Breaking News

စံညိမ်းဦး - '' လမိုက်တဲ့လပြည့်ည ရဲ့ သီတင်းကျွတ်ဝါကျများ ''

Art - Totty Swe
'' လမိုက်တဲ့လပြည့်ည ရဲ့ သီတင်းကျွတ်ဝါကျများ ''
စံညိမ်းဦး
အောက်တိုဘာ ၂၁၊ ၂၀၂၁

လေကို မွေးကတည်းက ရှူရှိုက်ပြီး ရှင်သန်ကြပေမယ့် လေရှိတာကို တဘဝလုံးသတိမမူမိကြသလိုပါပဲ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဇာတိမြေ၊ ကိုယ့်အိမ်ဆိုတာ နေထိုင်နေစဉ်တလျှောက်မသိလိုက်မသိဖာသာရှိခဲ့တယ်။ ဂျပန်လို'ဖူရုစသို' လို့လည်းခေါ်တဲ့ မွေးရပ်မြေဟာ ကိုယ့်အဖို့မှာ အဆွေးရပ်မြေပါပဲ။
မကျန်းမာချိန်မှ၊(သို့မဟုတ်)လေထုအပြည့်ဝမရတဲ့နေရာရောက်မှ လေကို တခုတ်တရ သတိရမိကြသလိုပါပဲ၊ ရေမြေခြားတော့မှ ကိုယ့်မြို့၊ ကိုယ့်ရွာကို အလွမ်းပိုရတယ်။ အောက်မေ့ရလေတယ်။ အရာရာဝေးကွာနေတဲ့ အဆုံးမဲ့လွင် ပြင်ကျယ်ကြီးထဲကနေ ကဗျာ ဆရာမောင်သိန်းဇော်ရဲ့ တရွေ့ရွေ့ညနေ ကဗျာကို တိုးတိုးလေးရွတ်နေမိတယ်။

'' တရွေ့ရွေ့ညနေ''

စံပယ်မဟုတ်
ကြယ်မဟုတ်သည်
တစ်နယ်စီဝေး
တစ်သွေးပိုလှ
ချစ်ဒုက္ခများ။
နေနဲ့ဝေး
လနဲ့ဝေး
ပင်လယ်နဲ့ဝေး
တောတောင်နဲ့ဝေး
ကောင်းကင်နဲ့ဝေး
ရွှေပြည်တော်ဝေး
အမေနဲ့ဝေး
ဝေးနေသေးသမျှ 
အချစ်ရေ
တရွေ့ရွေ့ညနေတွေ
စိတ်မရှည်တော့ဘူး။

မောင်သိန်းဇော်
(၁၉၉၆၊ ပိတောက်ပွင့်သစ်၊ ဒီဇင်ဘာ)

ဒီလိုနဲ့ သာမာန်ရက်များမှာ ဝေးခြင်းတရားဟာ မသိသာလှဘဲ သီတင်းကျွတ်၊ တန်ဆောင်မုန်းတန်ဆောင်တိုင်၊ဝါဆို၊တပို့တွဲ၊ တပေါင်း၊ တန်ခူးစတဲ့ ၁၂ လရာသီ ပွဲတော်နေ့များကိုဖြတ်ရတဲ့အခါ ပိုမိုပြီးတုန်လှုပ်၊ တုန်ရင်နေအောင်ခံစားရပါတယ်။

'' သီတင်းကျွတ်ဝါကျ ၊ ၂ ၊''


မီးကမ္ဘာကို
ဖြတ်ခဲ့ရ။
မင်းအတွက် ငါက
ပွဲစျေးတန်းက မုန့်လေပွေ။
ကျိူးကြေလွယ်ပေမယ့်
ချိုမြိန်ခဲ့ရဲ့မဟုတ်လား။

စံ ညိမ်း ဦး
၃၁၀၂၀

သီတင်းကျွတ်ပွဲတော်တွေ စတင်ပြီပေါ့။ လမ်း ၃၀ လမ်းလယ်ဘုရားပွဲ၊ ရတနာမဥ္ဇူဘုရားပွဲ၊ ကျောက်တော်ကြီးဘုရားပွဲ၊ ပြီးတော့ ရပ်ကွက်ဘုရားပွဲတွေ၊ မုန့်လေပွေ၊ မုန့်သိုင်းခြုံ၊ မုန့်လင်မယား၊ ရွှေချည်မုန့်။ အညာသားကြောကုန်း၊ မုန့်လုံးကြီးကြော်၊ မုန့်ဆပ်သွားဖူး၊ ခေါက်ဆွဲကြော်၊ ကြာဇံလက်သုပ်၊ ဆိတ်ဝမ်းတွင်းသား၊ ကောက်ညှင်းကျည်တောက်၊ မုန့်ဆီကြော်၊ အာစာပူချီ၊ ကလေးရဟတ်၊ လူကြီးရဟတ်၊ ကလေးတမတ်၊ လူကြီး ငါးမူး၊ မျက်လှည့်ရုံလေးတွေ၊ ဂလုံးဂလုံး လိပ်ဖားကြက် ဆင်၊ မြားပေါက်၊ တန်ပိုလာလေက် လော်စပီကာသံတွေ၊ ကြမ်းခုံမှာ ဖယောင်းတိုင်မီးစာယိမ်းထိုး၊ မီးခိုးမျှင် တလူလူ ကွမ်းယာသည်မလေးတွေ၊ ဗလာဇာတ်ပွဲတွေ၊ ကြည့်ချင်ပွဲတွေ၊ အငြိမ့်တွေ၊ ခေတ်ပေါ်တီးဝိုင်းတွေ၊ မီးခိုးတလူလူ ညှော်သင်းနံ့တငွေ့ငွေ့နဲ့ ဆောင်းရာသီထဲကို ခေါင်းထိုးဝင်ခဲ့တဲ့ညတွေ၊ မိုးပျံပူပေါင်းရောင်စုံ "အမေရေ တလုံးလောက် ဝယ်ပေးပါ" ။ ဟိုးအမြင့်ကြီး သား ပျံတက်ချင်တယ်တွေ ...။

တကယ်တော့ အထီးကျန်စိတ်ဆိုတာ ကိုယ့်ပတ်လည်မှာ ဘယ်လိုများပြားတဲ့လူအုပ်ကြီးရှိနေပါစေ တယောက်တည်းဖြစ်နေတော့တာတွေ။ တစုံတယောက်နဲ့ နှစ်ယောက်အတူထိုင်နေရင်းတောင် တယောက်တည်းလို ခံစားနေရတာတွေ။

မနေ့ညက လူမှုကွန်ရက်စာမျက်နှာမှာ လပြည့်ကြိုအိမ်တွေမှာ၊ ဘုရားကိုကြိုအိမ်တွေမှာ ဆီမီးထွန်းပူဇော်ထားတဲ့ ပုံလေးတွေမြင်ရတော့ ကိုယ့်ငယ်ဘဝ ဖျောက်အိုးတွေ တလုံးပြီးတလုံးကွဲနေပြီး ဆီမီးညှော်နံ့သင်းသင်းနဲ့ မီးပန်းတွေ ဝုန်းခနဲ ရင်ထဲ လှိုက်တက်၊ စောင့်တက်လာပါတယ်။ ထိန်ထိန်သာနေမယ့် လပြည့်ညဆို ကြယ်တွေစုံမယ့်ကောင်းကင်အောက်မှာ တယောက်တည်း လ မိုက် နေရသူတွေ ကမ္ဘာကြီးမှာ လွမ်း ဆွေးဖွယ် ရင်ဆိုင်ရင်း ရှိနေကြမှာပါ။ 
××× လမိုက်တဲ့ညတွေ ×× လွန်ခဲလှတယ်၊ မိုးသည်းတဲ့နေ့တွေ ×× ရှည်လျားလွန်းတယ် ×××။

ဆီမီးခွက်လေးတွေ အမှောင်ထဲမှာ ရွှေရည်လဲ့နေကြတယ်။ ရွှေဝါဝင်း နေကြတယ်။ ရောင်ဝါဖြာနေကြတယ်။ အမှောင်ထုအား ကောင်းလေ သူတို့လင်းပမှုက ထိန်ဝါလေပေါ့။ ဟိုဘက်ကမ်းကမီးထိန်ထိန်၊ ဒီဘက်ကမ်းကမီးထိန်ထိန် မနှင်းတို့အိမ်၊ ဆီမီးရောင်ဝါလင်းပါတဲ့ မနှင်းတို့အိမ်ကလေးတွေလား။ 'မေတ္တာဝေစု ၂' ဆိုပြီးကဗျာလေးကောက်ရဖြစ်တယ်။ မေတ္တာဝေစု ပထမပုဒ်က သရက်ပင်ပေါ်က သရက်အကင်းက လေးတွေ၊ အကုန် အသီးဖြစ်ပါ့မလားလို့ ပူပန်ဖြစ်တဲ့အကြောင်းလေး။ ခု နောက်တပုဒ်က ဆီမီးလေးတွေ။

'' မေ တ္တာ ဝေ စု ၂ ''

တယောက်ထဲ
ကိုယ့်အဖို့ ဘယ်လိုပဲ မှောင်နေရပါစေ
လင်းနေတဲ့ ဆီမီးခွက်လေးများ ပို၍လင်းဖို့
ကျနော် ပိုပြီး မှောင်ပေးပါ့မယ်။

စံ ညိမ်း ဦး (၁၉၁၀၂၁)

လပြည့်နေ့ မနက်ကျ ဆရာကိုနေဝင်းနဲ့ စကားပြောဖြစ်တယ်။ တေးရေး၊ တေးဆို ဆရာကိုနေဝင်းတယောက် ပုသိမ်ထောင်မှာ ဧည့်သည်အဖြစ်ရောက်ရှိစဉ်က ပုသိမ်မှာ 'မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင်'သံတွေ ညံလို့ သူကြားနေခဲ့ရတယ်။ အုတ်ရိုးနံရံအ ဆုံး မော့ကြည့်တော့ မျက်နှာကြက်မှာ လပြည့်ဝန်းကို မတွေ့ရရှာပါဘူး။ သူပြောပြနေတဲ့ မြင်ကွင်းတွေကို ကျနော် ခံစားမြင်ယောင်နေမိတယ်။ (၁၉၉၁ဆီက တောင်ပြုံးပွဲတော်ကာလထဲ ကျနော်ဟာမန္တလေးနန်းတွင်းထောင်ထဲ ဧည့်သည်အဖြစ်ရောက်နေရပြီး ထောင်အုတ်ရိုးတဖက်က လွင့်လာတဲ့' အခါတော်ရောက်ချိန်နီးလို့လာပြီ'နဲ့ 'လိုက်မလား၊ တောင်ပြုံး ၊ တောင်ပြုံး' ဆိုတဲ့ကားသံတွေကိုကြားနေခဲ့ရဖူးတယ်။ ရင်ထဲမှာ ရွစိခတ်နေခဲ့ဖူးတယ်။) ဆရာကိုနေဝင်းကတော့ မျက်နှာ ကြက်ကိုမော့ကြည့်ရင်း '' လမိုက်တဲ့လပြည့်ည'' သီချင်းကို ရေးဖြစ်ခဲ့သတဲ့။ ကျနော်က ဒီတညမှာ မြင်ရခဲတဲ့ မောင့်လပြည့်ဝန်းကိုသတိရနေမိပါတယ်။ လပြည်ဝန်းရေ ရွှေပြည်လမ်းသို့ နောက်ဆုတ်နောက် ဆုံးကို သတိရနေမိတယ်။ ကိုနေဝင်းက'လမိုက်တဲ့လပြည့်ည' သီချင်းလေးကို ဆိုပြတယ်။

"××× ထိန်ထိန်သာ ကြယ်တာရာ ခြံရံကာ ××× မိုးမြင့်ကို ××× မော့ကြည့်မှ တွေ့ရမယ့် ×× × ငွေလမင်း ×××''

လမင်းဘယ်ကိုရောက်နေသလဲကွယ်၊ အိပ် မက်ထဲမှာလမင်းသာချိန်၊ အချိန်တန် အိမ်ပြန်ရပေမယ့် ကိုယ့်လိပ် ပြာက မင်းထံမှာနေ။ တက္ကသိုလ်ကျောင်းကငွေလမင်းရေ ဘယ်ကမ္ဘာများ သာနေသလဲလေ။ လမင်းဝင်းဝင်းပပ သာသောအခါ ညချမ်းမှာ မိုးထက်သို့ မျှော်ကာမျှော်ကာ။ ကြယ်ကလေးတွေချစ်စရာ အပြာရောင်ကောင်း ကင်မှာ။ လရောင်ခြည်အေးရိပ်စောင့်လို့ ပန်းကြာငုံဖူးလေးပွင့်လို့။ လပြည့်ဝန်းကို ဒါးနဲ့ပေါက် သွေးငေါက်ငေါက်ခံယူ။ သွေးစွန်းသောငွေလမင်း။လမင်းဟာ သလိပ်ဖတ်ကြီးလို စ ကြာဝဠာထဲ မျောနေတဲ့အရာ။ ထိုက်စန်းတောင်ထိပ်မှာသာနေတဲ့ လပြည့်ဝန်း။ လစန္ဒာရယ် တွေ့များတွေ့မလားဟယ်၊ ဖွေရှာသူမောလို့ငိုရလိမ့်မယ်၊ ဖွေရှာသူမောလို့ ငို၊ ငိုခဲ့ရတယ်။ ကျူးဘားကြံခင်းတွေထက်က အာဂျင်တီနား လမင်း။ ယူဂျင်းပေါ်ယဲ့တီရဲ့ နိုင် ငံတကာလမင်း။ညရယ် ငါချက်မစားရက်ပါဘူး ဆိုတဲ့ ညထဲက လမင်း။ လမင်းလေး ထွက်ပြေးလို့ ငါဟာ ရူးသွပ်ရတော့မလား။

အလင်းရောင် သန်းခေါင်ယံညနက်ထဲ။ လပြည့်ဝန်းညလေး ကြင်နာခြင်းများကိုပေး မင်းရဲ့အ ကြောင်းတွေ သီချင်းဖွဲ့ဆိုပါမယ်။ စာဆို စိန့်အဲလ်ဖရီ ရဲ့ကဗျာတစကိုကိုးကားပြီး ကဗျာဆရာ ဝဟ အော်ဒင်ပြောတဲ့စကားလည်းသတိရမိတယ်၊ ''အချစ်ဆိုတာ တယောက်မျက်ဝန်းထဲကို တယောက်ကစိုက်ကြည့်နေတာမျိုးမဟုတ်ဘူး၊ အမြင်တူနေတာကိုသာ အချစ်လို့ခေါ်တယ်''။ မင်းကြည့်နေတဲ့ကမ္ဘာကြီးနဲ့ ငါမြင်နေရတဲ့ ကမ္ဘာကြီး၊ မင်းကြည့်နေတဲ့ လပြည့်ဝန်းနဲ့ ငါမြင်နေရတဲ့ လပြည့်ဝန်း၊ ဘယ်လိုရှိမယ်။

'' သီတင်းကျွတ်ဝါကျ ၊ ၁ ၊ ''

ငါမျှောခဲ့တဲ့ ဆီမီးခွက်ကလေး
ပြန်မလာတော့ပေမယ့် 
ငါ့ကိုယ်ထဲမှာ မျောနေတုန်း။
လမင်းဟာ
ရွှေအလွမ်း၊ငွေအလွမ်း၊ပတ္တမြားအလွမ်း
စောင်းတန်း၃သွယ်က
ဆင်းလာခဲ့တာ။

စံ ညိမ်း ဦး(၂၁၀၂၀)


# လမိုက်တဲ့လပြည့်ည (ဆရာကိုနေဝင်းရဲ့သီချင်း ခေါင်းစင်ဖြစ်ပါတယ်။)
#ဖိုတိုခရက်ဒစ်ပါ။
#ဘုရားပွဲပန်းချီကားလေးတွေက ကိုတော်တီဆွေ့ ဟာပါ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar