Breaking News

လင်းသက်ငြိမ် - ညအတိုင်း ည

လင်းသက်ငြိမ် - ညအတိုင်း ည
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၁

ညသည် ညအတိုင်း ညဖြစ်၍နေ၏။ ညနေခင်းက မိုးရွာခဲ့ပြီးသော်လည်း ယခုအခါ ပူလောင်အိုက်စပ်နေသည်။ သူ၏ ရင်ဘတ်နှင့် ဦးခေါင်းတွင် ချွေးပြန်၍နေသည်။ လေပြည်လေညင်း သေးသေးဖွဲဖွဲပင် မရှိချေ။ သစ်ပင်တို့သည် ညထဲ မည်းမည်း မတ်မတ်ရှိနေကြ၏။ သစ်ရွက်တို့ ဆော့ကစားသံမျှပင် မကြားရ၍ ညသည် ပူပူလောင်လောင်၊ မှောင်မှောင်မည်းမည်းရှိလှသည်။ လမ်းထဲမှ ခွေးလေခွေးလွင့်များ အုပ်ဖွဲ့လမ်းသလားနေသံ၊ ချင်းချင်းရန်စောင်ဟိန်းဟောက်နေသံတို့ကို မကြားခဏ ကြားရသည်။ ညသည် ညအတိုင်း အလင်းသဲ့သဲ့ကို ထွန်းညှိရင်း ညအဖြစ် ဆက်လက်တွားသွား၍နေသည်။ ည၏ခရီးသည် မည်ကဲ့သို့ရှိမည်ကို သူမသိချေ။ မနက်ခင်း၏အလင်းရောင်သည် ည၏ခရီးပေါက်ရောက်မှု အမှတ်သင်္ကေတဟု
ပြောလာလျှင်လည်း သူငြင်းမိမည်မဟုတ်ပေ။

မြို့၏လမ်းများသည် တိတ်ဆိတ်ခြောက်သွေ့စွာ ညထဲ ဟာလာဟင်းလင်းတည်နေကြသည်။ သော့ခလောက်များသည် ညကိုစောင့်ကြည့်၍နေကြသည်။ ဓာတ်မီးတိုင်များသည် အားလုံးမလင်းကြပေ။ ဓာတ်ကြိုးတန်းပေါ်တွင် ညှဥ့်ငှက်တချို့ ရပ်နားကောင်း ရပ်နားနေကြပေလိမ့်မည်။ ဆိုင်းဘုတ်များသည် မှိတ်တုပ် မှိတ်တုပ်နှင့် ကလက်တက်တက် ကခုန်နေကြပေလိမ့်မည်။ ကွန်ကရစ်လမ်းဘေးတွင် ခွေးများ ဆော့ကစားသွားကြ၍ ကြွပ်ကြွပ်အိတ်တချို့ ပြန့်ကြဲကောင်း ပြန့်ကြဲ၍နေနိုင်သည်။ ဝတ္ထုထဲကအတိုင်း၊ ကဗျာတွေထဲကအတိုင်း သွေးသားစျေးသည်များရှိမည်ဟု သူမထင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအတိုင်း သူထင်၍သာဖြစ်၏။

အိမ်များသည် မီးကိုတစ်ချို့တဝက် ဖွင့်ထားပြီး၊ တစ်ချို့တဝက်ကို ပိတ်ထားပေလိမ့်မည်။ ခြံတံခါးများနှင့် အိမ်မကြီးတံခါးများသည် ပိတ်၍နေလိမ့်မည်။ ရေမြောင်းထဲမှရေများသည် ပုပ်ဟောင်၍နံစော်နေလိမ့်မည်။ ငါးသားပေါက်ကလေးများသည် အမှိုက်များထဲ တိုးဝှေ့ကာ သွားလာနေကြလိမ့်မည်။ တချို့အိပ်ခန်းများသည် အသံလုံပြီး၊ တချို့အိပ်ခန်းများမှ ဟောက်သံများကို အတိုင်းသားကြားရပေလိမ့်မည်။ ညသည် ညအတိုင်း ညဖြစ်၍နေသောကြောင့်ဖြစ်၏။ ကားများနှင့်ဆိုင်ကယ်များသည် အိမ်များထဲ၊ ဂိုထောင်များထဲတွင်ရပ်နား၍နေကြမည်။ စက်ဘီးများနှင့် ဆိုက်ကားများသည်ဆင်ခြေဖုံးရပ်ကွက်ရှိ တဲအိမ်ကလေးများရှေ့တွင် ငြိမ်သက်တိတ်ဆိတ်၍နေကြမည်။ မြစ်ရေသည် တစ်ခါတရံငြိမ်သက်၍၊ တစ်ခါတရံ လူးလွန့်လှုပ်ခတ်နေမည်။ သို့သော် စီးဆင်းသောအလုပ်ကိုမူကား ရပ်နား၍နေမည်မဟုတ်။ ရေအလှုပ်တွင် ကျောက်ချထားသည့်သင်္ဘောများနှင့် မော်တော်များ၊လှေကလေးများသည်ညထဲ လှုပ်ယမ်း၍နေကြမည်။ မြစ်ပြင်မည်းမည်း ကြယ်ကလေးများ၏ အရိပ်ထင်ချင်လျှင်လည်း ထင်၍နေနိုင်သေး၏။ ညသည် ညအတိုင်း ညဖြစ်၍နေသောကြောင့် ဖြစ်သည်။

အထက်ပါစာကြောင်းများကို ညတစ်ည၏ အလယ်တည့်တည့်၌ အိပ်ရာထဲတွင် လဲလျောင်းကာ သူရေးသားနေမိခြင်းဖြစ်ပါသည်။ ညထဲမှ အရေးအသားတစ်ခုတစ်ခုကိုထုတ်လုပ်ရန် သူကြိုးစားနေမိခြင်းလည်းဖြစ်သည်။ သူသည် ကဗျာဆရာတစ်ယောက်ဖြစ်၏။ အက်ဆေးဆရာတစ်ယောက်ဖြစ်သည်။ ကဗျာနှင့်အက်ဆေး၏နောက်မှ ဆရာဆိုသည့်အသုံးအနူန်းကို အလွယ်တကူ သူသုံးနှုန်းလိုက်ခြင်းသာဖြစ်သည်။ ဆိုက်ကားနင်းသူကိုဆိုက်ကားဆရာ၊ ကားမောင်းသူကို ကားဆရာဟု ခေါ်ဆိုနေကြသည့် လောကတွင် သူသည်လည်း ဆရာဆိုသည်ကို အထက်ပါအတိုင်း အသုံးပြုလိုက်ခြင်းအတွက် သူ့အတွက် နောင်တရစရာမရှိနိုင်ဟု သူထင်သည်။ နေရာတစ်ခုထဲတွင် ပိတ်မိနေခဲ့သည့် ကာလအပိုင်းအခြားတစ်ခုထဲတွင် သူရောက်ရှိနေခဲ့၍ ညထဲကို စိတ်ကူးဖြင့် သူလှည့်ပတ်ကြည့်ရှုနေမိခြင်းဖြစ်သည်။ ထိုကဲ့သို့သောညများတွင် အိပ်ခြင်းကို သူရသည့်အခါ ရ၍၊ မရသည့်အခါတွင် မရခဲ့ပါ။ အိပ်မက်ဆိုးများကိုမူ အမြဲတမ်းရနေခဲ့သည်မှာ ကြာပြီ။

ညသည် အိပ်ခန်း၏အပြင်တွင်ရှိ၍၊ အိပ်ခန်းထဲတွင်လည်းရှိသည်။ သူသည် ညထဲတွင် သည်စာများကို တသွင်သွင်ရေးသားနေမိခြင်းဖြစ်ပါသည်။ ညသည် ညတို့၏ထုံးစံအတိုင်း ကြီးရင့်အိုမင်း၍နေသည်။ သူသည်လည်း ညအတိုင်း မွေးဖွားကြီးပြင်း အိုမင်းသေဆုံးရပေလိမ့်မည်။ အိပ်စက်ခြင်းသည် ည၏အဆင်တန်ဆာဖြစ်လျှင် အိပ်မက်တို့ကို မည်သို့အမည်ပေးသင့်ပါသနည်း။ အိပ်စက်ခြင်းအတွက် နေရာအခင်းအကျင်းလိုအပ်သည်ဟု တချို့ကခံယူကျင့်သုံး၍ တချို့ကမူ အိပ်စက်ခြင်းအတွက် နေရာကော အခင်းအကျင်းပါ မလိုအပ်ဟု ထင်မြင်ယူဆထားကြ၏။ မည်သို့ပင်ဖြစ်စေ ညသည် ညအတိုင်း အဓွန့်ရှည်တည်တံ့နေမည်ကိုကား မည်သူမျှ စောဒကတက်နိုင်လိမ့်မည်မဟုတ်ပေ။ ညဆိုသည်မှာ လုံးလုံးလျားလျား မှောင်မိုက်၍မနေစေကာမူ ချင်းချင်းဝင်းဝင်း လင်းလက်နေ၍တော့ မရချေ။ ညသည် ညအတိုင်း    ညဖြစ်နေခြင်းသည်ပင် ည၏အဘိဓမ္မာ ဖြစ်ပေမည်။

ညကို ညအတိုင်း သူရှုမြင်ခြင်းသည်အမှောင်တချို့စွန်းကွက်နေနိုင်ပေမဲ့ ထိုစွန်းကွက်နေခြင်းသည်ပင် ည၏ပြည့်ဝသော အဓိပ္ပါယ်ဖြစ်သည်ဟု သူထင်သည်။ နေ့အလင်းရောင်အောက်တွင် မှောင်မိုက်သော အကာလကို သူကြုံတွေ့ခဲ့ရသည်။ ကြုံတွေ့နေရသည်။ ကြုံတွေ့ခဲ့ရပြီးပြီ။ ညသည် ငြိမ်သက်တိတ်ဆိတ်နေခြင်းကြောင့် အကြောက်တရား၏ပျိုးပင်တစ်ခုအဖြစ် အတော်များများကသတ်မှတ်ကြ၏။ ဆူညံဝင်းပနေသည့် နေ့များ၏ ငရဲခန်းများကို လတ်လတ်ဆတ်ဆတ် မြည်းစမ်းခဲ့ရသည့်နေ့ရက်များကို မည်သည့်ခလုတ်ဖြင့်နှိပ်၍ ကျော်ဖြတ်ရမည်မှန်း သူမသိနိုင်ပြီ။ ရေနွေးအိုးသည်တပွက်ပွက်ဆူနေ၏။ ကြယ်များ တဖြုတ်ဖြုတ်ကြွေ၏။ လွတ်လပ်ခြင်းကို အတောင်ပံညှပ်ပစ်လိုက်ကြသည်။ သူခိုးတစ်ယောက်လောက်မျှ အလင်းရောင်ကို ရှက်ရွှံ့အားနားရမည်ကို နားမလည်နိုင်သော သွေးစွန်းစက်ရုပ်များသည် မြို့များထဲ လှည့်လည်ပြောင်မြောက်စွာ ရာဇဝတ်မှု ကျူးလွန်နေကြသည်။ နေ့သည် နေ့အတိုင်း မရှိတော့ပြီလောဟု သူတွေးမိသည်။

နေရင်းထိုင်ရင်း အပြစ်သားဖြစ်ရ။ ထွက်ပြေးတိမ်းရှောင်သူဖြစ်ရနှင့် ဥပဒေစာအုပ်သည် ထူလာသည်။ လူပျောက်စာရင်းများလာသည်။ ကျောက်သားကမ္ဗည်းများ တပုံတပင်တိုးပွားလာ၏။ အမှန်တရားသည် နေရောင်ခြည်နှယ် မဟုတ်သော်မှ ညအတိုင်းဖြစ်၍နေလျှင် ဝမ်းနည်းခြင်းသက်တမ်းသည် သည်အထိ ရှည်လျားလာစရာအကြောင်းမရှိဟု သူတွေးမိသည်။ မြို့တွေမှာ လူသူကြဲပါးသွားကြ၏။ အိမ်များတွင် လူအရေအတွက်လျော့သွားကြ၏။အမှန်တရားကို ချစ်မြတ်နိုးခြင်းသည် အရာရာကို စွန့်ထားခဲ့ရခြင်းဟု အနက်အဓိပ္ပါယ်ထွက်လာခဲ့သည့် နေ့ရက်များသည် ပျော်စရာနတ္ထိနှင့် ငေါငေါကြီးထိုးထွက်၍နေသည်။ ထိုငေါငေါကြီးထိုးထွက်ခြင်းသည် လူ့ဘဝ၏ နာရီများကိုကိုက်ဖဲ့ဝါးမျိုနေသည်ဟု သူထင်၏။ မနက်ဖြန်များသည် ဖန်ပုလင်းထဲမှ လိပ်ပြာများအတိုင်းရှိပေလိမ့်မည်။ မျှော်ခြင်းသည် ဓားသွားပေါ် တစက်စက်ယိုစီးကျ၍နေ၏။

ကလေးများသည် သေနတ်များနှင့် မဆော့ကစားကြတော့ချေ။ လမ်းမများသည် သွေးညှီနံ့ နံစော်၍နေ၏။ တင့်ကားများကို လူတိုင်းမြင်တွေ့ဖူးခဲ့ပြီ။သေနတ်သံနှင့် ကျီးအာသံသည် လုံးတူရပ်တူဖြစ်လာ၏။ ယမ်းနံ့နှင့် ပန်းနံ့သည် တစ်ဘက်စွန်းစီ ဆန့်ကျင်အနက်ထွက်သည့် အဓိပ္ပါယ်ဖြစ်၏။တောင်တန်းများနာကျင်စွာ ငိုရှိုက်၍နေကြသည်။ ချစ်သူများခွဲခွာကြရ၏။ တောများထဲ လူသူစည်ကားနေသည်။ ပရိုမီးသီးယတ်စ်များ၏ နာကျင်အော်သံတို့ကိုကြားရ၏။ အမှန်တရားသည် အိမ်အပြန်လမ်းကို အမြန်သတိရပါစေဟု သူဆုတောင်းသည်။ ညသည် ညအတိုင်း ညဖြစ်၍ လင်းအရုဏ်ဆီမဖြစ်မနေ ဆိုက်ကပ်ရပေမည်။ အလင်းရောင်သည် ပန်းများကို ပွင့်စေသည်။ လွတ်လပ်စွာရင်ခုန်သော ကမ္ဘာကြီးကို သူမျှော်လင့်၏။ ညသည် ခွေးအူသံများကို ထုတ်လွင့်နေပြန်ပြီ။ အိပ်မက်ဆိုးများသည် မအိပ်လည်း ရောက်ရှိလာကြ၏။ စေတန်နတ်ဆိုးသည် ရုပ်မြင်သံကြားထဲဝင်သွားပြီး နေရာအနှံ့ ခြေဆန့်၍နေသည်။ သူသည် ဖွံ့ဖြိုးဆဲနိုင်ငံသားအဖြစ်မှ ချောက်ထဲက နိုင်ငံသားအဖြစ် သူလည်းဘာမျှမလုပ်ရပါဘဲ ထိုးကျလာရသူဖြစ်၏။ ညထဲမှ ဆွဲထုတ်ခဲ့သော သူ၏စာသားများကို သင်ဖတ်လိုကဖတ်နိုင်ပါပြီ။

လင်းသက်ငြိမ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar