Breaking News

မိုးမခကဗျာ - မင်းငြိမ်းအေး " သောင်ရင်းကိုပြန်ကော်တယ်၊ သောင်ရင်းမြစ် "

KT#
မိုးမခကဗျာ
အောက်တိုဘာ ၁၀၊ ၂၀၂၁

" သောင်ရင်းကိုပြန်ကော်တယ်၊ သောင်ရင်းမြစ် "
မင်းငြိမ်းအေး

ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့
နိမ့်ရာမှမြင့်ရာဆီ
ဆန်တက်လာတဲ့ မြစ်တစ်စင်း
ရာဇဝင်အရပြောကြေးဆို
မိန်းမကောင်းတွေပန်တဲ့ပန်းနဲ့
သူရဲကောင်းတွေ၊ ခုန်ချခဲ့တဲ့ မြစ်
နောက်ကျိနေတဲ့ရေမှာ
ထင်နေတဲ့ခြေရာက
မဟုတ်မခံစိတ်
မျိုးဆက်တွေရဲ့လမ်းစဉ်က
လွတ်သောငါးမကြီးရေးမူ
အခြေတကျစီးဆင်းနေတဲ့၊ ကြမ်းတမ်းခက်ထန်မှုတွေ
နည်းနည်းလေးလျှော့ချလိုက်တာနဲ့
မြစ်ကကမ်းကိုရှာတော့တယ်
တချို့သောမျိုးဆက်တွေတိမ်ကော
တချို့သောကမ်းပါးတွေပြတ်ကျ
တစ်ချို့သောခြေထောက်တွေသာ
ကိုယ့်ခြေရာကို၊ ကိုယ်ပြန်ရှာရင်း
မြစ်ပြင်ကိုခြေစင်းခဲ့ကျတယ်
ဒါဟာ သောင်ရင်း
သမိုင်းရှာသူတွေ တူးဖော်ယူထားတဲ့မြစ်
အသံကြောင့်သားမသေတဲ့မြစ်
ဒီလိုမြစ်မှာ
မင်းရေးချင်တဲ့သမိုင်းက
တဘက်ကမ်းကိုကူးမဲ့ခြေရာလား
ယုံထားလိုက်
မြစ်ရဲ့ရင်ခွင်မှာ
ရေဟာ
ဘယ်တော့မှမလုံခြုံဘူး
ယုံထားလိုက်
သွေးဟာ
ဘယ်တော့မှ
သွေးပြန်မသောက်ဘူး
ယုံထားလိုက်
သားတစ်ယောက်ရဲ့သွေးပြန်ကြောမှာ
အမေမျှော်တဲ့မြစ်လေ
ဘယ်တော့မှ
စုန်မဆင်းခဲ့ဘူး ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar