Breaking News

မိုးမခကဗျာ - နေစိမ့် "ဆာဟာရဘုံ"

မိုးမခကဗျာ
အောက်တိုဘာ ၂၁၊ ၂၀၂

"ဆာဟာရဘုံ"
နေစိမ့်

မနေ့က ဘာမှမဖြစ်ခဲ့ဘူး ဆိုပါတော့
အိပ်ရာထမှာ တခုခု လိုနေမယ်
မလိုအပ်တာတွေ ဗုံးပေါလအော ဝင်လာတော့
ပြဿနာက ကမ္ဘာကြီးနဲ့မျက်နှာချင်းဆိုင်တွေ့တာပဲ
တကိုယ်ရေငြီးငွေ့မှုဟာ
ကော်ဖီပြင်းပြင်းဖြစ်လာတယ်
တရားဝင်လွဲချော်မှုတွေကို
အလွတ်ကျက်ဖို့အချိန်ကျလာတဲ့အခါ
အိမ်မွေးတိရစ္ဆာန်လည်း
ကျောရိုးလှန်ပြီးတယောထိုးပြတယ်
တဖြုတ်ဖြုတ်ဗာဒံစေ့အကြွေတွေ
တိတ်ဆိတ်နေတဲ့သုဿန်တွေ
ဘာကိုမျှော်နေကြတာလဲ
တံခါးပေါက်တွေက သော့ကိုင်ကိုကျိန်ဆဲနေကြတယ်
သံလမ်းနဲ့ရထားဘီး ရက်ရက်စက်စက် အယုအယမှာ
ဇလီဖားတုံးတွေ မီးအပွင့်ကို အရသာခံကြတယ်
ဖလင်ပြားကို
အမှောင်ထဲထောင်ကြည့်နေမိတဲ့ စိတ္တဇ
အရေးပေါ်လူနာက
ပရဟိတသွေးအလှူရှင်ကိုတမ်းတနေသလို
လောကဓံရှစ်ပါးက သံဝေဂနဲ့ညှိနေတယ်
ခေါက်သိမ်းထားတဲ့အလံကို 
မကြာမကြာနေထုတ်လှမ်းပေးရတယ်
ပြက်လုံးတခုရဲ့ကိုယ်ထည်ထဲ
အစာသွတ်နိုင်ငံရုပ်လုံးက ငေါထွက်လာတယ်
အဆုံးအရှုံးတွေကိုချစ်မိတာ 
အပြစ်ရှိလား ကိုယ့်လူ။ ။ 



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar