Breaking News

မိုးမခကဗျာများ - မောင်လွမ်းဏီ၊ ခိုင်မာကျော်ဇော၊ ဇလစ၊ ရင်နီ၊ အန်နိုလာ၊ ကျော်ဟုန်း

Artist - Myoe Kyaw

ထန်တလန်မှ သည် ….
မောင်လွမ်းဏီ

ဖွားမေပရဲ
မီးလျှံထဲက၊ မကွဲရှိုက်သံ
ရင်နံရံတို့ ကြားပါစေ။   ။

၂၉ - ၁၀ - ၂၀၂၁
...

မျက်ရည်မီး 
ခိုင်မာကျော်ဇော

ထန်တလန် မီး 
အောက်တိုဘာ မီး 
မျက်ရည်မီးပါ
ဒါ..
ထန်တလန် မီးလောင်နေတာ မဟုတ်ဘူး
ပြည်သူတွေ မီးလောင်နေတာ
ဒါ..
တူမီးတွေ 
အောက်ချင်းတွေ
​တောင်ဇလပ်တွေ မျက်ရည်စို့နေတာ မဟုတ်ဘူး
ပြည်သူတွေ အမောဆို့နေတာ
ဆလိုင်းအောင်ဒွန်းရေ...
ခေါနုသန်ရဲ့ မျက်ရည်ဟာ 
တနိုင်လုံးကို စိုပါတယ်။

အောက်တိုဘာ ၃၀၊ ၂၀၂၁

....

နာကျင်နေတဲ့မီးခိုးများ
ဇလစ

ငါတို့ကိုယ်တိုင်လောင်နေတာပဲ 
လောင်နေတဲ့ ချိတ်လျက်သား မိသားစုဓာတ်ပုံလေးမှာ ငါလည်းပါသွား
ငါဟာ  ဘုရားကျောင်းထဲ ညှော်နံ့ကြီးစွဲနေတဲ့ရေရှုပါ
ညိုမည်းနေတဲ့ကောင်းကင်ကို ငါးကြီးတစ်ကောင်လို မြိုချလိုက်တယ်
တောပန်းလေး တောင်ပန်းလေးတွေရဲ့ပြာတွေ ငါ နမ်း နမ်းရှိုက်မိ
မီးထဲမှာ မလောင်တဲ့သွေးကိုတွေ့ကြရ။

...

ထန်တလန်
ရင်နီ

လူတစ်ယောက်ကို သတ်ရင်
လူတစ်ယောက် သေတယ်။

အဖကိုသတ်ရင်
ဇနီးနဲ့ သားသမီးတွေပါသေတယ်။

အိမ်ကိုမီးရှို့တယ်ဆိုတာ
မျိုးဆက်တခုကို ကြိုသတ်လိုက်တာပဲ။

၂၉၊ ၁၀၊ ၂၀၂၁
၉း ၀၀ ည

...

ရေဒီယိုသတ္တိကြွနေသော နိုင်ငံတော်တွင် 
◾️အန်နိုလာ

မီးပုံးပျံဆိုရင်လည်း
မှိုင်းက ဝသင့်နေပြီ။
ဧည့်သည် ဆိုရင်လည်း
နှုတ်ဆက် ထွက်ခွာသင့်နေပြီ။
ငိုရလွန်းလို့ 
ရယ်သံတွေပါ အက်ကွဲနေပြီ။
အသက်တွေကို လှောင်အိမ်ထဲထည့်ပြီး
ပျော်ရွှင်မှုတွေကို ပါးပါးအလှီးခံရတာ
ဘယ်သူက မနာဘူးပြောမှာလဲ။
ပြုတ်ကျမယ်မှန်းသိသိနဲ့
လှေကားပေါ်ကိုတက်သွားပြီး 
ပြုတ်ကျပြတဲ့
ချာလီချက်ပလင်ရဲ့ ဟာသကို
ရယ်ပြီးလည်း ဂုဏ်ပြုခဲ့ပါတယ်
ငိုပြီးလည်း ဂုဏ်ပြုခဲ့ပါတယ်။

Oct 29 2021

...

လေဖိအားနည်း ထန်တလန်
ကျော်ဟုန်း

မီးရှို့တော့
မီးစွဲတာပေါ့။

ဘယ်အထိ မီးစွဲသလဲ သိလား

ကြေကွဲရ နှလုံးသားတွေထဲ
ပြာကျတဲ့အထိ။

မီးရှို့တော့
မီးလောင်တာပေါ့။

ဘယ်အထိလောင်သလဲ သိလား

မီးရှို့တဲ့ တရားခံတွေကို
ပြန်လောင်မယ့်အထိ။

၂၀၂၁၁၀၂၉
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar