Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၁

• လူ့အခွင့်အရေး ခုခံကာကွယ်ခွင့် စီရင်ဆုံးဖြတ်ခွင့်၊ မီဒီယာပတ်ဝန်းကျင် 
မြန်မာနိုင်ငံရဲ့ ပြည်တွင်းသတင်းဌာနတွေက ဖေါ်ပြနေကြတဲ့သတင်းတွေထဲမှာ နေ့စဥ်လိုလိုပါရှိနေတဲ့ သတင်းအမျိုးအစားတမျိုးကတော့ ဒလန်လို့ သတင်းကြီးသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး အသတ်ခံရတယ်ဆိုတဲ့သတင်းမျိုးတွေပဲ ဖြစ်ပါတယ်။ 

အခုလို သတင်းပေးသူတွေလို့ သံသယရှိသူ၊ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကို ပူးပေါင်းဆောင်ရွက်သူ (သို့မဟုတ်) သံသယရှိသူတွေကို သုတ်သင်ရှင်းလင်းတာတွေက ပြီးခဲ့တဲ့ မေလလောက်ကတည်းက စတင်လာခဲ့တာ ဖြစ်ပါတယ်။ 

အစပိုင်းမှာတော့ ခုလို သုတ်သင်ရှင်းလင်းမှုတွေဟာ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ နေ့စဥ်လိုလို တာဝန်တရပ်အနေနဲ့ လုပ်ဆောင်နေကြတဲ့သဘောမျိုးဖြစ်လာပြီး မြို့ပေါ်တွေမှာ နေ့စဥ်ဖြစ်ပွားနေသလို ကျေးရွာတွေမှာလည်း နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ သတင်းတွေထဲ ရခိုင်ပြည်နယ်ကလွဲရင် မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတာတွေ့ရှိရမှာ ဖြစ်ပါတယ်။ အများဆုံးဖြစ်ပွားတာတွေကတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် ရှမ်းပြည်နယ်ရဲ့ ဒေသအချို့တို့မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဒေါက်တိုင်ကိုဖြိုတယ်လို့ နိုင်ငံရေးအားဖြင့် ဆင်ခြေပေးထားကြပြီး အကယ်၍ သူတို့ကိုမသတ်ရင် ကိုယ့်ဘက်က ဒေသအလိုက် ပီဒီအက်ဖ်တွေ အဖမ်းခံရ၊ အသတ်ခံရမယ်ဆိုတာမျိုး ယူဆပြောဆိုမှုကနေ သုတ်သင်သတ်ဖြတ်ဖို့ နှိုးဆော်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ 

ဒေသအလိုက် ပီဒီအက်ဖ်တွေအနေနဲ့ သူတို့ရဲ့လုပ်ကိုင်မှု ဗုံးခွဲမှု၊ စစ်ကောင်စီ ကင်း၊ ကားတွေကို ကြားဖြတ်တိုက်ခိုက် တိမ်းရှောင်မှုတွေကို ဖေါ်ထုတ်ဖမ်းဆီးခံရတာတွေဟာ သတင်းပေးတွေကြောင့်လို့ ယူဆမှုတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ သတင်းပေးတွေမသိနိုင်အောင် လုံခြုံရေးစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ ပိုမိုလျှို့ဝှက်အောင်လုပ်ဆောင်ဖို့ ပြန်သုံးသပ်မှုတွေလည်း လုပ်သင့်တယ်လို့ ထင်မြင်ပါတယ်။ အရပ် သားအားလုံးက ကိုယ့်ကို ရာနှုန်းပြည့် ထောက်ခံသူ အကာအကွယ်ပေးသူလို့ တထစ်ချမှတ်ယူပြီး လုပ်ဆောင်မှုတွေ နေထိုင်သွားလာမှုတွေကို မလုပ်သင့်ပဲ ရှိသင့်တဲ့လျှို့ဝှက်မှုမျိုးကိုလည်း ထားရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

လူအများစုက နွေဦးတော်လှန်ရေးကို ထောက်ခံတယ်ဆိုတာ အငြင်းပွားစရာမရှိပါ။ သို့ပေမယ့် မြို့မှာ ရွာမှာ လူ ၁၀၀ ရှိရင် ၁၀၀ လုံးက စိတ်ချယုံကြည်ရတဲ့သူဖြစ်ဖို့က စိတ်ကူးယဥ်ဆန်တဲ့ယူဆချက်မျိုး ဖြစ်နေမှာပါ။ စစ်တပ်ကိုထောက်ခံသူ ကြံ့ခိုင်ရေးကိုထောက်ခံသူ  စစ်တပ်နဲ့ဆက်ဆံတဲ့ နိုင်ငံရေးပါတီကိုထောက်ခံသူ ပါတီဝင်ဖြစ်တာနဲ့ သတင်းပေးလို့သံသယဝင်ပြီး သုတ်သင်ရှင်းလင်းတာတွေက တချိန်ချိန်မှာ သမိုင်းမှာ အမဲကွက်စွန်းထင်းကျန်ရစ်နိုင်တာ ဖြစ်ပါတယ်။ 

ဆိုးရွားလွန်းလှတဲ့ ကမ္ဘောဒီယားက ခမာနီအဖြစ်အပျက်နဲ့ နှိုင်းယှဥ်စရာမဟုတ်ပေမယ့် ခမာနီတွေက ရပ်ရွာထဲက သူတွေအချင်းချင်းကို ဖောက်ပြန်ရေးသမား၊ တော်လှန်ရေးဆန့်ကျင်သူ၊ ဘူဇွာအတွေးအခေါ်ရှိသူလို့ တံဆိပ်ကပ်ပြီး ဖမ်းဆီး ချွေးတပ်စခန်းပို့ သတ်ဖြတ်ခဲ့ကြတာမျိုး အကြောက်တရားနဲ့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

အခုနေအခါ စစ်ကောင်စီကလည်း NLD  ခေါင်းဆောင်၊ ပါတီဝင်၊ ထောက်ခံသူတွေကို ဆူပူမှုဗုံးခွဲမှုတွေလုပ်သူတွေလို့ တပ်နဲ့သူ့ထောက်ခံသူတွေအကြား ဝါဒဖြန့်ကာ ဖမ်းဆီး ညှင်းဆဲ အချို့ကို အသက်ဆုံးရှုံးတဲ့အထိ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
 
ဒီလို စစ်ကောင်စီလုပ်ဆောင်မှုတွေကိုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေဆိုတဲ့ဘက်ကလည်း သူတို့နည်းနာမျိုးနဲ့ သတင်းပေးဆိုတဲ့သူ၊ သံသယရှိသူတွေကို သတ်ဖြတ်ဖို့ စီရင်ခွင့်ကို လွယ်လွယ်နဲ့မချမှတ်သင့်ဘူးလို့ ယူဆမိပါတယ်။ 

သတ်ဖြတ်တာဟာ လုပ်ရလွယ်တယ်၊ သူတို့ကိုသတိပေးတာ စောင့်ကြည့်တာ ဖမ်းဆီးတာ စစ်ဆေးတာတွေလုပ်ဖို့ ယန္တရားမရှိဘူး။ အခုလို အခြေအနေအောက်မှာ မလုပ်နိုင်ဘူး ဒီနည်းလမ်းပဲရှိတယ်ဆိုတာမျိုးလည်း ယူဆကောင်း ယူဆကြပါလိမ့်မယ်။ 

ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေဟာ လက်နက်ကိုင် တပ်ဖွဲ့တွေဖွဲ့စည်းကြမယ်၊ လက်နက်ကိုင်ပျောက်ကျားနည်းနဲ့ လှုပ်ရှားကြမယ်ဆိုတဲ့အခါ လက်နက်ကိုင်သူတွေကို တိုက်ခိုက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်သော်လည်း လက်နက်မကိုင်တဲ့ အရပ်သားတွေကို သတင်း ပေးတယ်ဆိုတဲ့ သံသယ (သို့မဟုတ်) အချို့သော အထောက်အထားရှိတယ်ဆိုရုံနဲ့ သူနဲ့ တချို့သောအခြေအနေမှာ မိသားစုဝင် ကလေးငယ်တွေပါ ကြားညှပ်သေဆုံးရတဲ့ အဖြစ်အပျက်တွေကို လူ့အခွင့်အရေးရှုထောင့်၊ သမိုင်းရဲ့စာမျက်နှာမှာ မှတ်တမ်းတင်ကြမယ့်အထိ စဥ်းစားပြီး ထိန်းကျောင်းကြဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ 

မကြာမီရက်ပိုင်းက ဆိုရှယ်မီဒီယာ ပို့စ်တခုမှာ အခုလို သတင်းပေးတွေကို သတ်ဖြတ်တာဟာ “လက်နက်မကိုင်ဘဲ အကြမ်းဖက်အားပေးသူ ပါဝင်သူ” အဖြစ်သတ်မှတ်နိုင်တယ်ဆိုတဲ့အမြင်၊ ပြီးတော့ မိမိကိုယ်ကာကွယ်မှုအနေနဲ့ “လက်နက်မကိုင်တဲ့ အကြမ်းဖက်မှု ပါဝင်ကူညီအားပေးသူတွေကို” သတ်ဖြတ်ခြင်းကို လုပ်နိုင်တယ်၊ သူ့ရဲ့သတင်းပေးမှုတွေကို အထောက်အထားရှိရမယ်ဆိုတဲ့အကြောင်း ရေးထားတာ ဖတ်ရှုရပါတယ်။ သူ့ရဲ့ ပြောဆိုမှုကို ဥပဒေသမားတယောက်ကတော့ "ဒါဟာ ဥပဒေမဲ့သတ်ဖြတ်မှုသာဖြစ်တယ်” လို့ အကဲဖြတ် မှတ်ချက်ပေးတာလည်း တွေ့လိုက်ရပါတယ်။ 

သတင်းမီဒီယာတွေ အနေနဲ့လည်း သတင်းပေးအသတ်ခံရတယ်ဆိုတဲ့ သတင်းမျိုး ဖေါ်ပြကြတဲ့အခါ ဒေသခံတဦးက သတင်းပေးလို့ သတင်းကြီးနေကြောင်း သတင်းဆို့စ်အဖြစ် ကိုးကားဖေါ်ပြကြတာ များပါတယ်။ စစ်ကောင်စီတွေ ရွာ၊ ရပ်ကွက်ကိုလာဖမ်းစဥ် လမ်းပြတယ်၊ အတူလိုက်ပါလာတယ်၊ ရပ်ကွက် (သို့) ကျေးရွာက သူက သတင်းပေးလို့ ကျန်တဲ့သူတွေ အဖမ်းခံရတယ်လို့ ယုံကြည်ကြတယ်ဆိုတာမျိုး၊ ယူဆချက်ကို သတင်းထဲမှာ ဖော်ပြကြပါတယ်။ စစ်ကောင်စီတွေကို စားစရာပို့တယ် စသဖြင့် သတင်းထဲဖေါ်ပြပြီး၊ အသတ်ခံရသူတွေကို သတင်းပေးတွေလို့ ယုံကြည်ရတဲ့ သဘောမျိုး သတင်းမီဒီယာရဲ့ဆို့စ်က ပြောဆိုတယ်ဆိုတဲ့တင်ပြချက်နဲ့ သတင်းကိုတည်ဆောက်ကြပါတယ်။ သတင်းပေးဟုတ်တယ် မဟုတ်ဘူးဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ဘူးလို့ စာပိုဒ်တပိုဒ် ထည့်ရေးနေကြပါတယ်။ "သတင်းပေးသူ အသတ်ခံရ"၊ "ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသတ်ခံရ” ဆိုတဲ့ ခေါင်းစဥ်မျိုးနဲ့ ပုံသေကားကျ ဖေါ်ပြနေကျသတင်းမျိုးအဖြစ်နဲ့ နေ့စဥ်ဖေါ်ပြလာကြတာဖြစ်ပါတယ်။ 

လက်ရှိ အခြေအနေမှာ သတင်းဌာနတွေကို ဆက်သွယ်သတင်းပေးတာကို သတင်းဌာနတွေက ဖေါ်ပြနေကြရတဲ့အခြေအနေ၊ မြေပြင်မှာသွားပြီးစစ်ဆေးအတည်ပြုနိုင်တဲ့၊ လွတ်လပ်တဲ့သတင်းရင်းမြစ်ကိုပါမေးမြန်းပြီးမှ ဖေါ်ပြနိုင်ကြတာမျိုးမဟုတ်တာ အမှန်ပါ။ သတင်းရင်းမြစ်ကိုယ်တိုင် ဘက်တဘက်က ဖြစ်နေတဲ့အခါမျိုးမှာ ကိုယ့်သတင်းရင်းမြစ်ဟာ ဖြစ်စဥ်နဲ့ပတ်သက်လို့ အကျိုးစီးပွားရှိနေသူလား၊ ဆက်စပ်ပတ်သက်နေသူလား၊ သတင်းမီဒီယာကို အသုံးချပြီး သူတို့လုပ်ဆောင်မှုကို အများသိအောင်လုပ်ဖို့ရည်ရွယ်ချက်များရှိသလားဆိုတာတွေအထိ သတင်းသမားရဲ့ ကျွမ်းကျင်မှု ဗဟုသုတ၊ အတတ်ပညာကို သုံးဖို့လိုအပ်မယ် ဖြစ်ပါတယ်။ 

နို့မဟုတ်ရင် ခေတ်တခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှုထဲက အဖွဲ့အစည်းတွေရဲ့အကျိုးကို လိုက်ရေးပေးကြတဲ့ ဝါဒဖြန့်မီဒီယာမျိုးပဲဖြစ်နေပြီး အများအကျိုးစီးပွားဆိုတဲ့ လူ့အခွင့်အရေးကို လေးစားသော ယဥ်ကျေးတဲ့ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ သတ်ဖြတ်မှုကို အားပေးအားမြှောက်မပြုတဲ့ မီဒီယာမျိုးကနေ ဝေးကွာ သွေဖယ်နေမယ်လို့ ယူဆပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar