Breaking News

ဗေဒါညို - ကျောပိုးအိတ်ထဲမှာ

ဗေဒါညို - ကျောပိုးအိတ်ထဲမှာ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၁

"ရှင်သိန်းကြွယ်ရေ လျှာရင်းမြက်ဖို့ ဘာဟင်းတွေများ ချက်ထားတုန်းဗျို့"

ပခုံးပေါ်ကထင်းစည်းကို ဗုံးကနဲပစ်ချလိုက်ရင်း ဇာတ်ဟန်ပါပါဖြင့် အော်ပြောလိုက်သည့် ဦးကြီးပေါ၏အသံက နဘေးအိမ်တွေဆီသို့ပျံ့လွင့်၍သွား၏။ သို့ရာတွင် ညနေစောင်းချိန်ရောက်တိုင်း ကြားနေကျအသံဖြစ်၍ မည်သူမျှစိတ်မဝင်စားကြ။ အမှောင်မရောက်ခင် ချက်ပြုတ်စားသောက်ပြီးစီးဖို့အရေးကိုသာ ဇောကပ်နေကြသည်။ ကျေးလက်ဒေသတွေမှာ မှောင်လာသည်နှင့် ရွာငယ်ဇနပုတ် မီးကလေးမှိတ်တုတ်ဖြစ်သော်လည်း များသောအားဖြင့် ရေနံဆီဖိုးကုန်မှာစိုး၍ အကြောင်းကိစ္စမရှိဘဲ မီးခွက်ကလေးထွန်းရမှာကို သူသူငါငါ ဝန်လေးနေကြစမြဲ။

ဦးကြီးပေါ၏နာမည်အပြည့်အစုံက ဦးပေါဌေးဖြစ်သည်။ ကျွန်တော်နှင့် ဆွေမျိုးသုံးဝမ်းကွဲတော်စပ်သည်။ တကယ်တော့ ကျွန်တော်တို့တစ်ရွာလုံး ဆွေမျိုးတွေချည်း။ အမေ့ဘက်က ဆွေမျိုးတွေ။ အဖေ့ဘက်က ဆွေမျိုးတွေ။ ထို့ပြင် မိဘနှစ်ပါးစလုံးနှင့်ဆက်စပ်တော်ရသည့်ဆွေမျိုးတွေလည်းရှိသည်။ ဦးကြီးပေါက အဖေနှင့် ညီအကိုသုံးဝမ်းကွဲ။ အရီးလေးဒေါ်သိန်းကြွယ်ကလည်း အမေနှင့် ညီအမနှစ်ဝမ်းကွဲတော်နေပြန်၍ အိမ်နီးချင်းလည်းဖြစ် ဆွေရင်းမျိုးရင်းတွေဟု ဆိုရမည်။ အရီးလေးဒေါ်သိန်းကြွယ်ကို ကျွန်တော်က အရီးလေးသိန်းဟုခေါ်သည်။ 

ဦးကြီးပေါနှင့် အရီးလေးသိန်း (သို့မဟုတ်) ဦးပေါဌေးနှင့် ဒေါ်သိန်းကြွယ်တို့၏အမည်နာမတို့သည် ချမ်းသာခြင်းသဘောကိုဆောင်သည်။ ခက်တာကနာမည်နှင့် သူတို့ဇနီးမောင်နှံ၏ဘဝအခြေအနေသည် ဖီလာဆန့်ကျင်။ ကိုယ်ပိုင်ယာမရှိ လှည်းနှင့်နွားဆိုတာလည်း နတ္ထိ။ နှစ်ယောက်စလုံး နေ့စဥ်လက်လှုပ် ခြေလှုပ်ဖြင့် လှုပ်ရှားနိုင်မှ ဝမ်းမီးငြိမ်းရသည်။ ဦးကြီးပေါက သူရင်းငှားလိုက်သည်။ အရီးလေးသိန်းကလည်း ပဲနုတ် ပေါင်းသင် ဝါကောက်စသဖြင့် သူ့အချိန်အခါအလိုက် အလုပ်တွေ တရစပ်လုပ်နေရသည်။ ဦးကြီပေါ၏သူရင်းငှားအလုပ်က တစ်နှစ်လုံးမရှိပေ။ ရွာမှာလည်း သူရင်းငှားကိုနှစ်ပေါက်အောင်ငှားနိုင်လောက်သည်အထိ မည်သူမျှမချမ်းသာကြ။

သည်တော့လည်း ဦးကြီးပေါသည် အလုပ်ပါးသည့်အချိန်တွင် တောထဲသို့ထင်းခွေထွက်ပြီး ရလာသည့်ထင်းတွေကို ရွာထိပ်က အကြော်သည်ဒေါ်ဗြားကြီးဆီကိုရောင်းသည်။ အဲသည်အလုပ်ကလည်း သိပ်မသေချာ။ ဒေါ်ဗြားကြီးခမျာ သူ့အကြော်တွေ နှစ်ရက်လောက်ရောင်းမကုန်လျှင် အကြော်ဆိုင်ကိုခေတ္တပိတ်ထားရသည်။ ဝယ်လိုအားနှင့် ထုတ်လုပ်အားမမျှတော့ အကြော်ဖိုက ရက်တစ်ပတ်လောက် မီးခိုးတိတ်သွားသောအခါ ဦးကြီးပေါလည်းအလုပ်လက်မဲ့ဖြစ်သွားရပြန်သည်။ ထို့ကြောင့် နေ့လည်ခင်းအချိန် ရွာလယ်ကဇရပ်မှာ ကြွေပစ်ရင်း အလုပ်တစ်ခုခု ရလိုရငြား မျှော်ရသည်။

ကြွေဝိုင်းသည် ပိုက်ဆံကြေးမဟုတ်ဘဲ နဖူးမှာ ထုံးတို့ကြေး အပျော်ကစားကြခြင်းသာ။ ဂလောင်လောင်ကြွေပစ်သံနှင့်အတူ လုပ်လိုက်စမ်းပါဟ။ဟောသလိုလေးဟူသော ဦးကြီးပေါ၏အသံသည် ကြွေဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးနေလျှက်ရှိသည်။ အနောက်ဘက်သို့စောင်းကျနေသည့်နေရောင်တွေက အင်္ကျီမရှိသည့် သူ့ကျောပြင်ပေါ်သို့ကျရောက်နေသော်လည်း ဂရုမစိုက်နိုင်။ အောင်လံမလှဲ အနိုင်ကြဲဖို့သာ မာန်တင်းနေဆဲ။ ကြွေဝိုင်းသိမ်းချိန်ရောက်လာခဲ့ပြီ။ ဦးကြီးပေါ အောင်ပွဲမခံနိုင်ခဲ့ပါ။ မျက်နှာပေါ်မှာရော ရင်ဘတ်တစ်ခုလုံးပါ အရှုံး၏လက္ခဏာအဖြစ် ထုံးစက်တွေဗရပွဖြင့် အိမ်သို့ပြန်လာခဲ့ရသည်။ သူ့ကိုမြင်ကြသူတွေက ထုံးအိုးကြီးမှောက်ကျလာတာလားဟု ပြောသူကပြော။ ကွမ်းယာဆိုင်ဖွင့်တော့မယ်ပေါ့ဟု ဆိုသူကဆို။သည်နှယ်နောက်ကြပြောင်ကြသော်လည်း ဦးကြီးပေါကမဖြုံ။ ဟမလေး တစ်ခါတစ်လေရှုံးရတာပါကွာဟု ပြန်၍ပြောတတ်သည်။ အမှန်တော့ သူ့အရှုံးသည် တစ်ခါတစ်လေမဟုတ် နှစ်ခါနှစ်လေလည်းမဟုတ်။ ကြွေဝိုင်းမှ ထုံးရာတွေဗရပွဖြင့် အမြဲလိုလိုပြန်လာရစမြဲ။ အိမ်ရောက်သည်နှင့် ရှင်ငြိမ်းမယ်ရေ လျှာရင်းမြက်ဖို့ ဘာဟင်းများချက်တုန်းဗျို့ဟု ဆိုစမြဲ။

အကြောင်းမသိလျှင် သူ၏ညနေစာထမင်းဝိုင်းသည် ဘယ်လိုဟင်းတွေဖြင့် ဖွယ်ဖွယ်ရာရာချက်ပြုတ်စားသောက်ပါလိမ့်ဟု တွေးစရာဖြစ်နေကြမည်လား။ ကျွန်တော်လည်း အဲသည်လိုတွေးခဲ့ဘူးသည်။ တစ်ညနေ ဦးကြီးပေါတို့ညနေစာပွဲတော်တည်နေချိန်မှာ ကျွန်တော်ရောက်သွားသည်။

ဟ မောင်ထွန်းကြီး လာကွာ ထမင်းစားရအောင်ဟု ဖိတ်ခေါ်လိုက်သမို့ အထင်တကြီးဖြင့် သူတို့ထမင်းဝိုင်းသို့ဝင်ထိုင်လိုက်သည်။ စိတ်ထဲမှာတော့ ဝက်အသားနီလန် ကြက်ဆီပြန်ဟင်းတွေကို တွယ်လိုက်ရချီသေးပေါ့။ လက်တွေ့တွင်မူ တောထဲကခူးလာသည့်ဟင်းရွက်မျိုးစုံနှင့် ဟင်းချိုတစ်ခွက်။ပြီးတော့ ပဲပြုတ် ငရုတ်သီးထောင်းကိုတွေ့လိုက်ရ၍ လက်တွန့်သွားရလေ၏။ ဟင်းချိုဟင်းကလည်း ငပိလေးတစ်ကော်မျှတောင်မထည့်နိုင်၍ အရွက်တွေကိုချည်း ရေလုံပြုတ်စားနေရသည့်အလား။ ဘာတတ်နိုင်မည်နည်း။ ထမင်းဝိုင်းမှာထိုင်မိပြီမို့ ထမင်းတစ်ပန်းကန်ကို မနည်းကြိတ်မှိတ်စားခဲ့ရသည်။ အိမ်ပြန်ရောက်တော့ အမေသိသွားပြီး မင်းနှယ်ကွယ် မရှိတဲ့သူတွေဆီက တစ်ဇွန်းတစ်ဖဲ့ကိုများ အားမနာပါးမနာနဲ့ စားရဲ့လိုက်တာဟုပြော၍ဆူပါလေတော့သည်။

ကျွန်တော့်ခမျာစားခဲ့မိသည့်ငရုပ်သီးထောင်း​က ပါးစပ်ကိုအပူလောင်ပြီး ချွေးတလုံးလုံးဖြင့် တရှူးရှူးတရှဲရှဲဖြစ်နေ၍ အမေ့ကိုပြန်မပြောနိုင်အား။သောက်ရေအိုးစင်ဆီသို့အမြန်ပြေးပြီး ရေကိုတဂွပ်ဂွပ်မော့သောက်နေရသည်။ အဲသည်ကတည်းက ဦးကြီးပေါ၏ လျှာရင်းမြက်စေမည့်ဟင်းတွေကိုယောင်လို့မျှ လှည့်မကြည့်ဝံ့တော့။

ထိုစဥ်က ကလေးအရွယ်မို့ ဆင်းရဲချမ်းသာခြင်းကို ကျွန်တော်နားမလည်သေးပေ။ ကျွန်တော်တို့တစ်ရွာလုံး ဆင်းရဲကြသည်။ ဦးကြီးပေါကတော့ အားလုံးထက်ပို၍ ဆင်းရဲသည်။ သူ၏ပိုင်ဆိုင်မှုသည် ရေထည့်သည့်ရာဝင်အိုးတစ်လုံးနှင့် အုချဖို့ဟန်ပြင်နေသည့် ကြက်မတစ်ကောင်မျှသာ။ သူတို့နေသည့် ထန်းရွက်တဲကလည်း ထန်းရွက်အသစ်မမိုးနိုင်သေး၍ အပေါက်အပြဲတွေဖြင့် နေရောင်လရောင်တွေထိုးကျနေချေပြီ။ သူတို့ ဘဝအခြေအနေကိုပြန်တွေးမိပြန်တော့ ဦးပုည၏ရေသည်ပြဇာတ်ထဲက ရေသည်လင်မယားကို သတိရလိုက်မိသည်။

လူ့ဘဝတွင် အနိမ့်အမြင့်မရှိဘဲ တသမတ်တည်းတည်ရှိနေသည်တော့ မဟုတ်ပေ။ တစ်ရက်တော့ ဦးကြီးပေါတစ်ယောက် မမျှော်လင့်ဘဲ ဆယ်တန်တစ်ရွက်ကောက်ရလိုက်သည့်သတင်းက တစ်ရွာလုံးကိုပွက်လောရိုက်သွားစေခဲ့သည်။ ဆင်းရဲသည့်ရွာဖြစ်၍လည်း အိမ်တိုင်းမှာ ဆယ်တန်တစ်ချပ်ရှိဖို့နေနေသာသာ တစ်ချို့ဆိုလျှင် မြင်တောင်မမြင်ဘူးကြ။ ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် အပြာရောင်ဆယ်တန်ရွက်ကလေးကို အထူးအဆန်းသဖွယ် ဝိုင်းအုံ၍ ကြည့်ရှုကြသည်။ တစ်ချို့က ဦးကြီးပေါကို ကံကောင်းလိုက်တာဟုပြောပြီး အားကျနေကြ၏။ ယာတစ်ဧကမှာ အစိတ်သုံးဆယ်လောက်ပဲပေးရသည့်အချိန်တွင် ဆယ်တန်တစ်ရွက်၏တန်ဖိုးသည် နည်းနည်းနောနောမဟုတ်ပေ။ ဒါဖြင့် ဆယ်တန်တစ်ရွက်ကျပျောက်သွားရလောက်အောင်အထိ နမော်နမဲ့နေသည့်ပိုက်ဆံပိုင်ရှင်က မည်သူလဲ။ တကယ်တန်းတော့ ရွာထဲမှာ ဆယ်တန်ရွက်ကိုကိုင်ပြီး သုံးစွဲနိုင်ကြသူတွေ မရှိကြပါ။ ပြီးတော့ပိုက်ဆံဆိုတာက ရှာရတာခက်လွန်း၍ ကိုယ့်ရှိသည့် ပိုက်ဆံတစ်ကျပ်တစ်ပြားကလေးကိုပင် အပျောက်မခံနိုင်ဘဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်သိမ်းဆည်းထားကြသည်။ သို့ဖြင့် ဦးကြီးပေါကောက်ရသည့်ဆယ်တန်ရွက်သည် ပိုင်ရှင်မရှိဘဲ မည်သည့်နေရာမှရောက်လာသည်ကို စဥ်းစား၍မရကြတော့ပေ။ ဦးကြီးပေါကတော့ ခပ်အေးအေးပင်။ ကောက်ရသည့်ဆယ်တန်ကို ရွာဦးကျောင်းဆရာတော်ထံအပ်နှံထားလိုက်ပြီး သုံးလေးလအကြာ ပိုင်ရှင်မပေါ်တော့မှ ဆရာတော်ထံမှပြန်ယူဖို့ ဆုံးဖြတ်လိုက်သည်။

ပိုက်ဆံဆိုတာ ရှာတိုင်းမလွယ်သလို ကိုယ်နဲ့ထိုက်မှ ရတာဟ။ လိုချင်ပေမယ့် ရချိန်တန်မှ ကိုယ့်ဆီကိုအမှန်တကယ်ရောက်လာတာရယ်ဟုလည်းပြောသည်။ သုံးလေးရက်လောက်ကြာတော့ ဆယ်တန်အကြောင်းကို တစ်ရွာလုံး မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ ဦးကြီးပေါသည်လည်းဆယ်တန်ရွက်ကောက်ရလိုက်၍ သွေးကြီးမသွား။ နေ့စဥ်ပုံမှန်အတိုင်း အလုပ်လုပ်နေစမြဲ။ အလုပ်မရှိတော့သည့်အချိန်တွင် ဇရပ်ထဲမှာကြွေပစ်နေစမြဲ။ တစ်ခုတော့ထူးခြားသည်။ ညနေစောင်းသည့်အချိန်တွင် ယခင်ကလိုမဟုတ်တော့ဘဲ ထန်းပက်လက်ပြား ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ရင်းအတွေးဖြင့် ငေးချင်ရာငေးနေတတ်သည်။ တခါတရံတော့ သူထိုင်နေသည့်နေရာနှင့်မလှမ်းမကမ်းရှိ အစာရှာနေသည့်ကြက်သားအုပ်မကို ငေးကြည့်နေတတ်သည်။ ပြီးတော့ မေးစေ့ကိုပွတ်ရင်း အတွေးထဲမှာနစ်မြောနေလျှက်။

အချိန်ကာလသည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ကြက်သားအုပ်မကလည်း သားခွဲပြီးနောက် အပျိုလုပ်ကာ နောက်တစ်သားအုဖို့အတွက် ကြက်ဖတွေကို ဟန်ရေးပြနေ၏။ အတောင်စုံလာသည့်ကြက်ကလေးတွေကလည်း ဆယ့်နှစ်ကောင်ထဲမှာ အထီးတစ်ကောင်ပဲပါပြီး ကျန်တာတွေက ကြက်မတွေချည်းမို့ ဦးကြီးပေါအတွက်ပျော်စရာ။ ပက်လက်ကုလားထိုင်ပေါ်မှ ာမလှုပ်မရှက်ဖြင့် အချိန်ကြာကြာထိုင်နေသည့်ဦးကြီးပေါ၏မျက်လုံးအစုံသည် ဝမ်းသာစရာတစ်ခုခုကိုတွေ့လိုက်ရသည့်အလား ဝင်းလက်စူးရှသွား၏။ တည်ငြိမ်နေသည့်သူ့မျက်နှာပေါ်မှာ အပြုံးရိပ်တွေရောက်လာခဲ့သည်။ကျေနပ်ပီတိဖြစ်စရာကိုတွေ့လိုက်ရပြီထင်သည်။ ဦးကြီးပေါသည် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားသည့်အလား ပက်လက်ကုလားထိုင်ပေါ်မှ ဝုန်းကနဲမတ်တတ်ထ၍ ရပ်လိုက်သည်။ 

ထို့နောက် ...."ရှင်သိန်းကြွယ်ရေ ကျုပ်ထင်းခွေရတာရယ် ဆရာတော်ဘုရားဆီအပ်ထားတဲ့ပိုက်ဆံတစ်ဆယ်ရယ် ဟောဒီကြက်ကလေးတွေက ကြက်မကြီးတွေဖြစ်လာခဲ့ရင် ကြက်ဥတွေအုကြ နောက်ထပ်ကြက်တွေထပ်ပေါက်ကြဦးမှာမို့ရယ်မို့ ကျုပ်တို့ချမ်းသာပြီဗျို့။ ချမ်းသာပြီဗျ" ဟု အားပါးတရဟစ်ကြွေးလိုက်သည့်အသံသည် တစ်ရွာလုံးကိုရိုက်ခတ်သွားလေတော့၏။ သူ့ရင်ထဲကပွင့်ထွက်လာခဲ့သည့်အသံကို ရုတ်တရက်ကြားလိုက်ရ၍ အားလုံးအံ့သြသွားကြသည်။

လူတစ်ယောက်ချမ်းသာတော့မည်ဆိုသည့်သတင်းသည် မင်္ဂလာသတင်းမဟုတ်ပါလား။ ထို့ကြောင့် ဦးကြီးပေါ၏ရင်ထဲကအသံနှင့် မျှော်လင့်ယုံကြည်မှုကို မည်သူမျှမလှောင်ပြောင်ကြသည့်အပြင် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ ကိုလေးလှထူးက နွားစာစင်းရင်းဖြင့် ဘထွေးပေါရေ ကြားရတာ ဝမ်းသာတယ်ဗျို့ဟု လှမ်းအော်၍ ပြောသည်။ ဒွေးလေးတင်ကလည်း ပေါဌေးရေ နင့်ကိုချမ်းသာစေချင်တာကြာပြီဟဲ့ဟု ဆိုလိုက်သည်။ ညနေစာအတွက် ဟင်းရွက်တွေသင်နေသည့် အရီးလေးသိန်း၏မျက်လုံးအိမ်မှာတော့ မျက်ရည်တွေသီဝေ့နေလျှက်။

ချမ်းသာခြင်း၏ အမှတ်လက္ခဏာ။ ချမ်းသာခြင်း၏ အတိုင်းအဆပမာဏတွေကို မည်ကဲ့သို့နားလည်ကြရမည်နည်း။ ဦးကြီးပေါ၏ သူ့အမြင်သူ့အတွေး သူ့မှတ်ယူချက်တွေဖြင့် ဖွင့်အံထုတ်လိုက်သည့်ချမ်းသာခြင်းသည် ငွေကြေးဥစ္စာပစ္စည်းတွေ ကိန်းဂဏန်းရေတွက်၍မရနိုင်လောက်အောင်အထိ ချမ်းသာကြွယ်ဝသူတွေအဖို့တော့ ပြုံးရယ်လှောင်ပြောင်စရာဖြစ်ပါလိမ့်မည်။

အမှန်တော့ မတူညီသည့်လောကဝန်းကျင်တိုင်းမှာ ဆင်လည်းဆင်မို့ ကြွက်လည်းကြွက်မို့ သူ့အတိုင်းအထွာနှင့်သူရှိကြစမြဲ။ သည်မှာပင်တွေးစရာပေါ်လာသည်။ ဦးကြီးပေါချမ်းသာတော့မည်ကို မုဒိတာပွားကြသူတွေရှိကြသော်လည်း လောဘဇောတိုက်ပြီး ငွေကိုအငမ်းမရရှာဖွေနေကြသူတွေ၏လောကဝန်းကျင်မှာတော့ လူတစ်ယောက်ချမ်းသာခြင်းကို မနာလိုမရှုစိမ့်သူတွေက မရေမတွက်နိုင်အောင်ပေါများနေမည်ကိုပြောစရာလိုမည်မထင်။

လူတိုင်းလူတိုင်းသည် ချမ်းသာခြင်းသုခကို လိုလားတောင့်တကြသည်။ ဦးကြီးပေါသည်လည်း အများနည်းတူဖြစ်သည်။ စိတ်မကောင်းစရာက ဦးကြီးပေါခမျာ သူလိုချင်သည့် ချမ်းသာခြင်းသုခကို မခံစားလိုက်ရပေ။ ကြွေဝိုင်းပြီးတော့ အိမ်အပြန်လမ်းမှာပဲ ရုတ်တရက်လဲကျသေဆုံးသွားခဲ့သည်။ အသက်ငါးဆယ်နီးပါးအရွယ်။ အပေါ်အင်္ကျီ ဝတ်လေ့ ဝတ်ထမရှိသောခန္ဓာကိုယ်အပေါ်ပိုင်းသည် အပူဒဏ်နှင့်အအေးဒဏ်ကို အနှစ်နှစ် အလလ တောင့်ခံရင်းဖြင့် ရုတ်ချည်းဆောင့်တက်လာသည့်သွေးတိုးရောဂါကြောင့် မဟန်နိုင်တော့ဘဲပြိုလဲကျသွားလေတော့သည်။ ဦးကြီးပေါသည် ကြွေဝိုင်းမှာနိုင်သည်ဟူ၍ မရှိ။ အမြဲတန်းလိုလို ရှုံးနေဆဲ။ ယခုလည်း အမှတ်တမဲ့နေလိုက်စဥ်  သေမင်းလက်အောက်မှာ အသက်ဆုံး၍ အရှုံးပေးလိုက်ရလေပြီ။မျက်နှာနှင့်ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ထုံးတို့ရာတွေပွထနေပြီး ခွေခွေလေးလဲကျသေဆုံးသွားရှာသည့် ဦးကြီးပေါကို ကျွန်တော်ငေးကြည့်ရင်းရင်ထဲမှာဆို့နင့်သွားရသည်။ အရီးလေးသိန်းလည်း သတင်းကြားရခြင်း အခင်းထဲကအပြေးအလွှားရောက်လာခဲ့သည်။ ပြီးတော့ ဦးကြီးပေါ၏ သက်မဲ့ခန္ဓာကိုယ်ကို ဖက်ပြီး ပြောလိုက် ငိုလိုက်။

"အို ... ကိုပေါဌေးကြီးရဲ့။ တော်ပဲ နောက်နှစ်ကြက်တွေအများကြီးရောင်းပြီး ယာကလေးတစ်ကွက် ဝယ်နိုင်တော့မယ်ဆို။ ရှင်သိန်းကြွယ် နင်ဘာမှမပူနဲ့တော့။ သူများအခင်းတွေ အငှားလိုက်စရာမလိုတော့ဘူး။ တို့ယာခင်းကို တို့ကိုယ်ပိုင်လှည်းနွားကလေးနဲ့ အတူသွားရတော့မယ်တဲ့။ တော်ပဲပြောပြီး ကျုပ်ကိုထားခဲ့ပြီလားတော့"

အရီးလေးသိန်းကိုကြည့်ရင်းမည်သူမျှ မျက်ရည်မဆည်နိုင်ကြတော့ပါ။ ထိခိုက်နာကျင်ခဲ့ရသည့် နှလုံးသားဆီက ပြိုအက်ကျဆင်းလာခဲ့ရသည့်ငိုကြွေးသံများသည် ကျွန်တော်တို့တစ်ရွာလုံးကို ဖုံးအုပ်သွားခဲ့သည်။ အမေလည်း မီးဖိုချောင်ထဲမှာ ရှိုက်ငိုနေလျှက်။ မမခင်အေးတို့ ညီအမတစ်တွေလည်း ဦးကြီးပေါရေဟု အော်ဟစ်ငိုကြွေးနေလျှက်။ မည်သို့ပင်ဖြစ်စေ ရုပ်ခန္ဓာကိုထားခဲ့ပြီး တမလွန်ခရီးကိုထွက်ခွါသွားခဲ့သည့် ဦးကြီးပေါကတော့ မသိနိုင်တော့ပြီ။

လူတိုင်း လူတိုင်းမှာ လိုအင်ဆန္ဒကလေးတွေရှိကြစမြဲ။ ဦးကြီးပေါမှာလည်း ကိုယ်ပိုင်ယာကလေးတစ်ကွက်နှင့် လှည်းနွားကလေး ရှိချင်နေရှာသည်။ သူ့ရင်ထဲက အနှစ်နှစ် အလလ ကိန်းအောင်းနေသည့် လိုလားတောင့်တမှုသည် အချိန်ကြာလာသည်နှင့်အမျှ အစိုင်အခဲတစ်ခုလိုဖြစ်တည်လာခဲ့သည်။ ဆယ်တန်ရွက်ကလေးတစ်ရွက်ကောက်ရလိုက်တော့ သူ့မျှော်လင့်ချက်သည် လင်းလက်သွားလေပြီ။ ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီး ငေးမောရင်း သူ့စိတ်အာရုံတို့သည် ပျော်စရာကောင်းမည့်အနာဂတ်ကာလဆီသို့ရောက်နေခဲ့မှာတော့ သေချာလှသည်။ သူ၏မျှော်လင့်ချက်များသည် လက်ရှိရင်ဆိုင်ဖြတ်သန်းနေရသည့် ပင်ပန်းဆင်းရဲမှုတွေကို မေ့ပျောက်သွားစေခဲ့သည်။ တဆက်တည်းမှာပင်ယုံကြည်မှုနှင့်အတူ ခွန်အားတွေတိုးလာခဲ့သည်။ သို့သော် အကြောင်းကံပါမလာတော့လည်း သူ့ခမျာ လိုလားတောင့်တသည့်ချမ်းသာသုခကို ခံစားခွင့်မရလိုက်ရှာတော့။ ခဏတဖြုတ် နေခွင့်ရသည့် လူ့ဘဝတွင် ဦးကြီးပေါလိုပဲ ကိုယ်ဖြစ်ချင်တာလေးတောင် ဖြစ်ခွင့် ခံစားပိုင်ခွင့် မရခဲ့ကြသူတွေ မရေမတွက်နိုင်လောက်အောင် များလှ၏။ ဒါတွေကို အသက်ကြီးလာတော့မှ ကျွန်တော်နားလည်လာခဲ့ရသည်။ပြောလို့သာပြောရသည် ကျွန်တော်သည်ကော ကိုယ်ဖြစ်ချင်တာတွေဖြစ်ခွင့် ရပိုင်ခွင့်တွေရှိခဲ့ရဲ့လား။သည်မေးခွန်းက ကျွန်တော့်အားဆင်ခြင်အသိကိုတွန်းအားပေးလိုက်သည့်နှယ်။

သတ္တဝါတို့၏သံသရာတွင် ကျွန်တော်တို့အားလုံးဘဝပေါင်းများစွာကို ကျောပိုးအိတ်ကလေးကိုယ်စီလွယ်၍ လျှောက်လှမ်းနေရသည့် သံသရာခရီးသည်များဖြစ်ကြသည်။ ကိုယ်နှင့်အတူပါလာသည့် ကျောပိုးအိတ်ထဲတွင် ဖြစ်ချင်သည့်ဆန္ဒကလေးတွေ ထည့်လာခဲ့ကြသည်။ ထို့ပြင် ကျောပိုးအိတ်ထဲမှာ မေတ္တာတွေ စေတနာတွေ ကရုဏာတွေ ပျော်ရွှင်ခြင်းတွေလည်း ရှိနေခဲ့သည်။ အသားအရောင် ဘာသာ လူမျိုး မခွဲခြား ကျောပိုးအိတ်ထဲက မေတ္တာစေတနာတွေနှင့် ပျော်ရွှင်ခြင်းတွေကို တစ်ဦးကို တစ်ဦး မျှဝေပေးနိုင်ခဲ့လျှင် လောကသည် ငြိမ်းချမ်းသာယာခြင်းဖြင့် ကြည်နူးပျော်ရွှင်စရာဖြစ်နေပါလိမ့်မည်။ လူ့သဘောကလည်း ပြောရမှာခက်လှသည်။

သံသရာကိုမတွေး တစ်ဘဝလောက်သာတွေးနေကြသူတွေကတော့ သူ၏ကျောပိုးအိတ်ထဲမှာ အဆုံးမသတ်နိုင်သည့် အလိုလောဘတွေ ဒေါသတွေမိုက်မဲမှုတွေ အညှိုးအာဃာတတွေ။ ကောက်ကျစ်ယုတ်မာရက်စက်မှုတွေကို သယ်ဆောင်လာခဲ့ကြသည်။ အရာရာတိုင်းမှာ အကောင်းနှင့်အဆိုးသည် ဒွန်တွဲနေသလို ဓမ္မနှင့်အဓမ္မသည်လည်း အစဥ်သဖြင့် ယှဥ်ပြိုင်နေရစမြဲ။ 

ဦးကြီးပေါကိုသတိရရင်းဖြင့် လောက၏သဘောသဘာဝကို အတွေးဆန့်နေမိသည်။ ကျွန်တော့်မိဘတွေလည်း သံသရာခရီးသို့ထွက်ခွာသွားကြတာ နှစ်အစိတ်နီးပါးရှိသွားခဲ့ပြီ။ ရွာကဆွေမျိုးတွေလည်း လောကလူ့ရွာမှ တော်တော်များများ ထွက်ခွာသွားနှင့်ကြပြီ။ ရွာနှင့်ဝေးကွာသွားတာကြာပြီဖြစ်၍ ရွာကနောက်မျိုးဆက်တွေနှင့် အဆက်ပြတ်နေသည်။ သို့ရာတွင် ရွာသတင်းကိုတော့ ကျွန်တော်အမြဲနားစွင့်နေလေ့ရှိသည်။ ကောင်းသတင်းတွေကြားရတိုင်း ပျော်မိသည်။ တကယ်တော့ ရွာကကောင်းသတင်းနှင့် ကျွန်တော်၏ပျော်ရွှင်ခြင်းသည် မုန်တိုင်းကျမလာခင် အခိုက်အတန့်မျှခံစားလိုက်ရခြင်းဖြစ်သည်ကို သတိမပြုမိခဲ့။ သေနတ်သံတွေကြောင့် ထိတ်လန့်ကြောက်ရွံ့ပြီး တစ်ရွာလုံးထွက်ပြေးကြရသည့် ရွာသတင်းကိုကြားလိုက်ရချိန်တွင် စိတ်ပူသွားခဲ့ရသည်။

ဘာကြောင့် သေနတ်တွေပစ်ဖောက်ကြတာလဲ။ ဘယ်လိုကြောင့် တိုက်ပွဲတွေဖြစ်နေကြလဲ။ ဘယ်သူကအမှား ဘယ်သူကအမှန်လဲ။ သိပ်စဥ်းစားစရာလိုမည်မထင်ပါ။ ကျွန်တော်လိုချင်သည့်အဖြေသည် တိုက်ခိုက်နေကြသူတွေ၏ကျောပိုးအိတ်ထဲမှာရှိနေမည်ကို သိနေခြင်းကြောင့်ဖြစ်သည်။ ကျွန်တော့်မျက်လုံးထဲတွင် လက်နက်ကိုင်တိုက်ခိုက်ကြရင်း ကျောပိုးအိတ်ကိုယ်စီဖြင့် သံသရာခရီးသွားနေကြသူတွေကို မြင်ယောင်သွားသည်။ ခရီးသွားနေကြခြင်းဖြစ်သော်လည်း ခရီး၏ဦးတည်ချက်လမ်းကြောင်းကတော့ မတူကြပါ။ တစ်ချို့က အမြင့်ဘုံဆီသို့။ တစ်ချို့ကတော့ လားရာမတူ။ ဆန့်ကျင့်ဘက်ဆီသို့ ဦးတည်နေလျှက်။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar