Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၀ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၁

ပေါက်ကွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ မီးရှို့ခံရတဲ့ကျေးရွာတွေ
မြန်မာနိုင်ငံရဲ့ နေ့စဥ်သတင်းတွေထဲ ပါဝင်နေကျ ခေါင်းစဥ်တွေဖြစ်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ သတင်းပေးလို့ ယူဆခံရသူ၊ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ စစ်ကောင်စီတပ်တွေရဲ့ သွားလာလှုပ်ရှားမှုကို ကြားဖြတ်မိုင်းခွဲခြင်း၊ ခြောင်းမြောင်းတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်တွေက မြို့၊ ကျေးလက်က အရပ်သားတွေကို ပီဒီအက်ဖ်သံသယနဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ အသက်ဆုံးရှုံးသည်အထိ ရိုက်နှက်ခြင်း၊ အဆိုပါလှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး ကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေက နေ့စဥ် ကြားနေကျ သတင်းတွေဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေမှာကြည့်မယ်ဆိုရင်လည်း ရန်ကုန်မြို့တမြို့ထဲတင် ပေါက်ကွဲမှု ၁၄ ကြိမ်လောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သာကေတ ရှုခင်းသာလမ်း၊ သန်လျင် ၊ ဒဂုံမြို့သစ် အရှေ့၊ မြောက် အစရှိတဲ့ နေရာတွေမှာ ပေါက်ကွဲခဲ့တာပါ။ ရန်ကုန်လိုပဲ အလားတူ တရက်ထဲ ပေါက်ကွဲမှု ဆယ်ဂဏန်းနဲ့ရှိခဲ့တဲ့မြို့က စစ်ကိုင်းမြို့ဖြစ်ပါတယ်။ စစ်ကိုင်းမြို့ နေရာအများအပြားမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အသေအပျောက်တော့ရှိတယ်လို့ မကြားရပါဘူး။ စက်တင်ဘာ ၇ ရက်နေ့ တော်လှန်ရေးအရှိန်မြှင့်မယ်လို့ NUG က ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ တလလုံး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ အခြားမြို့အများအပြားမှာ ပေါက်ကွဲမှုတွေ ပိုမိုများပြားလာခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာတော့ စစ်ကောင်စီတပ်တွေကို ကြားဖြတ် မိုင်းခွဲတာ တိုက်ခိုက်တာတွေ ပိုမိုဖြစ်ပွားခဲ့တာပါ။ 

မြို့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားနေစဥ် ဖမ်းဆီးမှုတွေ နေ့စဥ်လိုရှိနေစဥ်မှာ ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ခံနေရတာတွေ ဖြစ်နေတာပါ။ ဒီနေ့သတင်းတွေထဲမှာလည်း မင်းကင်းမြို့နယ်က ကျောက်တန်းရွာမှာ နေအိမ်တလုံး မီးရှို့ခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေက လူနေအိမ်တွေမီးရှို့တာကို နည်းဗျူဟာအဖြစ်သုံးစွဲနေတာ ဆယ်စုနှစ်များစွာကြာမြင့်တဲ့ ပြည်တွင်းစစ်တွေကတည်းကသုံးခဲ့သလို ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့တာဖြစ်ပါတယ်။ မဝေးသေးတဲ့ကာလဖြစ်တဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့ခဲ့စဥ်ကလည်း ရိုဟင်ဂျာတွေကပဲ သူတို့နေအိမ်ကို သူတို့မီးရှို့ပြီး ထွက်ပြေးကြတယ်လို့ ဝါဒဖြန့်ခဲ့ကြရာမှာ မြန်မာပြည်မကသူတွေတောင် ယုံကြည်ခဲ့ကြဖူးပါတယ်။ 

ခုအခါမှာတော့ ဒီလိုမီးရှို့တာဟာ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်၊ မြေလှန်တဲ့ လုပ်နည်းလုပ်ဟန်ဆိုတာ သဘောပေါက်လာကြပြီဖြစ်ပါတယ်။ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို အားမပေးအောင် မထောက်ခံအောင်နဲ့ ဆန့်ကျင်အောင်ရည်ရွယ်ပြီး နေအိမ်တွေမီးရှို့တာကို နည်းဗျူဟာအရ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ 

တဖက်မှာ လက်နက်ကိုင် ခုခံပုန်ကန်ကြတဲ့ ကျေးရွာတွေ၊ မြို့ငယ်တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီး ပစ္စည်းတွေယူဆောင်ပြီး ထုခွဲရောင်းချနေကြတဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းမှုဖေါ်ဆောင်မှု ညှိနှိုင်းရေးကော်မတီလို့ အမည်ပေးထားတဲ့ ဒုဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ကော်မတီက နိုင်ငံရေးပါတီတွေကို ဖိတ်ကြားပြီး နောက်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုမှုစနစ်ထည့်သွင်းဖို့ နေပြည်တော်မှာ ဆွေးနွေးတဲ့သတင်းလည်း ဖေါ်ပြနေကြတာဖြစ်ပါတယ်။ 

ဒီနေ့ဖော်ပြကြတဲ့ သတင်းတပုဒ်ထဲမှာတော့ ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ အမာခံ ထောက်ခံသူနဲ့ စစ်တပ်လိုလားတဲ့ ဆန္ဒပြမှုတွေမှာ ပါဝင်လေ့ရှိသူ၊ စစ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသူအချို့ကို ဓါးနဲ့ထိုးပြေးခဲ့သူကို အမည်မသိ သေနတ်သမားက ပစ်သတ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အလားတူ မော်လမြိုင်မြို့မှာလည်း ပြီးခဲ့တဲ့ ရက်အတွင်း ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရသလို မွန်ပြည်နယ် ပေါင်မြို့နယ်ထဲက YMBA နာယက ဖြစ်သူလည်း သေနတ်နဲ့ လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။ 

ရန်ကုန်လိုပဲ အခြားသောမြို့တွေမှာလည်း ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးလို့ စွပ်စွဲခံရသူ၊ သတင်းပေးလို့စွပ်စွဲခံရသူတွေ လုပ်ကြံခံရတဲ့အဖြစ်အပျက်သတင်းတွေ နေ့စဥ်လိုလို ဖေါ်ပြနေကြတာ ဖြစ်ပါတယ်။ 

တော်လှန်ရေးလို့ဆိုတာမို့ အသက်ဆုံးရှုံးတာတွေ ရှိမှာ၊ ထိခိုက်မှုတွေရှိမှာပဲလို့ ယူဆခံယူကြမှာအမှန်ပါ။ အရပ်သားတွေ အသက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ထိခိုက်မှုနည်းအောင် ကာကွယ်ပေးမယ့် နည်းလမ်းတွေလည်း တော်လှန်ရေးဘက်က အဖွဲ့တွေ ဦးဆောင်သူတွေ အလေးထားထည့်သွင်း စဥ်းစားကြဖို့ တိုက်တွန်းချင်တာပဲ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar