မောင်သာမည - သောကခေတ်တွင် ရှင်သန်ခြင်း၊ အပိုင်း ( ၃ )
မူရင်း - စဗက်လာနာ
မြန်မာပြန်- မောင်သာမည
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၁
ခေါင်းထဲမှာ ဘာကိုမှမမှတ်ထားနိုင်ခဲ့ဘူး။ ကျွန်မခေါင်းထဲမှာက “သူနဲ့တွေ့ရမယ် “ ဆိုတဲ့အချက်တခုပဲရှိတယ်။ သူ့ကို ရှာရမယ်။ မတွေ့ တွေ့အောင် ရှာရမယ်။ ဒါပဲ။
ပထမဦးဆုံး ဆရာဝန်မကြီးမေးတာက “ မင်းမှာ သားသမီးရှိသလား” တဲ့။
အမှန်အတိုင်း ကျွန်မ ဘယ်လို ပြောလို့ဖြစ်မလဲ။ ကိုယ်ဝန်ရှိနေတယ်ဆိုတာကိုတောင်ဖုံးကွယ်ထားရမယ်လို့သဘောပေါက်သွားတယ်။ ဒီလိုမလိမ်ရင် သူ့နဲ့တွေ့ဖို့ခွင့်ဘယ်ပေးမလဲ။ ကောင်းတာကတော့ ကျွန်မက ပိန်ခြောက်ခြောက်ဖြစ်နေတာပဲ။ ကျွန်မကိုကြည့်ရုံလောက်နဲ့ ကိုယ်ဝန်ရှိနေတယ်လို့မသိနိုင်ဘူး။
" သားသမီး ရှိပါတယ်" လို့ ကျွန်မက ပြောလိုက်တယ်။
"ဘယ်နှယောက်လဲ”
ကျွန်မစိတ်ထဲမှာတွေးမိတယ်။ နှစ်ယောက်လို့ပြောမှဖြစ်မယ်၊ တယောက်လို့ပြောရင် ဝင်တွေ့ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။
"ယောက်ျားလေးတယောက်နဲ့ မိန်းကလေးတယောက်"
" ကလေးနှစ်ယောက်ရှိပြီဆိုတော့ နောက်ထပ် ကလေးယူဖို့ လိုချင်မှလိုတော့မယ်။
ကဲ နားထောင်။ မင်းယောက်ျားက အာရုံကြောတွေ ပြင်းပြင်းထန်ထန် ထိထားတယ်။
ရိုးတွင်းချဉ်ဆီကိုလည်း ထိထားတယ်"
" ဒီလိုဆိုရင် သူတော့ စိတ်ထိခိုက်လွယ်တော့မှာပဲ” လို့ ကျွန်မတွေးနေမိခဲ့တယ်။
" နောက်တခုကတော့ တွေ့တဲ့အခါ ငိုလို့မရဘူးနော်။ မင်းငိုတာနဲ့ ချက်ချင်း အပြင်ပြန်ထွက်ခိုင်းမှာနော်။ မပွေ့ရဘူး။ မဖက်ရဘူး။ မနမ်းရဘူး။ သူ့နားကို သိပ်မကပ်ရဘူး။ နာရီဝက်အချိန်ပေးမယ်"
ဆရာဝန်မကြီးပြောတာကို ခေါင်းညိတ်နေခဲ့ပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ဒီနေရာကနေ ဘယ်တော့မှ ကျွန်မထွက်သွားဖြစ်မှာ မဟုတ်ဘူးဆိုတာကို သိနေတယ်။ သူမပါဘဲ ဘယ်နေရာကိုမှ ကျွန်မမသွားဘူး။ ဒါကို ကျွန်မဘာသာသစ္စာဆိုနေမိတယ်။
ကျွန်မအထဲကို ဝင်သွားပါတယ်။ သူတို့က အိပ်ရာပေါ်မှာထိုင်နေကြတယ်။ ဖဲကစားရင်း ရယ်မောနေကြတယ်။
“ ဗက်စယာ” လို့ သူတို့က ကျွန်မအမျိုးသားကို လှမ်းခေါ်ကြတယ်။
သူက သူ့ကိုယ်လုံးကို လှည့်လိုက်တယ်။
"သေပါပြီကွာ၊ ဒီနေရာမှာမှ ငါ့ကို တွေ့ရလေခြင်း”
သူ့ပုံက ရယ်စရာကြီး။ ညအိပ်ဝတ်စုံကိုဝတ်ထားတယ်။ ဝတ်စုံနံပါတ်က ၄၈။ တကယ်တော့ သူဝတ်နေကျက နံပါတ် ၅၂ ။ အကျီလက်က ခပ်တိုတို။ ဘောင်းဘီခြေထောက်ကလည်း ခပ်တိုတို။ မျက်နှာမှာတော့ ဖူးရောင်တာမရှိတော့ဘူး။ အကြောဆေးသွင်းပေးနေခဲ့တာတဲ့။
“ ဘာတွေ ဖြစ်နေတာလဲ ၊ ဘာအတွက် သေပါပြီကွာလဲ” ကျွန်မက မေးလိုက်တယ်။
သူက ကျွန်မကို ဖက်ချင်နေတယ်။
" အောက်မှာ ဆင်းထိုင်ရအောင်"
ဆရာဝန်က သူနဲ့ နီးနီးကပ်ကပ် နေခွင့်မပြုဘူး။ ကျွန်မက သူ့ကို သတိပေးလိုက်တယ်။
“ ဒီနေရာမှာ မဖက်ရဘူးနော်"
ဘာပဲပြောပြော ကျွန်မတို့ကရယ်စရာလုပ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ လူတိုင်းက ကျွန်မဆီကို ရောက်လာတယ်။ တခြားအဆောင်ကလူတွေလည်း ပါတယ်။
ပရီယတ်မြို့က ကျွန်မတို့လူတွေအကုန်လုံး ပဲ။ ၂၈ ယောက်လုံးကိုလေယာဉ်နဲ့ ခေါ်လာခဲ့တာ။ ပရီယတ်က သူတို့အိမ်တွေ ဘာဖြစ်ကုန်သလဲဆိုတာ သူတို့ သိချင်နေတယ်။ လူတွေကို စပြီးရွှေ့ပြောင်းပေးနေတဲ့အကြောင်း၊ တမြို့လုံးကို သုံးရက်ကနေငါးရက်အထိ တနေရာမှာရွှေ့ပြီးနေခိုင်းမှာဖြစ်တဲ့အကြောင်း ပြောပြလိုက်တယ်။
အားလုံး ငြိမ်ကျသွားတယ်။ သူတို့ အထဲမှာ မိန်းမ ၂ ယောက်လည်း ပါတယ်။
တယောက်က အခင်းဖြစ်တဲ့နေ့က ဓာတ်အားပေးစက်ရုံမှာ ဧည့်အဝင်အထွက် စစ်တဲ့တာဝန်ကိုယူရတဲ့သူ။ သူက ငိုပါတယ်။
" ဘုရားဘုရား - ကျွန်မကလေးတွေက အိမ်မှာ ကျန်ရစ်ခဲ့ကြတာ ၊ သူတို့ ဘာတွေများ ဖြစ်နေကြမှာပါလိမ့် ”
ကျွန်မက ကျွန်မယောက်ျားနဲ့ တမိနစ်နှစ်မိနစ်လောက် နှစ်ယောက်တည်းနေချင်တယ်။ ဒါကို သူတို့က ရိပ်မိတယ်။ ခွင့်တောင်းပြီး ကော်ရစ်ဒါဘက်ကို ထွက်သွားကြတယ်။
အဲဒီတော့မှ ကျွန်မဟာ သူ့ကိုဖက်ပြီး နမ်းလိုက်တယ်။ သူက နောက်ကိုဆုတ်ပြီး “ မောင့်နားမှာ ကပ်မထိုင်နဲ့၊ ထိုင်ခုံပေါ်မှာ ထိုင်" လို့ပြောတယ်။
"အို အဓိပ္ပာယ်မရှိတာပဲ ” လို့ ကျွန်မက ပြန်ပြောပြီး သူနားမှာပဲ ကပ်ထိုင်နေလိုက်တယ်။
"ပေါက်ကွဲမှုဖြစ်တဲ့နေရာကို မောင်ကမြင်လိုက်တာလား။ ဘာတွေဖြစ်ခဲ့သလဲ။ အဲဒီကိုရောက်သွားတာ မောင်က ပထမဆုံးပဲလား”
“ တယောက်ယောက်က ပေါက်ကွဲအောင် ဖန်တီးတာဖြစ်နိုင်တယ် - တမင်လုပ်တာပဲ ဖြစ်ရမယ်၊ လူတိုင်းက အဲဒီလိုပဲတွက်ကြတယ်"
လူတိုင်းက ဒီလိုပဲပြောနေခဲ့ကြတာပါ။ အဲဒီတုန်းက သူတို့ထင်နေတာလည်း ဒီအတိုင်းပါပဲ။
နောက်နေ့မှာ ကျွန်မ ဆေးရုံကိုပြန်လာတော့ သူတို့ကို အခန်းတစ်ခန်းစီမှာခွဲထားတယ်။ ကော်ရစ်ဒါဘက်ထွက်တာကို တားမြစ်ထားတယ်။ တယောက်နဲ့တယောက် ပူးပူးကပ်ကပ်နေတာကိုလည်း တားမြစ်ထားတယ်။ ဒါကြောင့် သူတို့အချင်းချင်း နံရံကိုခေါက်ပြီး ဆက်သွယ် ကြတယ်။ ဒေါက်ဒက်၊ ဒေါက်ဒက်၊ ဒေါက် ။
ဆရာဝန်က ရှင်းပြပါတယ်။ ဓာတ်ရောင်ခြည်နဲ့ထိတွေ့တဲ့အခါ လူတယောက်နဲ့တယောက် တုံ့ပြန်ပုံချင်းမတူဘူးတဲ့။ လူတယောက်ကခံနိုင်ပေမဲ့ တခြားတယောက်က ခံနိုင်ချင်မှခံနိုင်တာတဲ့။ သူတို့အခန်းထဲမှာလည်း နံရံတွေကကွာနေပြီ။ သူတို့နေတဲ့နေရာရဲ့ ညာဖက်အခန်း၊ ဘယ်ဖက်အခန်းနဲ့ အောက်ထပ်မှာရှိတဲ့ သူတွေအားလုံးကို ရွှေ့ပေးလိုက်တယ်။ လူနာတယောက်မှ မထားတော့ဘူး။ အပေါ်ထပ်တွေအောက်ထပ်တွေမှာလည်း လူနာမရှိတော့ဘူး။
မော်စကိုမှာတော့ သူငယ်ချင်းတွေအိမ်မှာပဲ ကျွန်မသွားနေခဲ့တယ်။ သုံးရက်ကြာတယ်။ သူတို့က လိုတာမှန်သမျှယူဖို့ပြောတယ်။ အိုးတွေခွက်တွေ ပန်ကန်တွေ ယူဖို့ပြောတယ်။ အားမနာပါနဲ့တဲ့။ အလွန်သဘောကောင်းတဲ့ သူငယ်ချင်းတွေပါ။
ကျွန်မက ကြက်ဆင်စွပ်ပြုတ်ကို ခြောက်ယောက်စာ ချက်တယ်။ ပေါက်ကွဲမှုဖြစ်တဲ့ညက ကျွန်မယောက်ျားနဲ့ တာဝန်အတူတူကျတဲ့သူတွေအတွက်ရောပေါ့။ ဗက်စရှု၊ ကီဘေနော့၊ တီတန်နော့၊ ပရာဗစ်၊ တီချူရ ( Vashchuk, Kibenok, Titenok, Pravik, Tishchura)။ သူတို့အားလုံးအတွက် သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာတွေကို ဆိုင်မှာ ဝယ်တယ်။ ဆေးရုံမှာ ဘာမှ မရှိဘူး။ မျက်နှာသုတ်ပုဝါလေးတွေလည်း ဝယ်ပေးထား တယ်။
အဲဒီတုန်းကအကြောင်းကို ပြန်စဉ်းစားကြည့်တော့ ကျွန်မသူငယ်ချင်းတွေနဲ့ပတ်သက်ပြီး အလွန်အံ့သြမိတယ်။ တကယ်တော့ ကျွန်မသူငယ်ချင်းတွေက
ကောလာဟလတွေကြားရလို့ ကြောက်နေကြတာ။ ကြောက်လည်း ကြောက်ရမှာပဲလေ။ ဒါပေမဲ့ လိုအပ်တာမှန်သမျှယူပါလို့ ကျွန်မကိုပြောကြပါတယ်။
သူ အခြေအနေကောင်းရဲ့လား၊ သူတို့အခြေအနေကောင်းရဲ့လားလို့လည်း တဖွဖွမေးကြတယ်။ သူတို့အသက်ရှင်မှာလား၊ သူတို့ ....(သူ့အသံတိတ်သွားပါသည်)။
အဲဒီတုန်းက စိတ်သဘောကောင်းတဲ့သူတွေကို အများကြီး တွေ့ခဲ့ရတယ်။ ဒါပေမဲ့ သူတို့အားလုံးကို မမှတ်မိတော့ဘူး။ ....သူကလွဲလို့ တခြား ဘာမှ မမှတ်မိတော့ဘူး။ ဆေးရုံ အကူလုပ်သားအမျိုးသမီးတစ်ယောက်ကိုတော့ မှတ်မိတယ်။ သူကကျွန်မကို သင်ပြပေးတယ်။
" တချို့အနာရောဂါတွေက ကုလို့ မရဘူး၊ ထိုင်ပြီး သူတို့လက်တွေကို ပွတ်သပ်ပေးနေရုံပဲ ရမယ်” တဲ့။
မနက်စောစောဆိုရင် ဈေးကို ကျွန်မသွားတယ်။ နောက်ပြီးရင် ကျွန်မသူငယ်ချင်းတွေရဲ့ အိမ်ကိုသွားပြီး စွပ်ပြုတ်ချက်တယ်။ ထည့်ပြုတ်ရမယ့်ဟာတွေ အားလုံးကို နုတ်နုတ်စင်းတယ်။ ပါးပါးလှီးတယ်။ ပြုတ်တယ်။ ကျက်ရင် လူခြောက်ယောက်စာခွဲဝေပြီး ထည့်တယ်။ တယောက်ကတော့ သူ့အတွက် ပန်းသီးတလုံး ဝယ်ခဲ့ဖို့ပြောတယ်။
ဆေးရုံကိုစားစရာယူသွားဖို့ လီတာဝက်ဆန့်တဲ့ ဗူးကြီး ၆ ဗူး ရှိတယ်။ အမြဲတမ်းပဲ လူခြောက်ယောက်အတွက် ချက်ပြုတ်ပြီး သယ်သွားရတယ်။ ဆေးရုံမှာ ညရောက်တဲ့အထိနေတယ်။ ပြီးမှ မြို့ရဲ့တဖက်ခြမ်းမှာနေတဲ့ သူငယ်ချင်းတွေရဲ့အိမ်ကို ပြန်တယ်။
ဒီလိုမျိုး ဘယ်လောက်ကြာကြာ ကျွန်မတောင့်ခံပြီး လုပ်နိုင်ပါ့မလဲ။
ဒါပေမဲ့ လေးရက်မြောက်နေ့မှာတော့ ဆေးရုံ ဝန်ထမ်းတွေအတွက်ထားတဲ့တည်းခိုဆောင်မှာ လာနေလို့ရတယ်လို့ ပြောပါတယ်။ ဒါက ဆေးရုံမြေညီထပ်မှာရှိတာပါ။ ကံကောင်းလိုက်တာ၊ ဘုရားမ တာပဲ။
" ဒါပေမဲ့ အဲဒီမှာ မီးဖိုခန်းမှ မရှိတာ။ ဘယ်လိုလုပ်ပြီး ကျွန်မတို့လူတွေအတွက် ချက်လို့ပြုတ်လို့ ရမလဲ”
" ချက်ပြုတ်ဖို့ မလိုတော့ပါဘူး။ သူတို့အစာအိမ်တွေက အစာလက်မခံတော့ဘူး” တဲ့။
( ဆက်ရန်)
{၂၀၁၅ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုး စာရေးဆရာမကြီး စဗက်လာနာ ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။
ရုရှားဘာသာဖြင့် ရေးထားသော မူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ပထမမူ (Voices from Chernobyl ) ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင် ထုတ်ဝေသည် } ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar