Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၂၁) ထိုင်းနိုင်ငံရှိ ပြဿနာအိုး ဧည့်သည်များ

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)

အခန်း (၂၁) ထိုင်းနိုင်ငံရှိ ပြဿနာအိုး ဧည့်သည်များ
အောက်တိုဘာ ၁၀၊ ၂၀၂၁

၁၉၆၀ ပြည့်လွန်နှစ် အလယ်ပိုင်းလောက်မှာ ထိုင်းနိုင်ငံအတွင်းက တရုတ်ဖြူတွေ အခြေချ နေထိုင်တဲ့နေရာတွေဟာ စည်ပင်ဖြစ်ထွန်းလာပါတယ်။ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ကျောင်းတွေ ဆောက်ပေးတဲ့အပြင် ရွာသားတွေအတွက် စီးပွားရေးနဲ့ နည်းပညာ ဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ ထိုင်းနိုင်ငံ မြေနိမ့်ပိုင်းက စိုက်ပျိုးရေးမှာ မဖြစ်ထွန်းနိုင်တဲ့ အအေးပိုင်း ရာသီမှာ ဖြစ်ထွန်းတဲ့ သီးနှံတွေဟာ သူတို့နေထိုင်တဲ့ တောင်ပေါ်ဒေသမှာ စိုက်ပျိုးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ အစိုးရကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အမဲလိုက်ဖို့ လက်နက် ကိုင်ဆောင်ခွင့် ပေးထားပါတယ်။ ဒါပေမယ့်လည်း ဒီဒုက္ခသည်တွေဟာ ပြဿနာအိုးတွေ ဖြစ်ပါတယ်။ ရွာသားတွေက ထိုင်းနိုင်ငံ အတွင်းမှာပဲ ဘိန်းစိုက်ကြပါတယ်။ ပြီးတော့ တရုတ်ဖြူတပ်ဖွဲ့တွေ အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးတယ်။ ဝန်တင် တိရစ္ဆာန်အား၊ လူအားနဲ့ မြန်မာနိုင်ငံထဲ ရောက်အောင် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေးတယ်။ အပြန်မှာ ဘိန်းတွေ သယ်လာတယ်။ “ကျုပ်တို့က ကွန်မြူနစ် မကောင်းဆိုးဝါးတွေကို ဆက်တိုက်ရဦးမယ်။ ဒီလိုတိုက်ဖို့ ခင်ဗျားတို့မှာ စစ်တပ်တတပ် ရှိရမယ်။ စစ်တပ်အတွက် သေနတ်တွေ ရှိရမယ်။ သေနတ်တွေ ဝယ်ဖို့ ငွေရှိရမယ်။ ဒီတောင်တန်းတွေမှာ ဘိန်းက ငွေပဲ” လို့ တပ်တော် (၅) တပ်တော်မှူး တွမ့်ရှီးဝင် က သူ့စီးပွားရေး လုပ်ငန်းတွေက တရားမျှတမှု ရှိကြောင်း ဘွင်းဘွင်းပြောပါတယ်။

တရုတ်ဖြူ ဒုက္ခသည်တွေက သူတို့ရဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခို လမ်းကြောင်းကနေ အဝေးကို ပြောင်းရွှေ့ဖို့ ဖိအားပေးတာကို ဆန့်ကျင်ကြပေမယ့် ထိုင်းအာဏာပိုင်တွေ၊ ထိုင်းနိုင်ငံသားတွေနဲ့ ပဋိပက္ခ မဖြစ်အောင် ရှောင်ပါတယ်။ ယူနန် ဒါမှမဟုတ် မြန်မာနိုင်ငံက မကြာသေးခင်က ရောက်လာတဲ့ တောင်ပေါ်သားတွေ အပေါ် ထားရှိတဲ့ တရုတ်ဖြူတွေရဲ့ အပြုအမူကတော့ ကောင်းတဲ့ ဥပမာ မဟုတ်သလို ဒီတောင်ပေါ်သားတွေဟာ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့် မရှိသလို အစိုးရနဲ့ နယ်စပ် အသိုင်းအဝိုင်းမှာလည်း ထောက်ခံပေးသူ ရှိလှတာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေရာချထားခံရတဲ့ တရုတ်ဖြူတွေနဲ့ ဒေသခံ တောင်တန်းသားတွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ လူမှုရေးနဲ့ စီးပွားရေး တည်ငြိမ်အောင် ပူးတွဲ ဖန်တီးနိုင်ခဲ့ပါတယ်။ ဘိန်းအပေါ် မှီခိုအားထားနေရဲ့ တောင်တန်းသားတွေ ပစ်ပယ်ထားရာ မရောက်အောင် ထိုင်းအာဏာပိုင်တွေက အဲဒီတောင်ပေါ်သားတွေ ငွေဖြစ်အောင် သူတို့ စိုက်ချင်တာ စိုက်နေတာတွေကို မမြင်ချင် ယောင်ဆောင်ထားရပါတယ်။ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံက တောင်ပေါ်သားတွေဟာ ဘိန်းကို စိုက်ပြီး (အများအားဖြင့် တရုတ်လူမျိုးတွေဖြစ်တဲ့) ပွဲစားတွေဆီ ရောင်းပါတယ်။ ပွဲစားတွေက တရုတ်ဖြူတွေဆီ အခွန်ဆောင်၊ တရုတ်ဖြူတွေရဲ့ အစောင့်အရှောက်နဲ့ ဘိန်းတွေကို သယ်ယူ ဖြန့်ဖြူးပါတယ်။ အတော်ကလေး ကြီးပွားလာကြတဲ့ တရုတ်ဖြူ စစ်သားတွေ၊ ဘိန်းကုန်သည်တွေနဲ့ တောင်ပေါ်သား ဘိန်းစိုက်တောင်သူတွေဟာ ထိုင်းနိုင်ငံ မြေနိမ့်ပိုင်းကနေ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ စားသောက်စရာတွေနဲ့ လူသုံးကုန် ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချဖို့ ကောင်းတဲ့ ဈေးကွက်ဖြစ်လာပါတယ်။ ဒီမှောင်ခိုလုပ်ငန်းတွေက အကျိုးအမြတ်ကို ထိုင်းအရာရှိတွေကလည်း ဝေစုရကြပါတယ်။ တရုတ်ဖြူတွေ နယ်စပ်မှာ ရှိနေတာဟာ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံဘက်က ကွန်မြူနစ် ပုန်ကုန်မှု မပျံ့နှံ့နိုင်အောင် လုံခြုံရေး ကြားခံ တခုဖြစ်တယ်လို့ သူတို့က အကြောင်းပြပါတယ်။ တကယ်လို့ အညီအမျှ မဟုတ်ဘူးဆိုရင် ဒီအစီအစဉ်က အားလုံးအတွက် အကျိုးရှိပါတယ်။

လီဝင်ဟွမ့်နဲ့ တွမ့်ရှီးဝင် တို့က ဘိန်းစစ်ဘုရင်တွေထက် နည်းနည်းသာတယ်။ သူတို့ဟာ တရုတ်အမျိုးသားတပ်မတော် အဆောင်အယောင်တွေ သုံးစွဲနေသေးပြီး ထိုင်ဝမ်းနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။ သူတို့ရဲ့ ဌာနချုပ်တွေဟာ အဆောက်အဦးတွေ အစီအရီနဲ့ဖြစ်ပြီးတော့ စစ်ရေးပြကွင်းရှိတယ်၊ ထိုင်းရဲဘက်နဲ့ စစ်ဘက်က ရဟတ်ယာဉ်တွေ ဆင်းနိုင်တဲ့ ကွင်းရှိတယ်။ ၁၉၆၅ ခုနှစ်မှာ တရုတ်ဖြူ ဒုက္ခသည်တွေ အခြေချ နေထိုင်တဲ့ နေရာတွေ အတွက် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများရေးရာ ကော်မရှင်ကနေ တဆင့် ထိုင်ပေက ဘဏ္ဍာရေးနဲ့ နည်းပညာ ဆိုင်ရာ အကူအညီ အတော်အသင့် ပေးတယ်။ အဲဒီနေရာတွေမှာ အရပ်သား ၆,၀၀၀ လောက်ရှိပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက နယ်စပ်ဒေသက တရုတ်ဖြူတပ် အင်အား ၄,၀၀၀ လောက်ကို ထောက်ပံ့ထားရတယ်။ “ကွန်မြူနစ်တွေကို တိုက်ခိုက်ဖို့” သင်တန်းတွေရှိကြောင်း၊ သူတို့ရွာတွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းက နယ်စပ်ဒေသ တလျှောက်မှာရှိတဲ့ တပ်တွေကို ထောက်ပံ့ပေးနေကြောင်း ယူနန် ဒါမှမဟုတ် မြန်မာနိုင်ငံက ထပ်မံ ရောက်ရှိလာသူတွေကို ကြွားပါတယ်။ ယောက်ျားလေးတွေအတွက် အသက်မွေးပညာ သင်တန်းဆိုတာမှာလည်း စစ်ပညာတွေ အကန့်အသတ်နဲ့ သင်ပေးပါတယ်။

တပ်တော် (၃) ရဲ့ ဒုက္ခသည်ရွာ နှစ်ရွာဟာ အတော်လေး စည်ပင်ဖွံ့ဖြိုးနေကြောင်း ၁၉၆၅ အောက်တိုဘာတုန်းက ဖော်ပြကြပါတယ်။ အဲဒီနှစ်ရွာထဲမှာ ဘန်ယန် က အရင်တည်ထောင်တာဖြစ်ပြီး အကြီးဆုံး ဖြစ်ပါတယ်။ အိမ်ထောင်စု ၂၅၀ ရှိပါတယ်။ နောက်မှ ရောက်လာသူတွေက ဘန်ယန်ရဲ့ တောင်ဘက် လေးမိုင်အကွယ်မှာ ဘန်နောင်ဘို ဆိုပြီး တည်ထောင်ကြပါတယ်။1 ထိုင်ဝမ်းအစိုးရကနေ လွှတ်လိုက်ပြီး အဲဒီရွာမှာ လာနေထိုင်ကြတဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အစားအသောက် ထုတ်လုပ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေမှာ ကူညီပါတယ်။ ရွာသားတွေဟာ ဝမ်းစာစပါး ဖူလှုံကြတဲ့အပြင် ပိုလျှံတာတွေကိုတောင် မြေနိမ့်ပိုင်းက ထိုင်းဈေးကွက်ထဲမှာ ရောင်းချပါတယ်။ ဒုက္ခသည်တွေဟာ ချမ်းသာကြတယ်၊ အဝတ်အစား ကောင်းကောင်း ဝတ်နိုင်တယ်။ သူတို့လို ဝေးလံခေါင်သီတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ထိုင်းလူမျိုးတွေထက်တော့ လူနေမှု အဆင့်အတန်း မြင့်မားပါတယ်။ သတ်မှတ်ထားတဲ့ ဒုက္ခသည်ရွာတွေမှာ နေရာပြည့်ကုန်လို့ နောက်မှ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံက ရောက်လာသူတွေ အတွက် ရွာပတ်ဝန်းကျင်မှာ အိမ်စုလေးတွေ ထပ်ထူထောင်ရတယ်။ ရွာတွေကို သွားနိုင်တဲ့လမ်းကြောင်းတွေကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ထိန်းချုပ်ထားပြီးတော့ ရွာကလူတွေ အပြင်ဘက်သွားမယ်ဆိုရင် ခရီးသွားခွင့် လက်မှတ် လိုအပ်ပါတယ်။ ဒါတွေဟာ စာအုပ်ကြီးထဲမှာသာ ရှိတာပြီး လက်တွေ့မှာတော့ လျော့ရဲရဲသာ ဖြစ်ပါတာကြောင့် တရုတ်ဖြူ စစ်သားတွေဟာ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပါတယ်။

လာအိုနယ်စပ်က တရုတ်ဖြူစစ်သားတွေကို ပြောင်းရွှေ့ပေးခြင်း

၁၉၆၁ မတ်−ဧပရယ်လအတွင်း မြန်မာနိုင်ငံက ပြောင်းရွှေ့ထွက်ခွာ အပြီးမှာ လျိုရှောက်ထန်ရဲ့ တပ်မ (၁၄) နဲ့ မိသားစုဝင်တွေဟာ လာအိုနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း ချင်းဟိုင်းပြည်နယ်အတွင်းက တောင်တန်းတွေပေါ်မှာ နေကြတယ်။ သိပ်မကြာပါဘူး ဝေးလံခေါင်သီပြီး လူနေကျဲပါးတဲ့ဒေသက လူနည်းစု လူမျိုးတွေ အကြား လှုပ်ရှားနေကြတဲ့ ထိုင်းကွန်မြူနစ်ပါတီက စည်းရုံးရေးမှူး မုံလူမျိုးတွေနဲ့ တရုတ်ဖြူတွေ ပြဿနာတက်ကြပါတယ်။ တရုတ်ဖြူတွေဟာ လက်နက်ကိုင် နိုင်ငံခြားသားတွေ ဖြစ်ကြတယ်၊ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်နေပြီး ဒေသခံတွေကို ဖိနှိပ်နေသူတွေ ဖြစ်တယ်လို့ ကွန်မြူနစ်တွေက ဝါဒဖြန့်တယ်။ ဒီလို မကျေမနပ် ဖြစ်နေတဲ့ တောင်ပေါ်နေလူမျိုးတွေကို ကွန်မြူနစ်တွေ အလွယ်တကူ စည်းရုံးလာနိုင်တာကို တောင်ပေါ်ဒေသမှာ ရှိတဲ့ ထိုင်းအစိုးရ အရာရှိတွေက နားလည်တာကြောင့်  တရုတ်ဖြူတွေက ဒေသခံ တောင်ပေါ်နေ လူမျိုးစုတွေကို အနိုင်မကျင့်ဖို့ ဝေဖန်ပြစ်တင်ခဲ့တယ်။

ချင်းဟိုင်းပြည်နယ် အရှေ့ပိုင်းက ကသိကအောက် ဖြစ်စရာ တရုတ်ဖြူတွေကို ဖယ်ရှားဖို့အတွက် ၁၉၆၃ မှာ ထိုင်းဘုရင့်တပ်မတော် စစ်ဌာနချုပ်ကနေ လီဝင်ဟွမ့် လက်အောက်ခံ တပ်မ (၁၄) က တပ်ဖွဲ့တွေဟာ မြန်မာနယ်စပ် လွယ်အန်ခန်တောင်ကြောမှာ ရှိတဲ့ မိခင်တပ်တော်နဲ့ သွားပူးပေါင်းဖို့ အမိန့်ထုတ်ပါတယ်။ တရုတ်ဖြူတွေက အမိန့်ကို နာခံပေမယ့် လာအိုနယ်စပ်က ဒွိုင်ဖာမွန်းတောင်ကြောက အတော်ခေါင်တဲ့ နေရာတွေမှာ တရုတ်ဖြူ အတော်များများ ကျန်နေခဲ့သေးတယ်။ ဒါပေမယ့် ဒွိုင်ဖာမွန်း တောင်ကြောဟာ မိသားစုဝင်တွေပါ နေထိုင်ဖို့အတွက် မသင့်လျော်တာကြောင့် စစ်သားတွေနဲ့ မိသားစုဝင်တွေဟာ သူတို့ သဘောနဲ့ သူတို့ လွယ်အန်ခန် တောင်ကြောဘက်ကို ရွှေ့ပြောင်းသွားပါတော့တယ်။ လျိုရှောက်ထန်ရဲ့ တပ်မ (၁၄) ဒွိုင်ဖာမွန်းကနေ ရွှေ့လိုက်ရတာဟာ ကွန်မြူနစ်တွေ စည်းရုံးရေးကို ဟန့်တားနိုင်တဲ့ အင်အားစုကို ဖယ်လိုက်တာနဲ့ အတူတူပဲလို့ တရုတ်ဖြူ စစ်သားဟောင်းတွေက ဆိုပါတယ်။ တဖက်က ကြည့်ပြန်ရင်လည်း ဒေသခံရွာသားတွေ ကွန်မြူနစ်တွေကို ထောက်ခံအောင် တွန်းပို့နေတဲ့ တရုတ်ဖြူတပ်တွေရဲ့ ဆိုဝါးတဲ့ အပြုအမူတွေကို ဖယ်ရှားပစ်ရာ ရောက်ပါတယ်။ ၁၉၆၅ စက်တင်ဘာလမှာ ထိုင်းနိုင်ငံ ချင်းဟိုင်းပြည်နယ် ထိန်းခရိုင်အတွင်းက မုံလူမျိုး ရွာလူကြီး တယောက်ကို တပ်မ (၁၄) က တရုတ်ဖြူ စစ်သား နှစ်ယောက်က သတ်လိုက်ပါတယ်။ ဒါကြောင့် လာအိုနယ်စပ်က တရုတ်ဖြူတပ်တွေ အကုန်ရွှေ့ပြောင်းဖို့ ထိုင်းဘုရင့်တပ်မတော် စစ်ဌာနချုပ်ကနေ ထပ်ပြီး အမိန့်ထုတ်ရပါတယ်။ ၁၉၆၆ ခုနှစ် နွေဦးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တရုတ်ဖြူ စစ်သားနဲ့ မိသားစုဝင် စုစုပေါင်း ၆၀၀ လောက်ကို ချင်းမိုင်ပြည်နယ် ဖန်ခရိုင် အရောက် အတင်းအကြပ် ပြောင်းရွှေ့ပေးခဲ့ရတယ်။ ဒါကြောင့် လာအိုနယ်စပ်မှာ မဆိုစလောက်ပဲ ကျန်ရစ်ခဲ့တယ်။

ထိုင်းနိုင်ငံရဲ့ ဒုက္ခကြီးတဲ့ နယ်စပ်ဒေသ

မြန်မာနိုင်ငံမှာတော့ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အစိုးရဟာ ရှမ်းပြည်နယ်ကို အုပ်ချုပ်တဲ့ နေရာမှာ သူ့အရင် အရပ်သား အစိုးရထက် အနည်းငယ် အောင်မြင်မှု ရပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ ရှိနေတယ် ဆိုပေမယ့် လူဦးရေ များပြားတဲ့ ဒေသတွေ အပြင် ကျိုင်းတုံနဲ့ တခြားနယ်ကလေးတွေကိုလည်း အချိန်ကာလ တခုအတွင်းမှာ ထိန်းချုပ်လာနိုင်တယ်။ မြန်မာအစိုးရက ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လျှော့ချလိုက်ပြီး စော်ဘွားတွေရဲ့ သားစဉ်မြေးဆက် ဆက်ခံလာတဲ့ အာဏာတွေကို ရုတ်သိမ်းလိုက်တာကြောင့် ပုန်ကန်မှုတွေ ပိုပြီး တိုးပွားလာပါတယ်။ မြန်မာတွေနဲ့ ရန်ကုန်က သူတို့အစိုးရကို မကြိုက်မနှစ်သက်တဲ့ ရှမ်းတွေကြောင့် အခြေအနေ ပိုဆိုးလာပါတယ်။ ရှမ်းသူပုန်တွေ ထောက်ခံအားပေးတဲ့ ဟိတ်ဟန်ကြီးတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကြောင့် မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်ငန်းကလည်း ပုံစံပြောင်းသွားပါတယ်။ သူပုန်တွေ၊ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့တွေ အသစ်ဖွဲ့လိုက်ကြ၊ ပျက်သွားလို့ နောက်ထပ် ပြန်ဖွဲ့လိုက်ကြ ဖြစ်နေတဲ့ ဖရိုဖရဲ ပရမ်းပတာ အခြေအနေထဲမှာ တရုတ်ဖြူတွေဟာ အဲဒီအဖွဲ့တွေရဲ့ ပုံမှန် ပြိုင်ဘက်ဖြစ်နေဆဲပါ။

မြန်မာစစ်တပ်က ဘာမှ အားစိုက်စရာ မလိုဘဲ ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားသွားစေဖို့ အတွက် ၁၉၆၃ ခုနှစ် စီမံချက်ရဲ့ အစိတ်အပိုင်း အနေနဲ့ ကာကွယ်ရေးအဖွဲ့ လို့ ခေါ်တဲ့ အစိုးရက ထောက်ခံအားပေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းတဲ့ ပုံစံကို မြန်မာအစိုးရက စတင်လိုက်ပါတယ်။ နောက်ဆုံးတော့ ကွန်မြူနစ်တွေ၊ တခြား အစိုးရကို ပုန်ကန်နေတဲ့ အဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အဲဒီလို လက်နက်ကိုင်တပ်ဖွဲ့မျိုး နှစ်ဆယ်ကျော် ဖွဲ့စည်းခွင့်ပြုခဲ့တယ်။ အပြန်အလှန်အနေနဲ့ အဲဒီအဖွဲ့တွေကို ရုပ်ဝတ္ထု ပစ္စည်း အကူအညီ အတော်အသင့်ပေးတယ်။ သူတို့အဖွဲ့တွေ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ဘိန်းကုန်ကူးခွင့် အပါအဝင် တခြား တရားမဝင် လုပ်ငန်းတွေ လုပ်နိုင်အောင် တဖက်လှည့်နဲ့ ခွင့်ပြုပေးခဲ့ပတယ်။ ၁၉၆၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သံလွင် အရှေ့ခြမ်းဒေသတွေမှာ ဘိန်းစိုက်ပျိုးရေးရဲ့ ကူးသန်းရောင်းဝယ်ရေးကို တရားမဝင်ကြောင်း ဥပဒေပြဋ္ဌာန်းလိုက်ပေမယ့် ကာကွယ်ရေးအဖွဲ့တွေ စိတ်ထင်တိုင်း ကူးသန်းရောင်းဝယ်နေကြတာကို အာဏာပိုင်တွေက လက်ပိုက်ကြည့်နေရပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ ခွန်ဆာရဲ့ လွယ်မော် ကာကွယ်ရေးအဖွဲ့လည်း ပါဝင်ပါတယ်။ ကာကွယ်ရေးအဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ မတိုက်ခိုက်မိအောင် ရှောင်ရှားကြတဲ့အပြင် တရုတ်ဖြူတွေ၊ ကွန်မြူနစ်တွေနဲ့ မတိုက်ခိုက်ရအောင်လည်း ရှောင်ရှားကြပါတယ်။ ဒါကို မြန်မာအစိုးရက မကျေနပ်ပါတယ်။

မြန်မာနိုင်ငံ အစိုးရမှာ ရှမ်းပြည်နယ်ရဲ့ ပြဿနာအပြင် သူက မဟာမိတ် အဖြစ် အားထားနေတဲ့ ကာကွယ်ရေးအဖွဲ့ အတော်များများဟာ စစ်ထောက်လှမ်းရေးဗျူရို အစရှိတဲ့ တရုတ်ဖြူအဖွဲ့တွေနဲ့ မဟာမိတ်တွေ၊ စီးပွားဖက်တွေ ဖြစ်နေကြပါတယ်။ ကာကွယ်ရေးအဖွဲ့တွေက လက်ရွေးစဉ် လူတွေဟာ တရုတ်ဖြူ စစ်ထောက်လှမ်းရေးဗျူရို ဒါမှမဟုတ် ကူမင်တန်ပါတီ အမှတ် (၂) ဌာနကြီးရဲ့ အစီအစဉ်အရ ထိုင်ဝမ်းမှာ စစ်သင်တန်းတွေ၊ ထောက်လှမ်းရေး သင်တန်းတွေ တက်ခွင့်ရကြပါတယ်။ အထူးသဖြင့် ခွန်ဆာရဲ့ လွယ်မော် ကာကွယ်ရေးအဖွဲ့က လူတွေ အများဆုံး ပါပါတယ်။ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ပေးမယ်လို့ ထိုင်းနိုင်ငံက ကတိပေးထားပေမယ့် ဒေသန္တရ ထိုင်း အရာရှိတွေကတော့ အဲဒီအဖွဲ့တွေ မြန်မာနိုင်ငံ အတွင်း စစ်ဆင်ရေးလုပ်တဲ့အခါ ထိုင်းနိုင်ငံ ပိုက်နက်ကို သုံးနိုင်အောင် ဆက်လက် ခွင့်ပြုထားပါသေးတော့တယ်။

၁၉၆၇ ခုနှစ် ဘိန်းစစ်ပွဲ

ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသက တရုတ်ဖြူ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းရမလဲဆိုတာ ၁၉၆၇ အထိ ထိုင်းအစိုးရက မဆုံးဖြတ်နိုင်သေးပါဘူး။ မာချွန်းကော်ရဲ့ တရုတ်ဖြူ စစ်ထောက်လှမ်းရေး စစ်ဆင်ရေး လှုပ်ရှားမှုတွေ၊ တပ်တော် (၃) နဲ့ တပ်တော် (၅) တို့က စစ်သား ၄,၀၀၀ လောက်ရဲ့ လှုပ်ရှားမှုတွေ၊ မှီခိုသူ မိသားစုဝင်တွေ ထောင်နဲ့ချီရှိနေတာတွေကြောင့် ထိုင်းအစိုးရက အကျပ်ရိုက်နေပါတယ်။ ထိုင်းဘုရင့်အစိုးရ အရာရှိ တချို့က တရုတ်ဖြူတပ်တွေ​ ရှိနေတာကြောင့် ကွန်မြူနစ်တွေ စိမ့်ဝင်ထိုးဖောက်မှာကို တားဆီးနိုင်မယ်လို့ မြင်ကြပါတယ်။ တရုတ်ဖြူတပ်တွေ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်နေတာ၊ တခြား ပစ္စည်း မှောင်ခိုချတာ၊ ဓားပြတိုက်နေတာတွေကြောင့် လူမှုအသိုင်းအဝိုင်းမှာ မတည်မငြိမ်ဖြစ်စေပြီးတော့ မြန်မာအစိုးရ၊ လာအိုအစိုးရတို့နဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေတယ်လို့ တရုတ်ဖြူတွေ အပေါ် မျှော်လင့်ချက် မရှိတော့ဘူးလို့ မြင်ကြသူက အနည်းငယ်သာ ရှိပါတယ်။ တရုတ်ဖြူ ပြဿနာနဲ့ ပတ်သက်ပြီး ထိုင်းဘုရင့်အစိုးရ အရာရှိတွေ ချင့်ချိန်တွေးဆနေတုန်း ၁၉၆၇ နွေရာသီမှာ သူတို့အတွက် အရှက်ရစရာ အဖြစ်အပျက် တခု ထဖြစ်ပါတော့တယ်။ ဒီအဖြစ်အပျက်ကို “ဒုတိယဘိန်းစစ်ပွဲ” လို့ တင်စားခေါ်ကြတယ်။2

ရွှေတြိဂံဒေသက ဘိန်းကုန်သွယ်ရေး လုပ်ငန်းမှာ တရုတ်ဖြူတွေ စိုးမိုးလက်ဝါးကြီးအုပ်နေတာကို ၁၉၆၇ ခုနှစ်မှာ ခွန်ဆာ က စိန်ခေါ်လိုက်ပါတယ်။ မြန်မာနိုင်ငံက ကုန်သည်တွေနဲ့ မှောင်ခိုအဖွဲ့ အသေးစားလေးတွေဟာ သူ့တို့ဘိန်းတွေ ထိုင်း၊ လာအို နယ်စပ်ကို ဘေးကင်းကင်းနဲ့ ရောက်ရှိအောင် တရုတ်ဖြူတွေကို အစောင့်အရှောက် အဖြစ် အခကြေးငွေ ပေးပြီး ငှားကြရပါတယ်။ ၁၉၆၇ တုန်းက ဘိန်း တကီလိုဂရမ် အတွက် ထိုင်းဘတ်ငွေ ၁၈၀ (အမေရိကန် ဒေါ်လာ ၉ ဒေါ်လာ) ပေးရပါတယ်။ ဒါဟာ ဝန်ဆောင်မှု အတွက် သာမက ဘိန်းတန်ဖိုး အပေါ် မူတည်ပြီး တရုတ်ဖြူက ကောက်ခံတဲ့ အခွန်လည်း ပါပြီး ဖြစ်ပါတယ်။ တရုတ်ဖြူတပ်ရဲ့ အစောင့်အရှောက် မယူဘဲ ဘိန်းကို သယ်ချင်တယ်ဆိုရင် လမ်းကြောင်း တလျှောက်မှာ တွေ့ရတဲ့ တရုတ်ဖြူ ကင်းလှည့် စစ်ကြောင်းတွေ၊ ရွေ့လျား စစ်ဆေးရေးဂိတ်တွေက ကောက်တဲ့ အခွန်ကိုပဲ ပေးဆောင်ရပါတယ်။ ရည်မှန်းချက်ကြီးတဲ့ ခွန်ဆာ ဟာ ၁၉၆၇ မှာ တရုတ်ဖြူတွေကို စောင့်ရှောက်ခ၊ အခွန်တွေ လုံးဝမပေးဘဲ ဘိန်းဝန်တင်တန်းရှည်ကြီးနဲ့ တောင်ဘက်က လာအိုဘက် ဆင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၁၉၆၃ ခုနှစ် ကတည်းက သူ့လွယ်မော် ကာကွယ်ရေးအဖွဲ့က မြန်မာအစိုးရနဲ့ ပူးပေါင်းဆောက်ရွက်ခဲ့တာ ဖြစ်လို့ လမ်းမှာတွေ့ရတဲ့ မြန်မာစစ်တပ် ကင်းလှည့်စစ်ကြောင်းတွေ၊ အစိုးရ စစ်ဆေးရေးဂိတ်တွေကို လာဘ်ထိုးပေး လမ်းကြောင်း ရှင်းနိုင်မယ် ဆိုတာကို ခွန်ဆာ သိတယ်။ တရုတ်ဖြူတွေကို ပေးရသလိုပဲ ဖြစ်ပါတယ်။ ခွန်ဆာဟာ သူ့ဘိန်းတန်းကြီးကို တရုတ်ဖြူ အစရှိတဲ့ စီးပွားပြိုင်ဘက်တွေ မနှောက်ယှက်နိုင်အောင်လို့ လက်နက်ကိုင် အစောင့်အရှောက် အများကြီးနဲ့ လွှတ်လိုက်လို့ စိတ်ချလက်ချ ဖြစ်နေပါတယ်။

၁၉၆၇ နွေဦးကာလတုန်းက ခွန်ဆာ ဟာ ကိုးကန့်နဲ့ ‘ဝ’ နယ်တွေက ဘိန်းတွေ စုဆောင်းခဲ့ပြီး ဘိန်း ၁၆ တန်ကို လာအို စစ်တပ်က တန်ခိုးထွားတဲ့ အုန်း ရက်ထီကွန်း ဆီ ပို့ဖို့ စီစဉ်ထားပါတယ်။ အုန်း ရက်ထီကွန်း ဟာ လာအိုနိုင်ငံ အနောက်မြောက်ပိုင်း အမှတ် (၁) စစ်ဒေသမှူး အဖြစ် တာဝန်ထမ်းဆောင်တုန်း ကတည်းက တရုတ်ဖြူတွေဆီက ဘိန်းကို နှစ်ရှည်လများ ဝယ်ယူလာခဲ့တဲ့ ဖောက်သည် ဖြစ်ပါတယ်။ အုန်း ကတော့ စီးပွားရေးသမား ပီပီသသနဲ့ သူ့အတွက် အကောင်းဆုံးဖြစ်အောင် ကမ်းလှမ်းတဲ့သူဆီကပဲ ဝယ်ပါတယ်။ ဒါ့ကြောင့် ၁၉၆၇ မှာ ခွန်ဆာ ဆီက ဘိန်းမှာတယ်။ ဇွန်လမှာ ခွန်ဆာ က အုန်း ရက်ထီကွန်း အတွက် ဘိန်းတွေ သယ်ပေးမယ့် ဝန်တင်လားတန်းကို မြန်မာနိုင်ငံ ‘ဝ’ နယ်ထဲရှိ ဝိန်းငင်း ကနေ လွှတ်လိုက်ပါတယ်။ အစောင့်အရှောက် အနေနဲ့ စစ်သားနဲ့ လက်နက်ကိုင် လားထိန်းတွေ စုစုပေါင်း အင်အား ၈၀၀ ပါတယ်။ လားတန်းကြီးက တမိုင်လောက် ရှည်ပါတယ်။ အုန်းရက်ထီကွန်းရဲ့ လူတွေ စောင့်နေတဲ့ ဘန်ဟွေ့ဆိုင်း ရောက်အောင် တောင်ဘက်ကို မိုင် ၂၀၀ လောက် ခရီးကြမ်းကို သွားရပါတယ်။

ခွန်ဆာ ကိုသာ ဒီလို မထီလေးစားနဲ့ ကျောခွင့် ပေးလိုက်မယ်ဆိုရင် ဘိန်းကုန်ကူးတဲ့ လောကမှာ သူတို့နေရာပျောက်သွားနိုင်တာကို တွမ့်ရှီးဝင်နဲ့ လီဝင်ဟွမ့် နားလည်ကြတယ်။ ဒါ့ကြောင့် လွယ်မော်အဖွဲ့ရဲ့ ဘိန်းတန်းကို ကြားက ဖြတ်ပြီး ဘိန်းတွေကို သိမ်းရင်သိမ်း၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အခွန်ကို ကောက်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ ဘုံအကျိုးစီးပွားဖြစ်တာကြောင့် လီဝင်ဟွမ့်နဲ့ တွမ့်ရှီးဝင် တို့ နှစ်ယောက်ပေါင်းပြီး စစ်သား ၇၀၀ ကျော် လွှတ်လိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံထဲမှာ လွယ်မော် ဘိန်းတန်းကို ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

မဲခေါင်မြစ်ကမ်းကို အရောက်မှာ ခွန်ဆာ့ စစ်သားတွေက ဘိန်းတွေကို လှေပေါ်တင်ပြီး မြစ်ကို ကူးပါတယ်။ သူတို့နောက်မှာ တပ်တော် (၃) နဲ့ တပ်တော် (၅) က စစ်သားတွေကလည်း ထပ်ချပ်မကွာ လိုက်လာပါတယ်။ ဘန်ကွမ်ကို အရောက်မှာ လွယ်မော် စစ်သားတွေက ခံစစ်ပြင်ပါတယ်။ သူတို့နောက်မှာက မတ်စောက်တဲ့ မြစ်ကမ်းပါး ရှိတယ်။ မြစ်ဘေးနားတခွင်မှာ ပြည့်နှက်နေတဲ့ သစ်တောတွေထဲမှာလည်း မိုးတွေရွာထားလို့ ဗွက်ပင်လယ်ကြီးကို ဖြစ်လို့ပါပဲ။ အဲဒီမှာ သစ်တုံးတွေ အများကြီးရှိလို့ ခွန်ဆာ့ စစ်သားတွေ သစ်တုံးတွေ နောက်မှာ ကျင်းတူးပြီး နေရာယူကြတယ်။ တရုတ်ဖြူတပ်တွေ လာနေပြီ ဆိုတဲ့ အကြောင်းကို ရွာသားတွေကို သတိပေးလိုက်တယ်။ ဒါကြောင့် အဲဒီရွာက ကျောင်းအုပ်ကြီးက အနီးဆုံး လာအိုစစ်တပ်ကို အကြောင်းကြားတယ်။ အဲဒီစစ်တပ်ကလည်း ဘန်ဟွေ့ဆိုင်းက သူတို့ ဌာနချုပ်ကို သတင်းပို့တယ်။ ရွာသားတွေကို မဲခေါင်မြစ် ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက် စိတ်ချရအောင် ပို့ပေးတယ်။

ဂျူလိုင် ၂၆ ရက်မှာ နောက်က လိုက်လာတဲ့ တရုတ်ဖြူ စစ်သားတွေဟာ လှေတွေ ငှားပြီး မြစ်ကိုကူးတယ်။ လွယ်မော်အဖွဲ့ထက် နာရီအတော်နောက်ကျပြီးမှ ဘန်ကွမ်ကို ရောက်လာပြီး ခွန်ဆာ့လူတွေကို ရင်ဆိုင်လိုက်ပါတယ်။ သူတို့သယ်လာတဲ့ ဘိန်းတွေ အတွက် တရုတ်ဖြူတွေကို ပေးရိုးပေးစဉ်ဖြစ်တဲ့ စောင့်ရှောက်ခနဲ့ အခွန်တွေပေးဖို့ လွယ်မော်အဖွဲ့က ငြင်းဆန်လိုက်တဲ့အခါ နှစ်ဖက် စတင် တိုက်ခိုက်ပါတော့တယ်။ ဒီလိုကိစ္စလေးနဲ့ အရှက်ရနိုင်တာမို့လို့ အုန်း ရက်ထီကွန်း ကလည်း နှစ်ဘက်စလုံး လာအိုပိုင်နက်ထဲက ထွက်သွားဖို့ အမိန့်ပေးပါတယ်။ နှစ်ဘက်စလုံးက နားမထောင်တော့ အုန်း ရက်ထီကွန်းက လာအိုဘုရင့်လေတပ်က တီ−၂၈ လေယာဉ် နှစ်စီးလွှတ်ပြီး သစ်စက်မှာရှိနေတဲ့ နှစ်ဘက်စလုံး အပေါ် ဗုံးကြဲခိုင်းပါတယ်။ ထရိုဂျန် လေယာဉ်တွေ ပြန်သွားပြီး နောက်တရက်မှာ ခွန်ဆာ့ စစ်သားတွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ကျဆုံးသူတွေ၊ လားတွေနဲ့ ဘိန်းတွေ အကုန်လုံးကို ပစ်ထားခဲ့ပြီး လှေတွေနဲ့ မြန်မာနိုင်ငံဘက် ပြန်ဆုတ်ခဲ့ကြတယ်။ တီ−၂၈ လေယာဉ်တွေကြောင့် တရုတ်ဖြူဘက်က လူ ၇၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး လာအိုက ထွက်ခွာဖို့ စိတ်စောနေကြတယ်။ သူတို့ငှားလာတဲ့ လှေတွေကို လာအိုဘက်ကမ်းမှာ ဆက်ထားဖို့ ဂရုမစိုက်ခဲ့မိတာကြောင့် မြစ်ကြောင်း တလျှောက် လမ်းလျှောက်ပြီး သူတို့ သိမ်းဆည်းရမိတဲ့ ဘိန်းတွေနဲ့ မြန်မာနိုင်ငံကို ပြန်ခဲ့ကြတယ်။  

တရုတ်ဖြူတွေ ခရီး ခြောက်မိုင်လောက် အရောက်မှာ အုန်း ရက်ထီကွန်းရဲ့ လာအိုစစ်သားတွေ လာဝိုင်းပြီးတော့ ဘိန်းတွေကို တောင်းပါတယ်။ အချိန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အခြေအနေမှာ တွမ့်ရှီးဝင်နဲ့ လီဝင်ဟွမ့် တို့ ကိုယ်တိုင်သွားပြီး အုန်းနဲ့ ရှင်းလင်းပါတယ်။ နှစ်ပတ်ကြာအောင် အချေအတင် ညှိနှိုင်းကြပြီးနောက် ဘိန်းတွေကို အုန်း ယူပါတယ်။ တရုတ်ဖြူတွေကို ခွန်ဆာက ပေးရမယ့် စောင့်ရှောက်ခနဲ့ အခွန်တွေကို အုန်းက ပေးပါတယ်။ ခွန်ဆာက သူ့ဆီက တောင်းထားတဲ့ သယ်ယူပို့ဆောင်ခလောက်ပဲ ထုတ်ပေးလိုက်ရတာမို့လို့ အုန်းက ဘိန်းတွေကို အလကားရလိုက်တာ ဖြစ်ပါတယ်။

ဩဂတ်လနှောင်းပိုင်းမှာ တရုတ်ဖြူ စစ်သားတွေက မဲခေါင်မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းဆဲန် (ကျိုင်းသေည်) ဘက်ကို ပြန်လာတော့ ထိုင်းအာဏာပိုင်တွေက “လုံခြုံရေးအရ” လက်နက်တွေ အပ်ခိုင်းတာကို ငြင်းဆန်လို့ ထပ်ပြီး ပြဿနာတက်ကြပြန်ပါတယ်။ ဘန်ကောက်ကနေ အမျိုးသား လုံခြုံရေး ကောင်စီ ကိုယ်စားလှယ် တယောက် ချင်းဆဲန် အရောက် လွှတ်ပြီး ဖြေရှင်းပေးလို့ နောက်ဆုံးတော့ တရုတ်ဖြူတွေက လက်နက်အပ်ဖို့ သဘောတူပါတယ်။ ထိုင်းကြည်းတပ် ထရပ်ကားနဲ့ ဘတ်စ်ကားတွေနဲ့ တရုတ်ဖြူ စစ်သားတွေကို မယ်ချန် ရောက်အောင် ပို့ပါတယ်။ အဲဒီကမှ ခြေလျင်နဲ့ သူတို့ ဌာနချုပ်တွေဖြစ်တဲ့ ထမ်ငေါ့ပ်နဲ့ မယ်ဆလောင်းကို သွားကြပါတယ်။ ဩဂတ်လကုန်ကြမှ သူတို့ စခန်းတွေကို ပြန်ရောက်ပါတယ်။ ထိုင်းဘုရင့်ကြည်းတပ်က ကားတွေနဲ့ သူတို့လက်နက်တွေကို ပြန်လာပို့ပေးပါတယ်။

ဆယ့်ကိုးရာစုက အင်္ဂလိပ်−တရုတ် စစ်ပွဲတွေကို ပြန်လည် ရည်ညွှန်းပြီး သတင်းစာတွေက “ဒုတိယ ဘိန်းစစ်ပွဲ” လို့ ခေါ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ထိုင်းနိုင်ငံ နယ်စပ်က တရုတ်ဖြူတပ် အကြွင်းအကျန်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့ ဖီးမာရှယ် ထနွမ် ကစ်တီကချွန်ရဲ့ ထိုင်းအစိုးရက နိုင်ငံတကာမှာ နာမည်ပျက်ခဲ့ရပါတယ်။ တရုတ်ဖြူတွေရဲ့ ဆိုးသွမ်းမှုတွေကို နှိမ်နင်းပြီး တရုတ်ဖြူ စစ်သားတွေ ထိုင်းနိုင်ငံထဲ အဝင်မခံဖို့ ဩဂတ်လနှောင်းပိုင်းက အစည်းအဝေးမှာ သူ့ အမျိုးသား လုံခြုံရေးကောင်စီက ထိုင်းဘုရင့်ကြည်းတပ်ကို အမိန့်ထုတ်လိုက်ပါတယ်။

ထိုင်းဘက်က စံပြအနေနဲ့ ရုတ်တရက်ကြီး တကယ်လုပ်ပြတဲ့အခါမှာတော့ တခြား တရုတ်ဖြူ အုပ်စုတွေလည်း ကြားညပ်ကုန်ပါတော့တယ်။ အကြီးဆုံး အုပ်စုကတော့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက စုဆောင်းထားတဲ့ လားရှိုးနဲ့ တန့်ယန်းက လူသစ် အုပ်စုဖြစ်ပါတယ်။ မြေကမ္ဘာ စစ်ဆင်ရေးနဲ့ ဟိုင်ထျန်း သင်္ဘော ကိစ္စတုန်းက အဓိက ပါဝင်သူ ဗိုလ်မှူးကြီး ယောင်ချောင်း က ဦးဆောင်ပါတယ်။ ၁၉၆၇ နွေရာသီမှာ လူသစ်တွေနဲ့ သူတို့အစောင့်တွေဟာ ထိုင်းနယ်စပ်ဘက်ကို ထွက်လာကြပါတယ်။ ခက်ခဲတဲ့ တောလမ်းခရီးကနေ သွားခဲ့ရတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် လူသစ်တချို့ ရောဂါဖိစီးပြီး သေဆုံးခဲ့ရတယ်။ နှစ်လလောက်ကြာမှ ဘန်ကွမ်မှာရှိတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး စခန်းလေးကို ရောက်တယ်။ တရုတ်ဖြူတပ်တွေနဲ့ ခွန်ဆာတပ်တွေ တိုက်ခိုက်ကြတုန်းက ယောင်ချောင်း ဝင်မပါဘဲ ဘေးထွက်ထိုင်နေတာဟာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေနဲ့ တွမ့်ရှီးဝင်၊ လီဝင်ဟွမ့်တို့ တပ်တွေ အကြား အတော်လေး တစိမ်းတရံဆန်နေကြတာကို ပေါ်လွင်စေပါတယ်။

ယောင်ချောင်း က ဝင်ပါဖို့ စိတ်မကူးထားပါဘူး။ သူနဲ့ သူ့အဖွဲ့က အုန်း ရတ်ထီကွန်း ဆီ ဘိန်းတွေ ပို့ပေးပြီးရင် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံကို ဝင်မှာ ဖြစ်ပါတယ်။ ဒေသတွင်းက လာအို စစ်တပ် တပ်မှူးနဲ့ ဘန်ကောက်က တရုတ်ဖြူ စစ်သံမှူးတို့က ယောင်ချောင်း လာအိုက တဆင့် ပြန်လာမှာကို သဘောတူထားပြီး ဖြစ်ပါတယ်။ တရုတ်ဖြူတွေနဲ့ ခွန်ဆာအဖွဲ့ ဘန်ကွမ်မှာ တိုက်ခိုက်ခဲ့ကြတာနဲ့ ပတ်သက်လို့ အများသူငှာက ဝေဖန်တာ ခံရပြီးနောက် ထိုင်းအာဏာပိုင်တွေက တရုတ်ဖြူတွေကို ကိုင်တွယ်ပုံ ကိုင်တွယ်နည်းတွေကို ပြန်လည် သတိထားမိတယ်။ တပ်တော် (၃) နဲ့ တပ်တော် (၅) က လူတွေကို အင်တင်တင်နဲ့ ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပေးလိုက်ပေမယ့် ယောင်ချောင်းရဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့ကိုတော့ ဝင်ခွင့်ပေးဖို့ ငြင်းလိုက်ပါတယ်။ ယောင်ချောင်းက ထိုင်းဘက်က ခွင့်ပြုချက်ကို စောင့်နေတုန်းမှာ အုန်းရတ်ထီကွန်းက သူ့ဘိန်းတွေကို ယူပြီးတဲ့နောက် ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့ကို လာအိုက ထွက်သွားကြဖို့ အမိန့်ပေးပါတယ်။ ဘန်ကောက်မှာ ရှိတဲ့ တရုတ်ဖြူသံရုံးက စစ်ထောက်လှမ်းရေးအဖွဲ့ ကိုယ်စား ကြားဝင်ပေးရပြီး ယောင်ချောင်းတို့အဖွဲ့ မြန်မာနိုင်ငံဘက် ပြန်ဝင်ပြီး အနောက်ဘက်အတိုင်း ဆက်သွားကြပြီးမှ ထိုင်းနိုင်ငံဘက်ကို ဖန် အနီးတဝိုက်က ဝင်လာဖို့ အဆိုပြုတယ်။ ထိုင်းဘက်က အကြောင်းပြန်တာကို စောင့်မနေတော့ဘဲ ယောင်ချောင်းက သူ့လူတွေကို ခေါ်ပြီး အောက်တိုဘာလ အစောပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ပြန်ဝင်ခဲ့တယ်။ မဟုတ်ရင် လာအိုက တီ−၂၈ လေယာဉ်တွေနဲ့ လာဆော်မှာလေ။ နယ်စပ်အတိုင်း အနောက်ဘက်ကို လာကြတဲ့အခါ ထိုင်းဘုရင့်ကြည်းတပ် တပ်ဖွဲ့တွေက ထိုင်းနိုင်ငံဘက်ခြမ်းကနေ သူတို့ကို နောက်ယောင်ခံလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သဘောတူညီချက် အတိုင်း ယောင်ချောင်းနဲ့ သူ့လူသစ်တွေကို ထိုင်းနိုင်ငံဘက် မသိမသာ ဝင်ခွင့်ပေးလိုက်ပါတော့တယ်။

ဘန်ကွမ်တိုက်ပွဲ နောက်ဆက်တွဲ အကျိုးဆက်ကို ခံရတဲ့ တိုက်ပွဲမှာ မပါတဲ့ ဒုတိယ အုပ်စုကတော့ ဘန်ဟွေခရိုင်းမှာရှိနေတဲ့ ယူနန်အပျော်တမ်းတပ်တော်က တပ်တော် (၂) တပ်တော်မှူးဟောင်း ဖုချင်းယွင် ခေါင်းဆောင်တဲ့ တပ်ကြွင်းတပ်ကျန်လေး ဖြစ်ပါတယ်။ ထိုင်းစစ်သားတွေက သူ့လူ ၂၈ ယောက်ကို ပြန်လည် ခုခံဖို့ ပြင်ဆင်တယ်ဆိုပြီး ဖမ်းလိုက်ပါတယ်။ ကျန် ၁၄၀ ကိုလည်း ဖုချင်းယွင်အုပ်စုနဲ့ ဆက်နွှယ်မှု ရှိ မရှိ ပေါ်အောင် စစ်ဆေးပါတယ်။ ဒီအရှုပ်အထွေးဟာ ထိုင်းတွေအတွက်တော့ သိက္ခာကျစရာ တခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့က လူ ၁၀ ယောက်ပါတဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရှမ်းပြည်နယ်နဲ့ လာအိုနိုင်ငံက တဆင့် ယူနန်ပြည်နယ်ဘက်ကို ထောက်လှမ်းဖို့  ၁၉၆၄ ခုနှစ်တုန်းက ဖုချင်းယွင်ကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ယဉ်ကျေးမှု တော်လှန်ရေး ဆင်နွှဲနေတဲ့အချိန်တုန်းက အဲဒီအဖွဲ့တွေဟာ ထောက်လှမ်းရေး သတင်း အချက်အလက်တွေနဲ့ ပြည်ပြေးတွေကို ပြန်ခေါ်လာနိုင်ပါတယ်။ ထိုင်းက အဲဒီပြည်ပြေးတွေနဲ့ စာရွက်စာတမ်းတွေကို စီအိုင်အေလက်ကို လွှဲပေးပါတယ်။ ထိုင်းရဲ သတင်းတပ်ဖွဲ့နဲ့ လက်တွဲပြီး ဒီစစ်ဆင်ရေးတွေ စီမံနိုင်ဖို့ စီအိုင်အေက ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက တရုတ်ဖြူတွေကို ဘယ်လိုလုပ်ရမလဲ

ဂျူလိုင်−ဩဂတ်လအတောအတွင်းက “ဘိန်းစစ်ပွဲ” ကြောင့် ယောင်ချောင်းနဲ့ ဖုချင်းယွင် တို့ အုပ်စုတွေနဲ့ ပတ်သက်ပြီး ကျွတ်စီကျွတ်စီ အသံတွေ ထွက်လာပါတယ်။ လက်နက်ကိုင် တရုတ်ဖြူတွေ ထိုင်းနိုင်ငံထဲ မဝင်နိုင်အောင် တားမြစ်ဖို့ ဆိုတဲ့ ဩဂတ်လ ဆုံးဖြတ်ချက် အတိုင်းပဲ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက ထပ်လောင်းအတည်ပြုလိုက်ပါတယ်။ ၁၉၆၇ အောက်တိုဘာ ၁၆ ရက် ချင်းဟိုင်းမြို့မှာ အစည်းအဝေးမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း လုံခြုံရေးကို တာဝန်ယူရတဲ့ ထိုင်းဘုရင့်ကြည်းတပ် အမှတ် (၃)3 တပ်တော်မှူးက တွမ့်ရှီးဝင်နဲ့ သူ့တပ်ဖွဲ့တွေ ၁၉၆၈ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး ထွက်သွားဖို့ အမိန့်ပေးပါတယ်။ သူ့လူအတော်များများက မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြပါတယ်။ မယ်ဆလောင်းက တပ်တော် (၅) ဌာနချုပ်မှာ အင်အား ၂၀၀ ပဲ ချန်ထားတာပါတယ်။ တွမ့်ရှီးဝင် က လိုက်နာပါမယ်လို့ ပြောပြီးနောက် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ ဘန်ကောက်နဲ့ ထိုင်ပေက တရုတ်ဖြူ တာဝန်ရှိတွေနဲ့ တိုင်ပင်ညှိနှိုင်းပါတယ်။ တရုတ်ဖြူ စစ်ထောက်လှမ်းရေး ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ထိုင်းဘက်ကတော့ ဘန်ကောက်မှာရှိတဲ့ တရုတ်ဖြူ စစ်သံမှူးနဲ့ အောက်တိုဘာ ၁၆−၁၇ ရက်တွေမှာ တွေ့ပါတယ်။ ထိုင်းဘက်က ထိုင်ပေနဲ့ လက်တွဲပြီး ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်နေရတာကြောင့် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး လုပ်နေတဲ့ တရုတ်ဖြူ စစ်ထောက်လှမ်းရေး လှုပ်ရှားမှုတွေကို ထိုင်းဘက်က ဆက်ခွင့်ပြုပေးထားရတယ်။ ဒီလှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံကို အခြေစိုက်တယ် ဆိုပေမယ့် ထောက်လှမ်းရေးအဖွဲ့ဝင် အများစုကတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိပါတယ်။ နိုဝင်ဘာ ၉ ရက် အစည်းအဝေးမှာတော့ ထိုင်းဘုရင့်ကြည်းတပ် အမှတ် (၃) တပ်တော်က လီဝင်ဟွမ့် ကိုလည်း ပြီးခဲ့လက တွမ့်ရှီးဝင်ကို ထွက်ခွာခိုင်းထားတဲ့ နောက်ဆုံးရက်အတိုင်း ထွက်ခွာဖို့ အမိန့်ပေးပါတယ်။ လီဝင်ဟွမ့်ရဲ့ တပ်အတော်များများက မြန်မာနိုင်ငံအတွင်းမှာပဲ ရှိနေပြီး ထိုင်းနိုင်ငံထဲမှာ သူ့လူ ၄၀၀ တောင် မရှိပါဘူး။ ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးဆက် ဆိုးဆိုးဝါးဝါး မဖြစ်အောင် အမျိုးသားလုံခြုံရေးကောင်စီက ဒုက္ခသည်ရွာတွေနဲ့ တရုတ်ဖြူတပ် ထောက်ပံ့ရေး ဝန်ထမ်းတွေကို ထိုင်းဘုရင့်အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ဆက်နေခွင့်ပေးလိုက်တယ်။ လီဝင်ဟွမ့်က မယုတ်မလွန်နဲ့ပဲ အကြောင်းပြန်ပါတယ်။

ထိုင်းအစိုးရက နှင်ထုတ်တဲ့ အမိန့်ပေးပေးပြီးချင်းမှာပဲ ထိုင်းနိုင်ငံ မြောက်ပိုင်းက စစ်ဘက်၊ အရပ်ဘက်နဲ့ ရဲ အရာရှိကြီးတွေက သူတို့ဒေသအတွင်း ကွန်မြူနစ် သူပုန်ထမှု ကြီးထွားလာတဲ့ အချိန်မှာ ဒီလိုအမိန့်ထုတ်တဲ့ အစိုးရရဲ့ အမြော်အမြင်ကို မေးခွန်းထုတ်ကြပါတယ်။ လာအိုနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေကြတဲ့ ချင်းဟိုင်းပြည်နယ် အရှေ့ပိုင်းနဲ့ နန်းပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်ထားတဲ့ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေး အဖွဲ့နဲ့ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ် နေရတာကြောင့် အဲဒီနယ်က အရာရှိတွေကတော့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်မသက်မသာ ဖြစ်နေကြပါတယ်။

၁၉၆၇ နှစ်ကုန်ပိုင်းနဲ့ ၁၉၆၈ နှစ်အစောပိုင်းက ထိုင်း−လာအို ပူးတွဲ ကွန်မြူနစ် နှိမ်နင်းရေး စစ်ဆင်ရေးတွေဟာ ပူးပေါင်းဆောင်ရွက်မှု နည်းပါးလှပါတယ်။ အစိုးရတပ်ဖွဲ့တွေက အရှုံးဘက်ကချည်းပါပဲ။ ထိုင်းနိုင်ငံမှာတော့ ကွန်မြူနစ်တွေ ပြန့်နှံ့နေတဲ့ တောင်ပေါ်ဒေသတွေက ရွာသားတွေကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာကြောင့် အာဏာပိုင်တွေ အပေါ် မကျေနပ်မှု ကြီးထွားလာပါတယ်။ လာအိုနိုင်ငံဘက်ကနေ ရဟတ်ယာဉ်တွေနဲ့ ထိုင်းနိုင်ငံထဲက ကွန်မြူနစ်တွေကို လာရောက် ထောက်ပံ့ပေးနေတယ်၊ ဗီယက်နမ်လူမျိုး အလောင်းတွေကိုလည်း စစ်မြေပြင်မှာ ပြန့်ကျဲနေတာ တွေ့ရတယ် ဆိုတဲ့ အစီရင်ခံစာတွေကတော့ စိုးရိမ်စရာပါပဲ။

တရုတ်ဖြူတွေကို နှင်ထုတ်တဲ့အမိန့်ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကသာ ထုတ်ပြန်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံ မြောက်ပိုင်းက အရာရှိတွေအတွက် အတော်ကောင်း ပါလိမ့်မယ်။ အခု ၁၉၆၇ ခုနှစ် နှောင်းပိုင်းမှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ဖေဖော်ဝါရီလ ၁၅ ရက်လို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ထပ်တိုးရလိမ့်မယ် ချင်းမိုင် ပြည်နယ် အုပ်ချုပ်ရေးမှူးက ဘန်ကောက်ကို တဲ့တိုးပြောလိုက်ပါတယ်။ ဒါဟာ စစ်ဘက်နဲ့ အရပ်ဘက်က သူ့လုပ်ဖော်ကိုင်ဖက်တွေ အမြင်တွေ ထင်ဟပ်နေတဲ့ စကားပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက တရုတ်ဖြူတပ်ဖွဲ့တွေက ကွန်မြူနစ်တွေ စိမ့်ဝင်ထိုးဖောက်လာမှာကို ဟန့်တားပေးနေတယ်လို့ သူက ဆိုပါတယ်။ မုံလူမျိုးတွေနဲ့ တခြား လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ တောင်ပေါ်နေ လူနည်းစု လူမျိုးတွေက ထိုင်းကွန်မြူနစ်ပါတီမှာ တိုက်ခိုက်ရေးသမားတွေ အဖြစ် ပါဝင်နေကြပါတယ်။ ဒီလူမျိုးစုတွေကို ထိန်းချုပ်တဲ့နေရာမှာ တရုတ်ဖြူတွေက အကူအညီရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ ရဲ အရာရှိတွေက ကွန်မြူနစ်သူပုန်တွေကို အချိန်ပြည့် ရင်ဆိုင်နေရတာမို့လို့ ထောင်နဲ့ချီရှိနေတဲ့ လက်နက်ကိုင် ကွန်မြူနစ် ဆန့်ကျင်ရေးသမား တရုတ်ဖြူ စစ်ပြန်တွေကို နှင်ထုတ်ပစ်လိုက်ရမှာ တွန့်ဆုတ်နေကြတယ်။ ထွက်ခွာဖို့ နောက်ဆုံးရက်ကို ၁၉၆၈ မေ ၁၅ ရက်အထိ တိုးလိုက်ဖို့ ချင်းမိုင် အုပ်ချုပ်ရေးမှူးက အကြံပေးတော့ ဘန်ကောက်က လိုအပ်သလောက် ထပ်တိုးပေးမယ်လို့ဆို ပြီး ထပ်ခါ ထပ်ခါ ခွင့်ပြုလိုက်တာ နဂိုပေးထားတဲ့ အမိန့်ကို လူတွေ မေ့သွားတဲ့အထိပါပဲ။ နှင်ထုတ်တဲ့ အမိန့်ထုတ်ထားတာကို ပြန်ရုတ်သိမ်းရတာက ပိုပြီးသိက္ခာကျမှာ စိုးလို့ နောက်ဆုံးသတ်မှတ်ရက်ကို အကန့်အသတ်မရှိ ဆက်သက်တမ်းတိုးပေးဖို့ အဆိုပြုတာကို ၁၉၆၈ ဇန်နဝါရီလမှာ ဝန်ကြီးချုပ် ထနွမ် ကစ်တီကချွန်ရဲ့ ဝန်ကြီးအဖွဲ့က လက်ခံလိုက်ပါတော့တယ်။

၁၉၆၈ မတ်လ အစောပိုင်းမှာ ဒုတိယဝန်ကြီးချုပ်၊ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အစရှိတဲ့ ရာထူးတွေ ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ပရာဖတ် ကျာရူဆထျန်က ထိုင်ပေကို သွားတုန်းက တရုတ်ဖြူ တပ်တော် (၃) နဲ့ တပ်တော် (၅) ကို ထိုင်းနိုင်ငံက ကွန်မြူနစ်တွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးပြုနိုင်ဖို့ အဆိုပြုပါတယ်။ နောက်ပိုင်း ဆွေးနွေးပွဲတွေကိုတော့ ဘန်ကောက်မှာ ဆက်လုပ်တဲ့အခါ နှစ်ဖက် ရည်မှန်းချက်တွေ အတော်လေး ကွာဟနေတာကို တွေ့လိုက်ရတယ်။ တရုတ်ဖြူတပ်တွေ ထိုင်းပြည်တွင်းက ကွန်မြူနစ်တွေကို တိုက်ပေးဖို့ ဘန်ကောက်ဘက်က လိုတားပါတယ်။ ထိုင်ပေဘက်ကတော့ ယူနန်ဘက်မှာ စစ်ဆင်ရေးဝင်လုပ်ချင်ပါတယ်။ ပေကျင်းကို ထိကပါး ရိကပါး လုပ်ရမယ့် ကိစ္စမို့လို့ ထိုင်းက ဒါကို ငြင်းပါတယ်။ နောက်ထပ် တောင်းဆိုတဲ့ အချက်တွေကတော့ ထိုင်း ဒါမှမဟုတ် အမေရိကန်က အကုန်အကျခံပေးထားတဲ့ တရုတ်ဖြူတပ်တွေကို ထိုင်ပေက အပြည့်အဝ ထိန်းချုပ်ခွင့်ရဖို့နဲ့ လီဝင်ဟွမ့်နဲ့ တွမ့်ရှီးဝင် တို့ကို ထိုင်ဝမ်းက အရာရှိတွေ လွှတ်ပြီး အစားထိုးဖို့ပဲ ဖြစ်ပါတယ်။ ဘန်ကောက်ဘက်က လိုချင်တာနဲ့ ကွာဟနေတာကို မညှိနိုင်လို့ ထိုင်ပေက တဖက်သတ် စလုပ်ပါတော့တယ်။ ၁၉၆၈ ဧပရယ်လ အရောက်မှာတော့ တပ်တော် (၃) နဲ့ (၅) တို့ကို စစ်ထောက်လှမ်းရေးဗျူရို ထိန်းချုပ်မှုအောက် ထားရှိပြီး အဲဒီတပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ မြန်မာနိုင်ငံ အတွင်းမှာ လေယာဉ်ကွင်းလေး တခုကို လုံခြုံစိတ်ချရအောင် ထားရှိမယ့် စီမံချက် တခုကို “အားလုံးပြီးလုနီးပါး အတည်ပြု” ခဲ့ပါတယ်။ ဒီစီမံချက် အကောင်အထည် ပေါ်လာအောင် တရုတ်ဖြူ ဗိုလ်ချုပ်ကြီး နှစ်ယောက်နဲ့ ညှိဖို့ တရုတ်အမျိုးသားတပ်မတော် က ဗိုလ်ချုပ် လော်ဟန့်ချင်းကို ထိုင်ပေက လွှတ်လိုက်ပါတယ်။ ၁၉၆၀ စက်တင်ဘာလ ကနေ ၁၉၆၁ မတ်လ အတွင်း ကျိုင်းလပ်မှာ တာဝန် ထမ်းဆောင်တုန်းက သူတို့ အချင်းချင်း သိကျွမ်းခဲ့ကြတယ်။ ဒါပေမယ့် တရုတ်ဖြူ တပ်မှူးကြီး နှစ်ယောက်စလုံးက ထိုင်ပေရဲ့ စီမံချက်ကို ငြင်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့တပ်ဖွဲ့တွေကို စစ်ထောက်လှမ်းရေးလက်ပြီး သူတို့က ထိုင်ဝမ်းကို အပြီးရွှေ့သွားရမှာမို့လို့ ဖြစ်ပါတယ်။

ကျန်ကျင်းကော်နဲ့ ဝန်ကြီးချုပ် ထနွမ် တို့ ၁၉၆၉ မေလအတွင်း အကြိမ်ကြိမ် တွေ့ပြီးတဲ့နောက် လော်ချင်းဟန့် က တရုတ်ဖြူ ဗိုလ်ချုပ်ကြီးတွေနဲ့ ထပ်တွေ့ပါတယ်။ လီဝင်ဟွမ့်နဲ့ တွမ့်ရှီးဝင့် တို့က သူတို့တပ်တွေကို စစ်ထောက်လှမ်းရေး ထိန်းချုပ်မှုအောက်မှာ ဖွဲ့စည်းထားရှိဖို့ကို မူအားဖြင့် လက်ခံလိုက်ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက သူတို့မှာရှိတဲ့ လက်နက်တွေ အတွက် လျော်ကြေးနဲ့ တလုံးတခဲ ပင်စင်ငွေကို လိုချင်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်စလုံးကို ထိုင်းနိုင်ငံမှာပဲ အငြိမ်းစားယူ နေထိုင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်တွေကို ထိုင်ပေက လိုက်လျောလို့ မဖြစ်နိုင်ပါဘူး။ ၁၉၆၉ ဂျူလိုင်လမှာ တွေ့ဆုံညှိနှိုင်းမှုတွေ ထပ်လုပ်ကြပါတယ်။ ထိုင်းတပ်မတော် စစ်ဌာနချုပ်က စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကရင်ဆတ် ချမနန်၊ ထိုင်ဝမ်းက အဆင့်မြင့် အရာရှိကြီးတွေဟာ လီဝင်ဟွမ့်၊ တွမ့်ရှီးဝင် တို့နဲ့ ရက်အတော်ကြာ တွေ့ကြတယ်။ ကရင်ဆတ်နဲ့ ထိုင်ဝမ်းက ကိုယ်စားလှယ် အဖွဲ့ဟာ ဗိုလ်ချုပ်ကြီး နှစ်ယောက် အနေနဲ့ သူတို့တပ်တွေကို ထိုင်ပေက တာဝန်ပေးထားတဲ့ အရာရှိတွေ လက်ထဲ လွှဲပေးဖို့ ပြောပါတယ်။ ထိုင်ဝမ်းက လက်နက်နဲ့ စစ်သုံးပစ္စည်းတွေနဲ့ အစားထိုး ထုတ်ပေးမှာ ဖြစ်ပြီး ထိုင်းဘုရင့်အစိုးရနဲ့ တရုတ်သမ္မတနိုင်ငံ ပူးတွဲ ကော်မတီရဲ့ ကြီးကြပ်မှုအောက်ကနေ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေကို တိုက်ခိုက်ဖို့ အခြေအနေ မရှိတဲ့ စစ်သားတွေ၊ မတိုက်ချင်တဲ့ စစ်သားတွေကို သူတို့ မိသားစုဝင်တွေနဲ့ အတူ ထိုင်ဝမ်း သို့မဟုတ် ထိုင်းနိုင်ငံ အတွင်းက ဒုက္ခသည်ရွာတွေမှာ နေထိုင်ဖို့ ပို့ပေးမှာ ဖြစ်ပါတယ်။ တွမ့်ရှီးဝင်နဲ့ လီဝင်ဟွမ့် တို့နှစ်ယောက်စလုံးကတော့ သူတို့ရဲ့ ရိုးသားမှုကို ပြတဲ့ အနေနဲ့ ထိုင်ဝမ်းမှာ သွားနေရမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးကတော့ ထိုင်းနိုင်ငံမှာပဲ နေခဲ့ချင်ကြပြီး ထိုင်ပေက သူတို့ကို မထောက်ပံ့ပဲ ပစ်ထားတဲ့နှစ်တွေမှာ တင်ခဲ့တဲ့ အကြွေးတွေ အတွက် လျော်ကြေးပေးဖို့ ထပ်မံ တောင်းဆိုကြပါတယ်။ သတိရှိတဲ့ လီဝင်ဟွမ့် ကတော့ အရင်က သူတို့ လုပ်ခဲ့တဲ့ တရားမဝင် လုပ်ရပ်တွေ အားလုံးကနေ ကင်းလွတ်ခွင့်ပေးဖို့ ထိုင်ပေနဲ့ ဘန်ကောက်ကို အာမခံခိုင်းပါသေးတယ်။ ဒီတောင်းဆိုချက်တွေကို ထိုင်ပေ ကိုယ်စားလှယ်တွေက ငြင်းဆိုလိုက်ပြီး ထိုင်ဝမ်းကို ပြန်ခဲ့ကြပါတော့တယ်။ ၁၉၇၀ ဇန်နဝါရီလမှာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ထဝီ ချူလာဆပ် က ချင်းမိုင် ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီးတော့ ကျန်ကျင်းကော်နဲ့ သဘောတူညီချက်ရအောင် နောက်ဆုံး အနေနဲ့ ကြိုးစားပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရွှေတြိဂံဒေသ ပြဿနာအိုး ဗိုလ်ချုပ်ကြီးတွေနဲ့ ပြန်လည် ပတ်သက်ဖို့ ထိုင်ဝမ်းဘက်က အေးတိအေးစက် ဖြစ်သွားပါပြီ။ လက်ရှိ နေရာရထားကြတဲ့ တရုတ်အမျိုးသားတပ်မတော်က သက်ကြီးရွယ်အို အရာရှိဟောင်းတွေကလွဲလို့ အဲဒီတပ်တော်တွေဟာ သူတို့အရင် တပ်တော်တွေလိုပဲ ထိုင်ပေက အစိုးရရဲ့ အမိန့်နာခံတာ သိပ်ပြီး မရှိလှပါဘူး။ လီဝင်ဟွမ့်နဲ့ တွမ့်ရှီးဝင် တို့ကိုသာ ထိုင်းနိုင်ငံမှာပဲ အငြိမ်းစား နေထိုင်ခွင့်ပေးလိုက်မယ် ဆိုရင် ထိုင်ပေက သူတို့ တပ်တွေကို ထိန်းချုပ်ဖို့ကို အနှောက်အယှက် ဖြစ်စေမှာ အမှန်ပါပဲ။ တရုတ်ဖြူ ဗိုလ်ချုပ်ကြီးတွေ တောင်းတဲ့ လျော်ကြေးငွေ ပေးဖို့ကိုလည်း ထိုင်ဝမ်းက သဘောမတူပါဘူး။ သူတို့ တပ်မှူးကြီးတွေ ဆန္ဒ ဘယ်လိုပဲ ရှိရှိ ထိုင်ပေနဲ့ ဘန်ကောက် လက်တွဲပြီး အဲဒီ တရုတ်ဖြူ အုပ်စုတွေ ဆက်လက်ထိန်းချုပ်ဖို့ဆိုတဲ့ လက်တွေ့မှာ မဖြစ်နိုင်တဲ့ ထဝီရဲ့ အဆိုပြုချက်ကို ကျန်ကျင်းကော် က ငြင်းပယ်လိုက်ပါတယ်။ ဒီလို ဆွေးနွေးခဲ့မှုတွေဟာ ထိုင်ပေက သူ့တပ်တော်ဟောင်း နှစ်တပ်ကို တာဝန်ယူဖို့ ထိုင်းဘက်က ကြိုးစားနားချခဲ့တာဟာ နောက်ဆုံး ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ထိုင်ဝမ်းကလည်း အဲဒီတပ်တော်တွေနဲ့ လုံးဝ အဆက်ဖြတ်လိုက်ပြီး သုံးနိုင်ငံနယ် နယ်စပ်ဒေသရှိ စစ်ထောက်လှမ်းဗျူရို လက်အောက်က တပ်ဖွဲ့တွေကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အောက်ခြေမှတ်စုများ

  1. ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တရုတ်သမ္မတနိုင်ငံ က အကူအညီ အထောက်အပံ့တွေနဲ့ ဘန်နောင်ဘိုရွာမှာ ဆေးရုံ တရုံ တည်ဆောက်ခဲ့တယ်။ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေနဲ့ အတူလက်တွဲ တိုက်ပွဲဝင်တဲ့ လွတ်လပ်တဲ့ တရုတ်တပ်ဖွဲ့က စစ်သားတွေ ဒဏ်ရာရလာရင် ကုသပေးဖို့ ဖြစ်ပါတယ်။
  2. “ပထမဘိန်းစစ်ပွဲ” ဟာ တရုတ်နိုင်ငံအတွင်း ဘိန်းတင်ပို့မှုနဲ့ ပတ်သက်လို့ အငြင်းပွားတာကို အကြောင်းပြုပြီး ၁၈၃၉-၄၂ ကာလအတွင်း အင်္ဂလိပ်-တရုတ် တို့ ဖြစ်ကြတဲ့ စစ်ပွဲဖြစ်ပါတယ်။
  3. ထိုင်းနိုင်ငံမှာ ဗဟိုက ချုပ်ကိုင်တဲ့ အစိုးရစနစ် ကျင့်သုံးပြီးတော့ တနိုင်ငံလုံးကို နယ်မြေကြီး အမှတ် (၁) ကနေ (၄) အထိ လေးခုခွဲထားပါတယ်။ နယ်မြေကြီး တခုမှာ တပ်တော် တခုစီ တွဲထားပါတယ်။ တပ်တော် နံပါတ်တွေကလည်း နယ်မြေ နံပါတ်အတိုင်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar