Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၄)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၄)
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၁

တရုတ်တို့အပြောင်းအလဲ ပထမအဆင့် 

၁၉၇၇ မှစတင်သည့် တရုတ်တို့၏အပြောင်းအလဲအား ပထမအဆင့်ဟု ဆိုရမည်။ ထိုအချိန်မှစ၍  တရုတ်ကွန်မြူနစ်ပါတီ၏ဆက်ဆံရေးသည် ကွန်မြူနစ်ပါတီချင်း၊ လက်ဝဲပါတီချင်းဆက်ဆံရေးထက် နိုင်ငံတိုင်းရှိ အရေးပါသောနိုင်ငံရေးပါတီတိုင်းနှင့် ဆက်ဆံသောမူဝါဒကို ပြောင်းလဲသွားသည်ကို တွေ့ရသည်။ တရုတ်တို့၏ ဤသို့ပြောင်းလဲသွားသည်မှာ နိုင်ငံရေးအယူအဆအရ၎င်း၊ ပြည်ပအခြေအနေအပြောင်းအလဲများကြောင့်၎င်းဖြစ်သည်။ ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင် အာဏာပြန်ရလာပြီးနောက်ပိုင်း တရုတ်တို့သည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒမှသည် တရုတ်အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုသည့် မူဝါဒသို့ တဖြေးဖြေးပြောင်းလဲသည်။ စီးပွားရေးအရ ဗဟိုမှချုပ်ကိုင်သည့် စီမံကိန်းစီးပွားရေးစနစ်နှင့် ဘုံစနစ်နေရာတွင် ဈေးကွက်စီးပွားရေးသို့ တစချင်းပြောင်းလဲ သည်။ သို့သော် အဆိုပါမူဝါဒများအား အကောင်အထည်ဖေါ်မည့် တရုတ်ကွန်မြူနစ်ပါတီ၏ ချုပ် ကိုင်မှုကို ချန်လှပ်ထားခဲ့သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေးအား ယခင်ကကဲ့သို့ ပါတီတွင်းတိုက်ပွဲနှင့် တည်ဆောက်ခြင်းမပြုတော့ဘဲ ကွန်ဖြူးရှပ်ဆန်လာသည်။ ပညာတတ်များ၊ လူတော်လူ ကောင်းများဖြင့် တည်ဆောက်သည့်ပုံစံသို့ ပြောင်းလဲလိုက်သည်။ တချိန်တည်းတွင် တရုတ်နီတို့အဖို့ ၁၉၄၉ ခုနှစ် တရုတ်ပြည်မတခုလုံးအား သိမ်းပိုက်လွတ်မြောက်နိုင်ခဲ့သော်လည်း ကမ္ဘာ့ကုလသမဂ္ဂတွင် တိုင်ဝမ်တရုတ်ဖြူတို့သာ ဆက်လက်နေရာရနေခဲ့ပြီး တရုတ်(နီ)တို့အဖို့  အနှစ် ၂၀ ကျော်ကြာ ၁၉၇၁ ခုနှစ်တွင်မှ ကမ္ဘာ့ကုလ သမဂ္ဂတွင် နေရာရသည်။ တရုတ်တို့အဖို့ နိုင်ငံတကာတွင် တရားဝင်အဆင့်အတန်းရလာခဲ့သည်ဖြစ်ရာ တရုတ်တို့အဖို့ နိုင်ငံတကာတွင် ပိုဝင်ဆန့်လာခဲ့သည်။ 

သို့နှင့် ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင်အာဏာပြန်ရလာသည့်အချိန်မှစ၍ တရုတ်တို့သည် နိုင်ငံတကာနှင့်ဆက်ဆံရေးတွင်လည်း အပြန်အလှန်ကုန်သွယ်မှု ၊ အပြန်စီးပွားဖြစ်ထွန်းမှုပေါ် အခြေပြုခဲ့သည်။ တဖက်ကလည်း တရုတ်ပြည်၏လုံခြုံရေးရှုဒေါင့်မှလည်း အမြဲတတ‌စေ ထည့်သွင်းတွက်ချက်မှုကို ပြုလုပ်ခဲ့သည်။ ၁၉၇၇ ခုနှစ်အပြောင်းအလဲစတင်ခါစက တရုတ်နှင့်ကုန်သွယ်မှုအား၎င်း၊ တရုတ်က မိမိနိုင်ငံမှ လက်ဝဲသူပုန်များအား ထောက်ခံရပ်တန့်ခြင်းအား၎င်း နိုင်ငံတကာ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများက ကြိုဆိုခဲ့ကြသည်။ ကွန်မြူနစ်တို့၏အန္တရာယ်ကို အမြဲမပြတ်စောင့်ကြည့်နေသော အမေရိကန်နှင့် သူ၏မဟာမိတ်များအတွက်လည်း စိတ်သက်သာရစေခဲ့သည်။ ထို့ပြင် ထိုအချိန်ကာလသည် တရုတ်သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဒေသတွင်း၌၎င်း၊ နိုင်ငံတကာ၌၎င်း ခြိမ်းခြောက်နိုင်သည့်အဆင့်မရှိသေးပေ။ တရုတ်ပြည်တွင်း၌ ဆန်၊ လောင်စာ၊ ချည်ထည် အစရှိသည်တို့အား ကူပွန်စနစ်နှင့်ဖြန့်ဖြူးနေရသည့်ခေတ်ကာလဖြစ်သည်။ စက်ဘီး၊ ဓါတ်ဗူးစသည့်ပစ္စည်းများသည်ပင် မဲဖေါက်၍ ဖြန့်ဖြူးနေရသည့်အခြေအနေဖြစ်သည်။ ကိုယ်ပိုင်ကားစီးနိုင်သူမရှိ။ ဖွံ့ဖြိုးဆဲနိုင်ငံဟု ကင်းမွန်းတပ်ထားသည့် ဆင်းရဲသည့်နိုင်ငံတနိုင်ငံအဆင့်တွင်သာ ရှိနေသေးသည်။ သို့သော်တရုတ်တို့တံခါးဖွင့်ခြင်းသည် နိုင်ငံတကာအတွက် ကျယ်ပြန့်သောဈေးကွက်ကြီးတခုရခဲ့ခြင်းဖြစ် သည်။ တရုတ်တို့အတွက်လည်း ဖွံ့ဖြိုးတိုးတက်ရန်လမ်းစဖြစ်ခဲ့သည်။ 

ထိုအပြောင်းအလဲ အစောပိုင်းတွင် တရုတ်တို့သည် သူတို့စီးပွားးဖြစ်ရန် အရင်ဆုံးဦးတည်သည်။ စီးပွားရေးအကျိုးအမြတ်များရရှိရန် ဦးတည်သည်။ မြန်မာပြည်နှင့်ဆက်ဆံရေးတွင် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးပြီး ငြိမ်းချမ်းစွာအဖြေရှာရေးကို ဦးတည်သည်။ မြန်မာပြည်ပြည်တွင်းရေးတည်ငြိမ်မှသာ စီးပွါးရေးလုပ်၍ကောင်းမည်မဟုတ်ပါလော။ သို့သော် တကယ်တမ်းတွင်း မြန်မာပြည်တွင်း ပဋိပက္ခများတွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုဦးတည်သည်ဆိုသော်လည်း တရုတ်တို့‌ တကယ်တမ်းလိုလားသည်မှာ မြန်မာပြည်တည်ငြိမ်ရေးမှုရှိရေးဖြစ်သည်။ ထို့ကြောင့်လည်း ၁၉၉၀ ရွေးကောက်ပွဲအပြီး အနိုင်ရ NLD ပါတီအား တရုတ်တို့ ဦးစွာသွားရောက်တွေ့ဆုံခဲ့သော်လည်း နဝတက လွှတ်တော်ခေါ်မပေးဘဲ ဆက်လက်အုပ်ချုပ်ရာတွင် တိုင်းပြည်အများစုကို တည်ငြိမ်အောင်ထိမ်းထားနိုင်သည့်အခြေအနေပေါ်တွင် နဝတအစိုးရနှင့် ဆက်ဆံရေးထူထောင်သည်။ တရုတ်အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ နှစ်နိုင်ငံစီးပွားရေးကို ဇောက်ချလုပ်သည်။ တရုတ်နိုင်ငံမှ အခြေခံစက်မှုထုတ်ကုန်၊ လူသုံးကုန် ပစ္စည်းများ မြန်မာပြည်သို့ပို့ ဆောင်ပြီး မြန်မာပြည်မှ သစ်၊ကျောက်စိမ်းစသည့် သယံဇာတများနှင့် လယ်ယာထွက်သီးနှံများ တရုတ်ပြည်သို့ ပြန်လည်တင်သွင်းသည်။ ဤသို့ဖြင့် တရုတ်မြန်မာ ကုန်သွယ်ရေးသည် နဝတခေတ်မှစ၍ အရှိန်အဟုန်မြှင့်တင်လာခဲ့သည်။ 

သို့သော် တရုတ်တို့သည် မြန်မာပြည်တည်ငြိမ်မှ ၎င်းတို့ စီးပွားကောင်းစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ရာ ၁၉၈၈ နောက်ပိုင်း အနောက်တိုင်း၏ပိတ်ဆို့မှု ဒဏ်ခတ်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် မြန်မာပြည်အားကာကွယ်ပေးမှုစတင်သည်။ ကုလသမဂ္ဂတွင် ဗီတိုအာဏာပိုင်သော တရုတ်သည် နဝတအတွက် တအားဖြစ်ခဲ့သည်။ သို့သော် ဒီမိုကရေစီလိုလားသော မြန်မာဒီမိုကရက်တစ်အင်အားစုများအဖို့ တရုတ်သည် မနှစ်မြို့စရာဖြစ်ခဲ့သည်။ အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချမှုများပြုလုပ်၍ စီးပွားရေးပိတ်ဆို့မှုများ၊ နိုင်ငံရေးအရ အရေးယူမှုများပြုလုပ်နေချိန်တွင် တရုတ်တို့က သူတို့အကျိုးစီးပွားကိုရှေ့ရှုပြီး နဝတအစိုးရကို ကာကွယ်နေ၍ မြန်မာလူထုတွင် တရုတ်ဆန့်ကျင်ရေးလေထု စတင်ပေါ်ပေါက်ခဲ့သည်။ တရုတ်သည် မြန်မာလူထု၏ မိတ်ဆွေကောင်းမဟုတ်ဟု ယူဆလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် တရုတ်ဆန့်ကျင်ရေးလေထုသည် မြန်မာပြည်တွင်း၌ ဒုတိယအကြိမ် ပြန်လည်အစပြုလာခဲ့တော့သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar