွေ၊ ကျေးလက်ပြည်သူတွေ သန်းပေါင်းများစွာ လပေါင်းများစွာမြို့ပြလမ်းတွေပေါ် ကျေးလက်လမ်းတွေပေါ် သပိတ်တိုက်ပွဲတွေ မဆင်နွဲခဲ့ကြဖူးဘူး။ သူတို့အားလုံးပါဝင်နေမှုဟာ ပါတီတခု၊ အမျိုးသားတရပ်အတွက်၊ အာဏာယူနိုင်ငံရေးတခုအတွက် မဟုတ်ခဲ့တာ သေချာတယ်။ အင်မတန်နက်ရှိုင်း ကျယ်ပြောတယ်။ တသက်လုံးရှာဖွေတည်ဆောက်လာရတဲ့ ရာထူးတွေ ပညာတွေ စည်းစိမ်တွေ အဆုံးအရှုံးခံကြ။ ကျားမအရွယ်စုံ ထောင်သောင်းချီ အဖမ်းခံ ထောင်ကျခံကြတယ်။ အိမ်တွေ မီးလောင်၊ မြို့ရွာတွေ စွန့်၊ လယ်ယာ ကျွဲနွားတွေစွန့်၊ နောက်ပိုင်းတွေမှာ မောင်းပြန်ကို တူမီးနဲ့ရင်ဆိုင်လာကြတယ်။ ရွာသူတွေက နားကပ်‌ရောင်း ယမ်းထောင်းနေကြတယ်။ စစ်သင်တန်းတက်နေကြတယ်။ ဘာကြောင့်လဲ။ ဒါ နောက်ဆုံးတိုက်ပွဲ။ ဒီတချီ စစ်ကျွန်ဘဝက အပြီးသတ်ရုန်းထွက်မှရမယ်။ နောက်မျိုးဆက်တွေ ဆက်မခံစားရဖို့ လက်ရှိဘဝတွေကို အဆုံးမဲ့စတေး ‌ပေးဆပ်နေကြတာ။
  
 မြန်မာ့သမိုင်းရဲ့ အကြီးမားဆုံး အကြီးကျယ်ဆုံး ပြည်သူ့ခုခံတော်လှန်စစ်ကို ဗမာစစ်တပ်ရင်ဆိုင်နေရပြီ။  ပြည်နယ်တွမှာဖြစ်နေကျ ပျောက်ကြားဖျောက်ကြား တိုက်ပွဲတွေမဟုတ်ဘူး။ ထင်မထား ထည့်မတွက်ခဲ့တဲ့ ဗမာပြည်နယ် (တိုင်း ၈ တိုင်း အကုန်) မြို့ရွာအစုံက သပိတ်အစုံ အုံကြွ၊ လက် နက်ကိုင် မြို့ပြသူပုန် ကျေးလက်လယ်သမားသူပုန်တွေရဲ့ ခုခံစစ်ကို ဗမာစစ်တပ်ရင်ဆိုင်နေရပြီ။ နှစ် ၇၀ တိုင်းပြည်ဘာကို ဝါးမျိုတည်ဆောက်၊ အမြဲအသာစီးရလာတဲ့ စစ်တပ်ဟာ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်။ ဗမာတွေဟာ ကောက်ရိုးမီ။ ဗမာတွေ သူတို့ကို သေနတ်ကိုင်ပြီး  မတော်လှန်ရဲဘူး။ မီးကျိုးမောင်းပျက် တူးမီးလောက်ကို တင့်ကားတွေ၊ လေယာဥ်တွေ လက်နက်ကြီး သာလွန်အင်အားတွေနဲ့ ချေမှုန်းလိုက်ရင် ခဏနဲ့ အလွယ်လေး စစ်ဦးကျိုးသွားမှာပါလို့ တွက်ကြတယ်။ ၇ လသား ပီဒီအက်ဖ်တွေကို ဖြတ်လေးဖြတ်နဲ့ ချေမှုန်းလိုက်ရင် ပြိုကွဲသွားမယ်ဆိုတဲ့တွက်ချက်မှုဟာ တက်တက်စင်လွဲ။ ထင်သလိုမဟုတ်ပဲ တပြည်လုံး မြို့ရွာတောအနှံ့ ပီဒီအက်ဖ်တပ်တွေ တဖွဲ့ပြီး တဖွဲ့တိုးပွား၊ တနိုင်တပိုင်တွင်ခုံက သေနတ်ခုတ်၊ တောအရပ်က ဗုံးလုပ်၊ နေ့တိုင်းထိတွေ့ကျဆုံးမှုတွေကနေ ပြည်သူ့တော်လှန်ရေးအဆင့် သူတို့သိလာနေပြီ။ 

၇ လလောက်နဲ့ ပြည်သူတွေရဲ့ လက်နက်ကိုင်စုဖွဲ့မှုဟာ အရမ်းအားကြီးပြင်းထန်တယ်။  ရှိသမျှအရင်းအမြစ် ဖြစ်နိုင်တဲ့ ပျောက်ကြားနည်းဗျူဟာကို ပိုင်နိုင် သေချာအသုံးချ။ တကယ်လိုအပ်တဲ့အကူအညီတွေ တကယ်လိုအပ်တဲ့အချိန်မှာ နိုင်ငံတကာ အထောက်အပံ့တွေ၊ နိုင်ငံခြားတိုင်းပြည်တွေက ရမလာပေမယ့် အညံ့မခံကြဘူး။ ရှိတာနဲ့အသက်ရှင်၊ ကိုယ်အားကိုယ်ကိုး  ခုခံတည်ဆောက်စုဖွဲ့၊ (ခုခံရင်းတည်ဆောက်၊ တည်ဆောက်ရင်းခုခံ) ပီဒီအက်ဖ်တွေ အားသာချက်က လူအင်အား စိတ်ဓါတ်အင်အား၊ ယုံကြည်ချက်အင်အား၊ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သားများရဲ့ အစွမ်း ကုန် ပံ့ပိုးမှုအင်အားတွေပဲ။ အမှန်တရားနဲ့ ဓမ္မခွန်အားတွေပဲ။ နည်းပညာခေတ်ထဲ ကာလမကြာခင် တူးမီးထက်သာတဲ့ တလုံးထိုးသေနတ်တွ ကိုယ်စီကိုင်လာနိုင်ကြမလား။ ကြိုးစားနေပြီ။ တလုံးထိုးကိုင် ရွာသား ၁၀ ယောက်ဟာ  စစ်မောင်းပြန်တလက်ကို မယှဥ်နိုင်စရာ ဘာအကြောင်းမှမရှိ။ 

NUG, CRPH, PDF တွေကလွဲလို့ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စကားပြောမယ်။  ၂၀၀၈ ဖွဲ့စည်းပုံနဲ့ဆက်သွားမယ်။ ၂၀၂၃ ‌ရွေးကောက်ပွဲကိုဖြတ်သန်းပြီး ဖယ်ဒရယ်ပြည်ထောင်စုကို ဆက်တည်ဆောက်သွားမယ်ဆိုတဲ့ စကစပြောစကားဟာ ဖြစ်တန်ခြေရှိသလား။

ဒါ နှစ် ၇၀ စစ်တိုက်လာတဲ့ EAOs တွေ အသိဆုံး။ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်အောင် ဒီတချီ PDF တွေနဲ့လက်တွဲ အဆုံးထိဆက်တိုက်မလား။ NUG, CRPH နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေး  နိုင်ငံရေးအပိုင်းကို ဆက်ညှိမလား။ ၂၀၀၈ တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းရေးဆွဲထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံမူကြမ်းကို NUG နဲ့ ကာလအကျင်းအကြပ်ထဲမှာ ရအောင်ဆွေးနွေး အတည်ပြုကြမလား။ လူထုတရပ်လုံးကိုချပြပြီးမှ အတည်ပြုမလား။ လူထုဆန္ဒခံယူပွဲလိုမလား။ ဖယ်ဒရယ်နိုင်ငံရေးသဘောတူညီချက်များ ရနိုင်ဖို့ အရင်လား။ စစ်တပ်အမြစ်ဖြတ်ရေး အရင်လား။ အကုန်တပြိုင်တည်းလား။ ပီဒီအက်ဟာ ဖယ်ဒရယ်အာမီ ရှေ့ပြေးဖြစ်လာမလား။ ခက်ခဲနိုင်ငံ‌ရေးပုစ္ဆာမေးခွန်းများစွာက တော်လှန်ရေးထဲမှာ တကယ်ရှိနေတဲ့ အရှိတရားတွ ။ 

နွေဦးတော်လှန်ရေးကတော့  ပြောင်းလဲခြင်းများစွာကို ယူဆောင်လာတယ်။  မြို့ပြ-ကျေးလက်-နိုင်ငံတကာ နိုင်ငံရေးနဲ့ စစ်ရေး စတဲ့ စစ်မျက်နှာအစုံဖွင့်နေရလို့ စစ်တပ်အကြပ်အတည်းဖြစ်ချိန်။ အမြတ် Bargain ကောင်းကောင်းရအောင် စစ်တပ်နဲ့ အရင်စကားပြောမယ်။ နယ်မြေသတ်မှတ်ချက် စစ်စခန်းနေရာချထားမှုများ စီးပွားရေး အပေးအယူများလုပ်မယ်။ တဖက်က အင်အားတည်ဆောက် စစ်တပ်ကို  ၂၀၂၃ ‌ရွေးကောက်ပွဲလမ်း ကြောင်း ဆက်သွားခွင့်ပေးလိုက်မလား။ NUG နဲ့ ဗမာစစ်တပ်မှာ ဘယ်သူကဦးစားပေးဆွေးနွေးဖက်၊ ဘယ်သူက မဆွေးနွေးနိုင်တဲ့ဖက်၊ ဒါ  EAOs အသီးသီး တဖွဲ့ချင်းစီ သေချာစဥ်းစားဆုံးဖြတ်ရမယ့်ကာလ အလျင်တခု။ လူထုက ဒါကိုအကဲခတ်၊ သမိုင်းအဆုံးအဖြတ်ပဲ။ မအလကတော့  အာ ဏာသိမ်းပြီးမှ  EAOs တွေနဲ့ဆွေးနွေးနေတာ (၉) ကြိမ်ရှိပြီလို့ ပြောတယ်။ 

တိုင်းရင်းသားလွတ်မြောက်နယ်မြေဒေသတွေဆီမှာရှိတဲ့ ဖွဲ့စည်းပြီးသမျှ NUG-PDF တွေ၊ မလွတ်မြောက်သေးတဲ့ ဒေသမြို့ရွာတွေက Local PDF တွေကတော့ ကျင့်သားရအောင်၊ အင်အားကောင်းသထက်ကောင်းအောင်၊ နယ်မြေစိုးမိုးနိုင်အောင် ဆက်လုပ်နေကြမှာပဲ။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရမယ်ဆိုတဲ့ ဦးတည်ချက်တခုထဲ။ သူတို့ရဲ့အခက်အခဲကို နားလည်တယ်။ သူတို့ ပိုင်းဖြတ်မှုနဲ့ သံနိဌာန်တွေကို ယုံကြည်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မျှော်လင့်သေးလို့၊ ၂၀၂၃ စစ်တပ်စီမံမယ့် ရွေးကောက်ပွဲဆိုတာကို ယုံကြည်လို့ စစ်တပ်ကတိကဝတ်ကိုယုံကြည်လို့ လက်နက်စွန့် အိမ်ပြန်ကြမယ်ဆိုတဲ့အဖွဲ့တော့ မတွေ့သေးဘူး။  

၉ လပြည့်လာတဲ့တိုင်အောင် တိုင်းပြည်ကို ငြိမ်ဝပ်အောင် ပြည်သူလက်ခံအောင် မအုပ်ချုပ်နိုင်တဲ့စစ်တပ်ဟာ နိုင်ငံတကာမျက်နှာစာ၊ သံတမန်ရေးမျက်နှာစာ၊ စီးပွားရေးမျက်နှာစာ နေရာတိုင်းမှာ သိသိသာသာ အရေးနိမ့်လာတယ်။  မြန်မာလူထု ၉၀ ရာခိုင်နှုန်းက စစ်တပ်ကိုလက်မခံဘူးဆိုတာကို အိမ်နီးချင်းပေါက်ဖေါက်ကြီးလဲ သိတယ်။ နောက်ထပ် စူပါပါဝါကြီးလဲ သိတယ်။ ဒီတော့ စစ်တပ်ကို သိသိသာသာ ထောက်ခံမှုမျိုးတော့ မပြကြဘူး။ ဒီအချက်က  မြန်မာပြည်အတွက် ထိခိုက်မှုနဲတဲ့ ကန့်သတ်စစ်မျိုးကိုဦးတည်စေလို့ တမျိုးကံကောင်းတယ်ဆိုရမယ်။ (စီးပွားရေးအကျိုးအမြတ်ရဖို့ အခွင့်သာတုန်း အတင်းဝင်နှိုက်မိပြီး သူ့အကျိုးစီးပွားကာကွယ်ရမယ့်အပိုင်းမှာ ပြည်သူနဲ့ထိပ်တိုက်တွေ့ရင်တော့ မကောင်းဘူး‌ပေါ့) အထူးသဖြင့် အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ရပ်တည်မှုဟာ စစ်တပ်ကို အထီးကျန်စေ တရားမဝင်ဖြစ်စေအခြေအနေမှန်ကို ပိုသဘောပေါက်စေ လူထုကို အားတက်စေပါတယ်။ 

မြန်မာ့အရေးကိုဘေးက လက်ပိုက်ကြည့်မနေသင့်ကြတော့ဘူး။ တတ်နိုင်သလို  ပါဝင်ဖြေရှင်းကြမယ်ဆိုတော့ စင်ကာပူအစိုးရက သူ့လက်ထဲမှာ ရှိနေတဲ့ မြန်မာစစ်တပ်၊ စစ်တပ်အနွယ်၊ ပတ်သက်ခရိုနီများရဲ့ ငွေကြေး ဒေါ်လာ ၂၄ ဘီလီယံကို တကယ်ကြပ်မတ်ထိန်းချုပ်တော့မှာလား ။ အဲလိုလုပ်လာခဲ့ရင် စကစ ရပ်တည်ရေးက တကယ်ခက်ခဲမယ်။  သဘောထားပြောင်းနိုင်မယ်ထင်လား။ ဘယ်သူမှမသိ။ ထိုင်းနဲ့ - အမေရိကန် သဘော တူညီမှုရသွားပြီ။ ထိုင်းနယ်စပ်ကိုဖြတ်ကျော်ပြီး အမေရိကန်အစိုးရထံက လူသားချင်းဆိုင်ရာအကူအညီတွေ တိုင်းရင်းသားဒေသများဆီ၊ NUG အစိုးရဆီ အလွယ်ထောက်ပံ့နိုင်တော့မယ်ဆိုတဲ့ ဖြစ်ပေါ်တိုးတက်မှုက မြန်မာ့တော်လှန်ရေးအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ဖြစ်လာစေမလဲ။ အာဆီယံနိုင်ငံများကျင်းပတဲ့ ထိပ်သီးအစည်းအဝေးတက်ဖို့ စစ်ကောင်စီကို မဖိတ်ပဲချန်လှပ်ခဲ့တာဟာ အာဆီယံကချပေးတဲ့ မူ ၅ ချက်ကို မလိုက်နာရုံတခုထဲအတွက် ပညာပေးအရေးယူတဲ့အဓိပ္ပါယ်တခုထဲလား။ ဒါမှမဟုတ် စစ်ကောင်စီ  ဆက်လက်အုပ်စိုးနေမှုကို ငါတို့အာဆီယံနိုင်ငံတွေက လက်မခံ အသိအမှတ်မပြုဘူးဆိုတဲ့ သတင်းစကားပေးချင်တာလား။ မကြာခင်က အမေရိကန် အထက်အောက် လွှတ်တော်နှစ်ရပ်က သဘောတူချမှတ်လိုက်တဲ့ Burma Act 2021 ဟာ ဘယ်အထိ အကျိုးဆက်တွေ သက်ရောက်လာမလဲ။ နိုင်ငံတကာက စိတ်ဝင်စားပြီးရလာတဲ့ အသီးအပွင့် ဖြစ်ပေါ်တိုးတက်မှုတွေက ပြည်တွင်းတော်လှန်ရေးကို ရိုက်ခတ် လူထုတော်လှန်‌ရေးကို သွေးမအေးအောင် မီးထိုးပေးနေတယ်။ 

ပြည်ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြော‌ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ၂၀၂၃ ရွေးကောက်ပွဲ အလားအလာကို သွေးထွက်သံယိုလို့ ကြိုတွက်ထားတယ်။ လူထုတော်လှန်ရေးရေချိန်က တနေ့တခြားမြင့်နေတာမို့  ၂၀၂၃ ဆိုရင် ရွေးကောက်ပွဲဝင်အမတ်လောင်းတွေကို လူထုက စစ်ကျွန်သက်ရှည်စေခြင်းအရင်းခံ ဒလန်အုပ်ကြီးတွေအထိ အဆင့်ချပစ်မှာလား။ ခေတ်နံရံကို တဝုန်းဝုန်းရိုက်နေတဲ့ မေးခွန်းပုစ္ဆာများ။

စစ်တပ်ဟာ ၂၀၀၈ ကိုဖက်တွယ် ပြည်တွင်းမှာ အထီးကျန်ဘဝနဲ့ ပြည်သူ့တော်လှန်စစ်ကို အသာစီးရစရာ နည်းလမ်းများရှာရင်း ဆက်ရင်ဆိုင် နေမလား ။ EAOs အင်အားစုများက ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရာလမ်းမှာ NUG, CRPH နဲ့ ပြတ်ပြတ်လက်တွဲ - PDF တွေကို ပြတ်ပြတ်သားသားဦးဆောင် တိုက်ပွဲဝင်သွားမလား။ ဒါမှမဟုတ် အားပေးကူညီ၊ အခြေအနေကိုသုံးသပ်၊ ကာလတခုရောက်မှ ဆုံးဖြတ်မှာလား ။ ဒါမှမဟုတ် ကိုယ့်အမျိုးသားရေးတခုတည်းကို အဓိကထား ရပ်သွားမှာလား။ အသက်မဝင်တော့တဲ့ NCA ကို အသက်မှုတ်သွင်း မူလဦးဆောင်သူများကို ချန်လပ်၊ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဆက်ကြိုးစားနေကြဦးမှာလား။

NUG ကတော့ လေထဲကအစိုးရမဟုတ်ကြောင်း နွေဦးထီနဲ့ အောင်ဘာလေကိုအားစမ်းပြီး ငွေတိုက်စာချုပ်တွေကို ယုံကြည်စွာထုတ်ရောင်း၊ ပြည်သူကို အခွန်ဆောင်ခိုင်း၊ အမေရိကန်နဲ့ တခြားမိတ်ဖက်နိုင်ငံများနဲ့  နိုင်ငံ‌ရေးစကားပြော။ ခြေလှမ်းကို အဆင့်ဆင့်မှန်မှန်လှမ်းရင်း အလုပ်နဲ့သွားတယ်။ 

ပြည်သူများ ဘေးကင်းလွတ်မြောက်ခြင်း အမြန်ရကြပါစေ ...။

ခွန်ဆိုင်း 
အောက်တိုဘာ ၂၈၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar