Breaking News

ကိုလှိုင်းသစ် - '' ကျွန်တော်သိသော တစ်ချိန်က ပုဂံစာအုပ်တိုက် ''


'' ကျွန်တော်သိသော တစ်ချိန်က ပုဂံစာအုပ်တိုက် ''
ကိုလှိုင်းသစ်
မိုးမခ( အောက်တိုဘာ ၁၇၊ ၂၀၂၁ )

တစ်ချိန်တုန်းကနာမည်ကြီးခဲ့တဲ့ ပုဂံစာအုပ်တိုက်ခေတ်ကို ကျွန်တော်မမှီခဲ့ပါ။ ပုဂံစာအုပ်တိုက် ရပ်နား ချိန်မှာတောင် ကျွန်တော်က စာတောင်မဖတ်တတ်သေးတဲ့ ကလေးအရွယ်ပဲရှိပါသေးတယ်။ ဒါပေမယ့် စာဖတ် တတ်တဲ့အရွယ်ရောက်တော့ ပုဂံစာအုပ်တိုက်ထုတ်စာအုပ်တွေ အများကြီးနဲ့ရင်းနှီးခဲ့တယ်။ ပုဂံစာအုပ်တိုက်ထုတ် စာအုပ်တွေနဲ့  စာစဖတ်ခဲ့ရတာပေါ့။ အိမ်မှာ အဖေဝယ်ထားတဲ့ ပုဂံစာအုပ်တိုက်ထုတ်စာအုပ်တွေ အများကြီး ရှိတော့ အဲဒီစာအုပ်တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ ဖတ်ဖူးသမျှ ပုဂံတိုက်ထုတ် စာအုပ်တွေပြန်ပြောရရင်တော့  အများ ကြီးပေါ့။ ရှည်နေမှာစိုးလို့ မပြောတော့ပါဘူး။

ပုဂံစာအုပ်တိုက်ထုတ်စာအုပ်တွေကို သဘောကျမိတာက စာအုပ်အရှေ့ စာမျက်နှာမှာ စာအုပ်အမှတ်စဉ်၊ စာအုပ်ထုတ်တဲ့ ခုနှစ်၊ လ၊ ရက်၊ စာအုပ်တိုက်က ထုတ်ဝေထားတဲ့စာအုပ်စာရင်း အစရှိတာတွေပါတယ်။ စာအုပ်အများစုမှာ အမှာစာပါတယ်။ စာအုပ်အနောက်မှာ စာအုပ်တိုက်မှာရနိုင်သေးတဲ့ စာအုပ်စာရင်း၊ ဆက် လက်ထုတ် ဝေမယ့် စာအုပ်စာရင်း၊ စာအုပ်ကြော်ငြာ အစရှိတာတွေပါတယ်။ စာအုပ်ဖတ်ရင် စာအုပ်အရှေ့နဲ့အနောက်မှာ ပါတဲ့ စာအုပ်စာရင်းကိုကြည့်ပြီး ဘယ်စာအုပ်က ဖတ်ပြီးပြီ၊ ဘယ်စာအုပ်က အိမ်မှာရှိတယ်၊ မဖတ်ရသေးဘူး၊ ဘယ်စာအုပ်တွေကတော့ ကိုယ့်ဆီမှာမရှိဘူး အစရှိသဖြင့် ကြည့်ရတာအမောပေါ့။ တခြားစာအုပ်တိုက်က ထုတ်တဲ့ စာအုပ်တွေမှာလည်း စာအုပ်အမှတ်စဉ်ပါပေမယ့် ပုဂံတိုက်ကထုတ်တဲ့ စာအုပ်အမှတ်စဉ်က ရှေ့မှာထုတ် ဝေခဲ့တဲ့စာအုပ်စာရင်းပါပါတော့ ဘာစာအုပ်တွေထုတ်ထားတယ်ဆိုတာ အလွယ်တကူ သိရပါတယ်။ 

ပုဂံစာအုပ်တိုက်ကို စတင်တည်ထောင်ခဲ့တာက ဆရာမင်းကျော်ရဲ့ညီ မောင်ကိုဦး(ကိုချော)ပဲ ဖြစ်ပါတယ်။ ကိုကိုချောက ဆရာမင်းကျော်ရဲ့ တတိယမြောက်ညီပါ။ ဆရာမင်းကျော်၊ ကိုချောတို့ရဲ့အဖေကလည်း တက္က သိုလ်ကျောင်းသားဟောင်း ကျောင်းဆရာတစ်ယောက်၊ စာဖတ် ဝါသနာပါသူတစ်ယောက်ပါ။  ဆရာမင်းကျော်ရော၊ ကိုချောရောက အဖေ့အမွေကိုဆက်ခံပြီး စာဖတ်ဝါသနာပါခဲ့ကြသလို ရုပ်ရှင်ကိုလည်း အတော်လေးဝါသနာပါခဲ့တယ်လို့ ကြားဖူးပါတယ်။ ကိုချောက ရုပ်ရှင်ဘက်ကိုပိုပြီး ဝါသနာကြီးပါတယ်။ ကိုချောက ရုပ်ရှင်ဒါရိုက်တာ လုပ်ချင်တာလို့ ကြားဖူးပါတယ်။ ၉ တန်းကျောင်းသားဘဝ ကတည်းက ကျောင်းထွက်ပြီး ရုပ်ရှင်လောကထဲ လိုက်ခဲ့ဖူးပါတယ်။ ကိုချောရဲ့နာမည်နောက်တမျိုးက ကိုရွှေပါ။ ငယ်နာမည်ပေါ့။ စာတွေရေးတော့မှသာ မောင်ကိုဦးလို့ အမည်ယူလိုက်တာပါ။ 

ပုဂံစာအုပ်တိုက်စတည်ထောင်ဖြစ်ပုံကိုပြောရရင် ဆရာမင်းကျော် စမ်းချောင်းမဟာမြိုင်မှာ ဆရာ ဗန်းမော်တင်အောင်အိမ်ကိုငှားနေတဲ့အချိန်မှာ ကိုချောက သေတ္ထာနှစ်လုံးနဲ့ ဆရာမင်းကျော်ဆီရောက်လာတယ်။ ၁၉၅၇ - ၅၈ ဝန်းကျင်လောက်မှာပေါ့။ တစ်လုံးက အဝတ်အစားတွေ၊ တစ်လုံးက ရုပ်ရှင်စာစောင်တွေပါ။ ဆရာ မင်းကျော်နဲ့အတူနေရင်းနဲ့ ရုပ်ရှင်လောကထဲ အနည်းငယ်ကျင်လည်နေ၊ ပြီးတော့မှ ပုဇွန်တောင် ရေကျော်အထက် တန်းကျောင်းမှာ စာရေးအလုပ်ရတယ်။ ရေကျော်အထက်တန်းကျောင်းက ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတိုက်နဲ့ နီးပါ တယ်။ ကိုချောက အဲဒီမဂ္ဂဇင်းတိုက်မှာ စာအုပ်ရိုက်၊ ထုတ်၊ ဖြန့်ချိရေး ပညာသင်ခဲ့ပါတယ်။ ကိုချောက ရုပ်ရှင် လောကနဲ့လည်း အဆက်အစပ်ရှိနေတော့ ရန်ကုန်ဘဆွေရိုက်တဲ့ မာန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် လိုက်ပါသေးတယ်။ ဦးဘရီနှင့်သမီးများပုံနှိပ်တိုက်မှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကိုချောအတွက် နောက် ထပ်အတွေ့အကြုံက ၁၉၅၉-၆၀ ဝန်းကျင်မှာ ဆရာမင်းကျော်နဲ့ပေါင်းပြီး ပညာပေး (Educator) ဆိုတဲ့ လစဉ် ထုတ်ပညာရေးစာစောင်တစ်ခုကို ထုတ်ဝေခဲ့တာပါပဲ။ ကိုချောက ပုံနှိပ်ထုတ်ဝေရေးအပိုင်းကို တာဝန်ယူခဲ့ရပါ တယ်။ အဲဒီအတွေ့အကြုံတွေနဲ့ ပုဂံစာအုပ်တိုက်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ကိုချောက ရုပ်ရှင်ဝတ္ထု တွေလည်း မဂ္ဂဇင်းတွေမှာ အနည်းအပါး ရေးနေပါပြီ။ မောင်သိင်္ဂီ နာမည်နဲ့ ရုပ်ရှင်ဝတ္ထုတွေရေးခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဆရာမင်းကျော်က စာတွေရေးနေပေမယ့် စာရေးဆရာ အသင်း၊ စာပေအသိုင်းအဝိုင်း အသင်း အဖွဲ့တွေနဲ့ ပိုပြီးပတ်သက်မှုရှိတာက ကိုချောပါ။ ကိုချောကခေါ်လာလို့ ဆရာမင်းကျော်က အဲဒီအသင်းအဖွဲ့တွေနဲ့ ပတ်သက်မှုရှိလာတာပါ။ 

ပုဂံစာအုပ်တိုက်ကို ၁၉၆၂ ဩဂုတ်လမှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုချောက အိမ်ထောင် ကျနေပါပြီ။ အိမ်ထောင်ကျစောပါတယ်။ ပုဂံစာအုပ်အမှတ်စဉ် (၁) အဖြစ် စောဦးရဲ့ တစ်မိုးသောက်သော်နဲ့ စတင်ထုတ်ဝေခဲ့ပါတယ်။ ကိုချောတစ်ယောက်တည်း လုပ်ခဲ့တာပါ။ ပြီးတော့ ဆက်ထုတ်ဘို့ ပိုက်ဆံမရှိတော့တဲ့ အချိန်မှာ ကိုချောရဲ့မိတ်ဆွေ ဆရာကေတုလှနိုင်က နံ့သာဦးသန်းဆွေနဲ့ ချိတ်ပေးခဲ့တာပါ။ အဲဒီအချိန်မှာ ဦးသန်းဆွေအနေနဲ့ ပုံနှိပ်တိုက်တွေဘာတွေ မလုပ်သေးဘူး၊ ဘာမှမရှိသေးဘူး၊ ငွေပဲရှိတာ။ ကိုချောနဲ့ ပုဂံစာအုပ် တိုက်ဆက်လုပ်ဘို့တိုင်ပင်ကြတော့ ကိုချောကို တစ်ခုလုပ်ပြခိုင်းပါတယ်။ အလုပ် လုပ်ပြလို့အောင်မြင်သွားရင် အလုပ်ဆက်လုပ်မယ်၊ ပိုက်ဆံချပေးမယ်။ အဲဒီလိုညှိခဲ့ကြပါတယ်။ အဲဒီမှာကိုချောက ပြက္ခဒိန်တစ်ခုကို ပီပီပြင် ပြင်လုပ်ပြခဲ့ပါတယ်။ ရုံးသုံးပြက္ခဒိန်ဒီဇိုင်းကိုထွင်ပြီး ရတနာပြက္ခဒိန်ဆိုပြီး ၃ ခုလုပ်ပြခဲ့ပါတယ်။ ရွှေတိဂုံဘုရားပုံတော်နဲ့တစ်မျိုး၊ ရုပ်ရှင်မင်းသမီး ဒေါ်မြင့်မြင့်ခင်ပုံနဲ့တစ်ခု၊ ဇာတ်မင်းသားရွှေမန်းတင်မောင်ပုံနဲ့တစ်ခု ထုတ်ဝေခဲ့ပါတယ်။ အဲဒီပြက္ခဒိန်ဟာ အရမ်းအောင်မြင်ခဲ့ပါတယ်။ ရုံးသုံးပြက္ခဒိန်ဒီဇိုင်းက ကိုချောထွင်ခဲ့တာလို့ လည်း ပြောကြပါတယ်။ အဲဒါပြီးတော့မှ ဦးသန်းဆွေတို့က ငွေထုတ် ပုံနှိပ်စက်ဝယ်ပြီး ပူးပေါင်းဆောင်ရွက်ကြတာ ပါပဲ။ ကိုချောက အတတ်ပညာစိုက်၊ ဦးသန်းဆွေက ငွေစိုက်ပြီးတော့ ပုဂံစာအုပ်တိုက်ကို ဆက်လက်ဆောင်ရွက် ခဲ့ကြပါတယ်။ ပုဂံစာအုပ်အမှတ် ၂ အဖြစ် ဓူဝံရဲ့ နယ်လီဝင်းကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။ စတင်ထုတ်ဝေတဲ့ အချိန်မှာတော့ ရသစာပေ၊ ဝတ္ထုရှည်၊ ဝတ္ထုတိုတွေနဲ့စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးစာပေ၊ သမိုင်း၊ ခရီးသွားစာပေ၊ ကဗျာ၊ ပြဇာတ်၊ အတ္ထုပတ္တိ စာပေ၊ စာပေရေးရာ၊ ကျန်းမာရေး၊ အားကစား၊ ကလေးစာပေ၊ ရည်ညွှန်းစာပေ၊ သိပ္ပံစာပေ၊ ဘာသာပြန်၊ ဥပဒေရေးရာ အစရှိသဖြင့် တော်တော်လေး စုံစုံလင်လင် ထုတ်ခဲ့တာ တွေ့ရတယ်။ ပုဂံစာအုပ်တိုက်စခဲ့တာ ဦးသန်းဆွေရဲ့အိမ်မှာပဲ စခဲ့ကြတာပါ။ ပုဂံတိုက်ထုတ်စာအုပ်တွေရဲ့ ပုံနှိပ် မှတ်တမ်းမှာပါတဲ့ အမှတ် ၁၃၊ ၁၀၇ လမ်း၊ မင်္ဂလာ တောင်ညွန့်ဆိုတာ ဦးသန်းဆွေအိမ်ပါပဲ။ 

စာအုပ်အပြင်အဆင်ကောင်းမွန်မှု၊ အဖုံးပန်းချီကောင်းမွန်မှု၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှု၊ စာရွက်သား ကောင်းမွန်မှု၊ အတွင်းစာမျက်နှာ အပြင်အဆင်၊ စာအုပ်ချုပ်ပုံသပ်ရပ်မှုတွေကြောင့် ပုဂံစာအုပ်တိုက်ဟာ စတင် အောင်မြင်လာပါတယ်။  အဲဒီအချိန်က စာရွက်သားတွေက ဒီနေ့အချိန်အထိ ဖတ်လို့ရနေဆဲ။ နောက်ပြီးတော့ စာလုံးပေါင်းသတ်ပုံ၊ ပုဂံစာအုပ် တိုက်ကထုတ်တဲ့စာအုပ်တွေက စာလုံးပေါင်းသတ်ပုံအမှားနည်းတာကိုတွေ့ရ တယ်။ ပြောရရင် အခုစာအုပ်တွေနဲ့ တခြားစီပဲပေါ့။ ပရုဖတ်တာကို ကိုချောက ကိုယ်တိုင်ဖတ်တယ်လို့ ကြားဖူး ပါတယ်။ ပုဂံစာအုပ်တိုက်ရဲ့အဓိကပုဂ္ဂိုလ်ကတော့ ကိုချောပါပဲ။ ကိုချောကိုတော့ ဆရာမင်းကျော်က လိုတာကြီးကြပ်ပေး၊ ထုတ်သင့်တဲ့စာအုပ်တွေ လမ်းညွှန်ပေးပေါ့။ အဲဒီအချိန်မှာ ဟံသာဝတီတိုက်၊ ကျော်လင်း စာပေ၊ မြစာပေ၊ နှလုံးလှစာပေ၊ ကိုတင်အောင်မစန်းစာပေတို့ဟာ ပုဂံစာအုပ်တိုက်လိုပဲ ထင်ရှားတဲ့စာအုပ်တိုက်တွေပါပဲ။ စာလုံးပေါင်းသတ်ပုံ အမှားကင်းစင်မှုမှာ ဟံသာဝတီတိုက်ပြီးရင် ပုဂံပဲလို့တောင် ပြောကြပါတယ်။ စာအုပ် အမှတ်စဉ်ဆိုရင်လည်း တခြားစာအုပ်တိုက်တွေလည်း ထုတ်ဝေတဲ့စာအုပ်အမှတ်စဉ် ရှိကြပေမယ့် ပုဂံစာအုပ် တိုက်ရဲ့ အမှတ်စဉ်က နောက်ပိုင်းသုတေသနပြုသူတွေအတွက် အတော်အသုံးတည့်လှပါတယ်။ ကိုချောက idea ကောင်းပါတယ်။ နောက်တစ်ခုပြောရရင် ပုဂံစာအုပ်တိုက်ကထုတ်ဝေတဲ့ စာအုပ်တွေရဲ့ အနောက်မှာပါတဲ့ စာအုပ် ကြောငြာအရေးအသားတွေဟာ အရမ်းကောင်းပါတယ်။ အဲဒီစာအုပ်ကြော်ငြာအများစုဟာ ကိုချောရေးတာပါ။ ကိုချော idea တွေပါ။ 

ပုဂံသည် မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု ဖွံ့ဖြိုးရာသဘော၊ အလုပ်သမား၊ လယ်သမားနှင့် စာပေယဉ် ကျေးမှုတို့ ညီညွတ်သောခေတ်ဖြစ်လို့ ပုဂံဆိုတဲ့နာမည်ကိုယူပြီး ပုဂံရဲ့ဆောင်ပုဒ်ဖြစ်တဲ့ အလုပ်သမား၊ လယ် သမား၊ စာပေ ညီညွတ်မှုအင်အားနှင့် နိုင်ငံတော်ဆိုတဲ့ ဆောင်ပုဒ်ကိုရယူကြောင်းကို ကိုချောက ဆောင်းပါးတစ်ပုဒ် မှာ ရေးဖူးပါတယ်။ စတင်တည်ထောင်ပြီး သိပ်မကြာခင်မှာပဲ မြန်မာဝတ္ထုရှည်ကြီးများ ထုတ်ဝေရေး၊ ကမ္ဘာ့ဂန္တဝင် စာပေများထုတ်ဝေရေး၊ တိမ်မြုပ်နေသော မြန်မာဝတ္ထုကောင်းများ ပြန်လည်ဖော်ထုတ်ရေး၊ ပြဇာတ် စာပေထွန်း ကားရေးတို့ကို ဦးတည်ချက်ထား စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပုဂံစာအုပ်တိုက်ရဲ့ရည်ရွယ်ချက်က အဲဒီအချိန်က နိုင်ငံခြားကနာမည်ကြီး ပင်ဂွင်းစာအုပ်တိုက်လိုမျိုးအထိ ရည်ရွယ်ခဲ့တယ်လို့လည်း သိရပါတယ်။ မြသန်းတင့်၊ ကျော်အောင်၊ မောင်နေဝင်း၊ နတ်နွယ်၊ ကေတုလှနိုင်၊ ထယ်ဝါတို့ဟာ ပုဂံစာအုပ်တိုက်ကို အမြဲတမ်း လာနေတဲ့အဖွဲ့ တွေပါပဲ။

မြန်မာဝတ္ထုရှည်ကြီးများထုတ်ဝေရေး အစီအစဉ်အတွက် ကိုကိုရဲ့ခရုအိမ်ဖြင့်စတင်ခဲ့ပြီး ပုဂံရဲ့နှစ်ပတ်လည် အထူးထုတ်တွေအဖြစ် မင်းကျော်ရဲ့  လှိုင် (၁၉၆၄) ၊ တစ္ဆေ(၁၉၆၅) ၊ နတ်နွယ်ရဲ့  မြန်မာပြည်မြောက်ပိုင်း (၁၉၆၆)၊ မင်းကျော်ရဲ့ ငါတို့ခေတ်နှင့်အပြိုင် (၁၉၆၇) ၊ မောင်နေဝင်းရဲ့ ရေရိုင်းမြေရိုင်း (၁၉၆၈) ၊ ကျော်အောင်ရဲ့ နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း (၁၉၆၉)၊ ကျော်အောင်၏ အရေးကြီးပြီ သွေးစည်းကြစို့ (၁၉၇၀)၊ လင်းယုန်သစ် လွင်၏ ဓမ္မဝိလာသ (၁၉၇၁) ၊ မင်းကျော်ရဲ့ မဟာ (၁၉၇၂) တို့ကို ထုတ်ဝေခဲ့ပါတယ်။ ကမ္ဘာ့ဂန္ထဝင်စာပေများ ထုတ်ဝေရေး အစီအစဉ်အတွက် မြသန်းတင့်ဘာသာပြန် စစ်နှင့်ငြိမ်းချမ်းရေး ၁၂ အုပ်တွဲ၊ ကျော်အောင်ဘာသာပြန် တောရိုင်း မြေ၊ ကျော်လှိုင်ဦးမြန်မာပြန် ဦးလေးတွမ် အစရှိတဲ့ ဘာသာပြန်ဂန္တဝင်တွေကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ တိမ်မြုပ် နေသော မြန်မာဝတ္ထုကောင်းများ ပြန်လည်ဖော်ထုတ်ရေးအတွက် ရွှေဥဒေါင်းရဲ့ ဝင်္ကန္တ၊ သခင်ဘသောင်းရဲ့ ပန်းသာ မစာဥ၊ ပီမိုးနင်းရဲ့ ပွဲစားကြီးသားအဖနှင့်မြမြ၊ သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံတို့ကို ပြန်လည်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ပြဇာတ်စာပေထွန်းကားရေးအတွက် ဇော်ဂျီရဲ့ မဟာဆန် ချင်သူပြဇာတ်၊ ဉာဏရဲ့ ဗမာသစ်ပြဇာတ်၊ ဆင်ဖြူ ကျွန်းအောင်သိန်းရဲ့ နေမင်းလမင်း သိန်းရာထောင်ပြဇာတ်တို့ကို ထုတ်ဝေခဲ့ပါတယ်။ ဒါက ရသစာပေအတွက်ပါ။

တခြား သမိုင်း၊ နိုင်ငံရေး၊ အတ္ထုပတ္တိ၊ ခရီးသွားစာပေ၊ ရည်ညွှန်းစာပေ၊ ဝတ္ထုတိုပေါင်းချုပ်၊ ဥပဒေ၊ ကျန်းမာ ရေး၊ အားကစား အစရှိသဖြင့် ကဏ္ဍစုံထုတ်ဝေခဲ့တာတွေ့ရတယ်။ ပုဂံစာအုပ်တိုက်က ပထမအကြိမ် အဖြစ် စတင်ထုတ်ဝေပြီး နာမည်ကြီးခဲ့တဲ့ ဝတ္ထုမဟုတ်တဲ့ အခြားစာအုပ်တွေကို မှတ်မိသလောက် ပြန်ပြောရရင် ဘုံဘဝမှာဖြင့် (သခင်တင်မြ)၊ နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော - ဒေါက်တာမောင်မောင်)၊ မြန်မာ့ နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ မြန်မာဝတ္ထုအညွှန်း (မလိခ)၊ ဧရာဝတီယန်စီဗော်ဂါ (ဒဂုန်တာရာ)၊ စာဆိုနှင့် သုတေသီ (တိုက်စိုး၊ မင်းယုဝေ)  အစရှိတာတွေဟာ ပုဂံစာအုပ်တိုက်က ပထမအကြိမ်အဖြစ် စတင်ထုတ်ဝေပြီး နာမည်ကြီးခဲ့တာတွေပါပဲ။ တခြားတိုက်ကထုတ်ဝေပြီးသား စာအုပ်တွေကိုလည်း ဒုတိယအကြိမ်၊ တတိ ယအကြိမ်အဖြစ် ထုတ်ဝေတာတွေလည်း ရှိပါတယ်။ ထူးထူးခြားခြားအနေနဲ့ ၁၉၆၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ အမျိုးသားစာပေဆုမှာလည်း ပုဂံစာအုပ်တိုက် တစ်တိုက်တည်းကပဲ ၄ အုပ် ဆွတ်ခူးခဲ့ပါတယ်။ တက္ကသိုလ် မောင်မောင်ခင်ရဲ့ အဆင်းခက်ခက် အတက်ကြမ်းကြမ်း (ပြဇာတ်)၊ ကျော်လှိုင်ဦးဘာသာပြန် ဦးလေးတွမ် (ဘာသာ ပြန်စာပေ)၊ ဒေါကါတာမောင်မောင်ရဲ့ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း (နိုင်ငံရေးစာပေ)၊ လေသူရဲ တစ်ဦး၏ အာကာသ ၁၂ နှစ်ခရီး (သုပဒေသာ- သိပ္ပံစက်မှုလက်မှု) စာအုပ်တွေပါ။ 

ပုဂံကထုတ်ဝေပြီးသားစာအုပ်ကိုလည်း ပုဂံတိုက်ကပဲ ဒုတိယအကြိမ်၊ တတိယအကြိမ် ပြန်ထုတ်တာတွေလည်းရှိပါတယ်။ ဒုတိယအကြိမ်ပြန်ထုတ်တာဆိုရင် စာအုပ်အမှတ်စဉ်ဘယ်လောက် (ဒု) ဆိုပြီး စာအုပ်မှာ ပါ,ပါတယ်။ ဒီနေ့ရာပြည့် စာအုပ်တိုက်က အဲဒီပုံစံမျိုးဆက်လက်ဆောင်ရွက်တာကို တွေ့ရပါတယ်။ စာအုပ်ထုတ် ဝေတဲ့အုပ်ရေကိုကြည့်ရင် အဲဒီခေတ်ကလူဦးရေနဲ့တောင် အုပ်ရေ နှစ်ထောင် သုံးထောင် ထုတ်ဝေခဲ့တာတွေ့ရ တယ်။ အနည်ဆုံးက အုပ်ရေ ၁၅၀၀ ပါ၊ ဒါတောင် အဲဒါနည်းပါတယ်။ ကျွန်တော်တွေ့ရသလောက် ပုဂံကထုတ်တဲ့ စာအုပ်တွေထဲမှာ အုပ်ရေအများဆုံးလုပ်ခဲ့တာက ဒေါက်တာမောင်မောင်ရဲ့ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်းဆိုတဲ့ ဘုန်းတော်ဘွဲ့စာအုပ်ပါ။ စထုတ်တဲ့အချိန်မှာကို အုပ်ရေ တစ်သောင်းခွဲ ထုတ်ခဲ့ပါတယ်။ အမျိုးသား စာပေဆုလည်းရခဲ့ပါတယ်။ ဘုန်းတော်ဘွဲ့ကြောင့်လည်းပါမှာပေါ့။ စာမူခအများဆုံးပေးခဲ့ရတာလည်း အဲဒီ စာအုပ်ပဲဆိုပြီး မောင်ကိုဦး ရေးဖူးပါတယ်။ 

ပုဂံစာအုပ်တိုက်ရဲ့ ထုတ်ဝေမှုကိုကြည့်ရင် အဲဒီခေတ်အဲဒီအချိန်က နာမည်ကြီးစာရေးဆရာ တော်တော် များများရဲ့စာအုပ်တွေကို ပုဂံစာအုပ်တိုက်က ထုတ်ခဲ့ဖူးပါတယ်။ တက္ကသိုလ်ဘုန်းနိုင်၊ လူထုဦးလှ တို့လောက်ပဲ မထုတ်ဖူးတာပါ။ တက္ကသိုလ်ဘုန်းနိုင်က မြစာပေနဲ့ဆက်စပ်မှုရှိလို့၊ လူထုဦးလှတို့က ကိုယ်ပိုင်စာအုပ်တိုက် ရှိလို့သာ မထုတ်ဖြစ်ကြတာပါ။ ကျန်တဲ့နာမည်ကြီးစာရေးဆရာ တော်တော်များများ ပုဂံနဲ့ပတ်သက် ဖူးကြပါ တယ်။ အနည်းဆုံး ၁ အုပ်တော့ ပုဂံ စာအုပ်တိုက်က ထုတ်ဖူးကြပါတယ်။ 

စာအုပ်အရပြောမယ်ဆိုရင်တော့ ကောင်းတဲ့စာအုပ်ရှိသလို မကောင်းတဲ့ စာအုပ်လဲရှိတာပေါ့။ မိတ်ဆွေ စာရေး ဆရာတွေရဲ့ရပ်တည်ရေးအတွက် အရှုံးခံပြီးထုတ်ပေးခဲ့တာတွေလည်းရှိပါတယ်။ စတင်ထုတ်ဝေတဲ့အချိန် မှာတော့ စာအုပ်တွေကို ဦးသန်းဆွေဆီမှာပဲပုံနှိပ်ပြီး နောက်ပိုင်းမှာတော့ ဦးသန်းဆွေနဲ့ စီးပွားခွဲလိုက်တဲ့အချိန်မှာ ကုမာရဆိုတဲ့ ကိုယ်ပိုင်ပုံနှိပ်စက်နဲ့ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ကုမာရဆိုတဲ့နာမည်ကိုလည်း မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ လေးဘာသာနဲ့ ကျောက်စာရေးထိုးခဲ့တဲ့ ရာဇကုမာရ်မင်းသားကို အသိအမှတ်ပြုလိုတဲ့သဘောနဲ့ အမည်ပေးခဲ့ တယ်လို့ မောင်ကိုဦး(ကိုချော) ရေးဖူးပါတယ်။ အဲဒီကုမာရစက်က ကိုတင်အောင်မစန်းစာအုပ်တိုက်က ယူလိုက်တာပါ။ ပုဂံတိုက်ကထုတ်တဲ့ နောက်ပိုင်းစာအုပ်တွေမှာပါတဲ့ ၁၂၃၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်တော်ကလေးဆိုတာ ဦးသန်းဆွေနဲ့စီးပွားခွဲပြီးနောက်ပိုင်း စာအုပ်တိုက်လိပ်စာအသစ်နဲ့ ကုမာရပုံနှိပ်တိုက်လိပ်စာပါပဲ။ ပုဂံစာအုပ် တိုက်ရဲ့တိုက်ခွဲက ငြိမ်းစာစဉ်ပါ။ ကိုချောက ပုဂံစာအုပ်တိုက်ကို စာပေတန်းဝင်စာအုပ်တွေနဲ့ပဲ သွားချင်တယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေ မရောင်းရတဲ့အခါမှာ ပေါ့ပေါ့ပါးပါးစာအုပ်လေးတွေထုတ်ဖို့အတွက် ငြိမ်းစာစဉ်ကို စီစဉ်တာပါ။ ငြိမ်းစာစဉ်နာမည်နဲ့ တေးသီချင်းစာအုပ်နဲ့ အခြားစာအုပ်တွေ ထုတ်ခဲ့ပါတယ်။ 

ပုဂံစာအုပ်တိုက်အနေနဲ့ စာအုပ်ကောင်းတွေထုတ်ခဲ့ပေမယ့် တစ်ချိန်တုန်းက ကျမ်းကြီးကျမ်းခန့်တွေကိုတော့ ပြန်ထုတ်ခဲ့တာမတွေ့ရပါဘူး။ ဥပမာ မှန်နန်းရာဇဝင်၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၊ ဇိနတ္ထပကာသနီကျမ်း အစရှိတဲ့ကျမ်းမျိုးတွေ ပြန်ထုတ်တာတော့ မတွေ့ရပါဘူး။ ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်ပြောရရင် ပုဂံစာအုပ်တိုက်ထုတ်စာအုပ်တွေထဲမှာ သမိုင်းမှတ်တိုင်ဖြစ်ခဲ့တာက မလိခရဲ့ မြန်မာဝတ္ထုအညွှန်း (၅ အုပ်တွဲ)၊ ဆရာမြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး (၁၂) အုပ်တွဲနဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက် ဦးစံရှားပေါင်း ချုပ်တို့ဟာ သမိုင်းမှတ်တိုင်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ 

မလိခရဲ့မြန်မာဝတ္ထုအညွှန်းဆိုရင် သက္ကရာဇ် ၁၄၀၀  လောက်ကနေ ၁၉၇၀ ကျော်အထိ ထင်ရှားခဲ့တဲ့ စာရေး ဆရာအယောက် ၁၀၀ ရဲ့ Masterpiece လို့ခေါ်လောက်တဲ့ စာအုပ်တစ်အုပ်စီရဲ့ ဇာတ်လမ်းအကျဉ်း၊ စာအုပ် ဝေဖန်ချက်၊ အဲဒီစာရေးဆရာရဲ့ အခြားထင်ရှားတဲ့စာအုပ်စာရင်း၊ အဲဒီစာရေးဆရာရဲ့ အတ္ထုပတ္တိ အစရှိတာတွေ အပြည့်အစုံပါတယ်။  မြန်မာစာပေလေ့လာသူတွေအတွက်  အရမ်းအကျိုးပြုမယ့်  စာအုပ်တစ်အုပ်လို့ ထင်ပါ တယ်။ မလိခဆိုတာ ဆရာမင်းကျော်နဲ့နတ်နွယ် နှစ်ယောက်ပေါင်းရေးတဲ့ကလောင်နာမည်ပါ။ မြန်မာဝတ္ထု အညွှန်းကို သူတို့နှစ်ယောက်ပေါင်းရေးခဲ့တာပါ။ ဆရာနှစ်ယောက်ရဲ့ ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုပါတယ်။ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ စစ်နှင့်ငြိမ်းချမ်းရေးဆိုရင် စထုတ်ဖို့စဉ်းစားတဲ့အချိန်မှာ မြတ်မယ် မမြတ်မယ် မသေချာဘူး၊ မြန်မာစာပေမှာရှိသင့်တဲ့စာအုပ်ဆိုပြီး စတင်ထုတ်ဝေခဲ့တယ်။ အစအဆုံး ၁၂ အုပ် ထုတ်ဝေခဲ့တယ်။ ထုတ်ဝေနေစဉ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်မထွက်နိုင်ဘဲ ရပ်ခဲ့တဲ့အချိန်ကာလ တစ်ခုလည်းရှိခဲ့ တယ်။ ဒါပေမယ့် ပြီးအောင်ဆက်ထုတ်ခဲ့တယ်။  အောင်မြင်ခဲ့ပါတယ်။ နောက်တစ်အုပ်က ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှားပေါင်းချုပ်ပါ။ စုံထောက်ဝတ္ထုပြန်ထုတ်တာ ဘာမှမထူးဆန်းပေမယ့် ဝတ္ထုတစ်ပုဒ်ချင်းစီကို ဆရာကြီးက ကိုနင်ဒွိုင်းရဲ့ဘယ်ဝတ္ထုကိုမှီးခဲ့တယ်၊ အဲဒီဝတ္ထုကို ဘယ်နှစ်ခုနှစ်၊ ဘယ်မဂ္ဂဇင်းမှာ စတင်ရေးသားခဲ့ တယ်။ နောက်အဲဒီဝတ္ထုကိုပဲ Version တစ်မျိုးနဲ့  ဘယ်မဂ္ဂဇင်းမှာ ရေးခဲ့တယ်ဆိုတာအစ သေသေချာချာ Analysis လုပ်ပြီး ထုတ်ခဲ့တာပါ။  လေ့လာလိုသူတွေအတွက် တန်ဘိုးရှိပါတယ်။ 

၁၉၇၃ မှာ ဆရာဝင်းဖေရဲ့ဇာတ်လမ်းကို ဒါရိုက်တာမောင်ဝဏ္ဏရိုက် ကူးတဲ့ “ဇာခန်းဆီးနောက်ကွယ်မှာ” ရုပ်ရှင်ကို ကိုချောက ဇာတ်ညွှန်းရေးခဲ့ပါသေးတယ်။ ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာတော့ စာအုပ်ထုတ်ဝေမှု ကျဲ လာတာတွေ့ရပါတယ်။ ကိုချောကိုယ်တိုင်က ရုပ်ရှင်ဘက်ကိုကူးဘို့ အားသန်နေတာပါ။ ကိုချောက ဆရာကေတု လှနိုင်ကို သူစာအုပ် ဆက်မထုတ်တော့ဘူး၊ ရုပ်ရှင်ပဲရိုက်တော့မယ်၊ ဘာအလုပ်ပဲဖြစ်ဖြစ် တစ်ခေတ်ပဲရှိတယ်၊ အဲဒီတစ်ခေတ်ပြီးသွားရင် ပြီးသွားပြီ၊ ကျွန်တော့်စာအုပ်ခေတ် ပြီးသွားပြီ၊ စာအုပ်ဆက်မလုပ်တော့ဘူး၊ ရုပ်ရှင်ပဲ ဆက်လုပ်တော့မယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုချောက အရက်လည်းစွဲနေပြီဖြစ်သလို ကျန်းမာ ရေး လည်း သိပ်မကောင်းတော့ပါဘူး။ ၁၉၈၀ ခုနှစ် ဇူလိုင်မှာတော့ ပုဂံစာအုပ် အမှတ်စဉ် (၂၅၅) မေမြို့ချစ်ဆွေရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှု လစဉ်မှတ်တမ်းစာအုပ်ကို နောက်ဆုံးထုတ်ဝေခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပုဂံစာအုပ်တိုက်က ရပ်နားသွားခဲ့ပါတယ်။ စာအုပ်အမှတ်စဉ် ၂၅၅ ထုတ်တဲ့အချိန်မှာတော့ ပုဂံ စာအုပ်တိုက်ကို ဦးဆောင်ထုတ်ဝေခဲ့သူ မောင်ကိုဦး (ကိုချော)လည်း ကွယ်လွန်သွားခဲ့ပါပြီ။ ကိုချောက အသက် ၄၂ နှစ်မှာပဲ ကွယ်လွန်ခဲ့တာပါ။

အခုစာအုပ်အဟောင်း၊ ရှားပါးစာအုပ်ရောင်းဝယ်ရေးလောကမှာ ပုဂံတိုက် (ပထမမျိုးဆက်)ထုတ်စာအုပ် ဆိုရင် အရမ်းစျေးကြီးပါတယ်။ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် ပုဂံတိုက်ထုတ်စာအုပ်တွေဟာ ရှားပါး လာပါပြီ။ ကျွန်တော်သိသလောက်ပြောရရင် ၂၀၁၇ ခုနှစ် လောက်ကစပြီး ပုဂံတိုက်ထုတ်စာအုပ်အဟောင်း တွေဟာ တခြားရှားပါးစာအုပ်အဟောင်းတွေထက် စျေးနှုန်းမြင့်တက်လာတာကိုတွေ့ရတယ်။ အဖုံးမပါရင် စျေးသက်သာပေမယ့် အဖုံးလည်းပါ၊ စာမျက်နှာလည်းစုံ၊ အစုတ်အပြဲ မရှိဆိုရင် စျေးကြီးပါတယ်။ Online မှာ စာအုပ် အဟောင်း ရောင်းသူတွေအနေနဲ့လည်း ပုဂံထုတ်စာအုပ်များ လိုင်းပေါ်တင်ရောင်းလိုက်တာနဲ့ ချက်ချင်းကိုရောင်း ထွက်သွားတာတွေ့ရတယ်။ တမြတ်တနိုး ယူချင်တဲ့သူ၊ သိမ်းချင်တဲ့သူ များလာတယ်။ ပုဂံတိုက်ထုတ်စာအုပ် အမှတ်စဉ် ၁ ကနေ ၂၅၅ အထိ စုဘို့ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ တချို့စာအုပ်တွေများ နှစ်တွေကြာ ခဲ့ပေမယ့် ဘယ်လိုသိမ်းထားမှန်းမသိအောင် အသစ်အတိုင်းရှိနေတာကိုတွေ့ရတယ်။ အဲလိုစာအုပ်တွေများဆို စျေး ကောင်းပါတယ်။ 

၂၀၀၃ ခုနှစ်မှာ အရင်ပုဂံစာအုပ်တိုက်အဆက်အနွယ်တွေကပဲ ပုဂံစာအုပ်တိုက်ကို ပြန်တည်ထောင်ခဲ့ပြီး  ပြန် လည်ဆောင်ရွက်ခဲ့ပါတယ်။ အရင်စာအုပ်တိုက်တံဆိပ်ကို  ဒီဇိုင်းနဲနဲပြောင်းပြီး စာအုပ်အမှတ် ၂၅၆ နဲ့ နတ်နွယ် ဘာသာပြန်တဲ့ မိုဒီဗစ်နဲ့ပြန်စထွက်ခဲ့ပါတယ်။ ပုဂံစာအုပ်တိုက်ရဲ့ ဒုတိယမျိုးဆက်လို့ပဲ ခေါ်ရမှာပေါ့။ စာအုပ် အဟောင်းလောကမှာတော့ အရင်ပုဂံစာအုပ်တိုက်နဲ့ စာအုပ်တွေကို ပထမမျိုးဆက်ပုဂံ၊ ပြန်လည်တည်ထောင် ခဲ့တဲ့ ပုဂံစာအုပ်တိုက်ကို ဒုတိယမျိုးဆက်ပုဂံ၊ သမီးပုဂံ (ပြည်လည်ဦးစီးတည်ထောင်သူက ကိုချောရဲ့သမီးမို့လို့) အစရှိသဖြင့် အလွယ်တကူခေါ်ကြတာကိုတွေ့ရပါတယ်။ ပုဂံစာအုပ်တိုက်ကို  ဆက်လက်အောင်မြင်စေချင်ပါ တယ်။ တစ်ချိန်တုန်းကနာမည်ကြီးခဲ့တဲ့ စာအုပ်တိုက်တစ်တိုက်ရဲ့အကြောင်းကို စာဖတ်ဝါသနာပါသူတွေသိနိုင်ဘို့ ကျွန်တော် သိသလောက်  ရေးလိုက်ခြင်းဖြစ်ပါတယ်။

(ပုဂံစာအုပ်တိုက်နှင့်ပတ်သက်၍ သိလိုသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့သော ဆရာကြီးကေတုလှနိုင်အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။)

ကိုလှိုင်းသစ်
16-10-2021 
10:59 PM


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar