Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၄ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၁

သပိတ်ဦးဆောင်သူ ကိုတေဇာဆန်းက နွေဦးတော်လှန်ရေးရဲ့ ဒေါက်တိုင် ၅ တိုင်ဆိုပြီးတော့ ၈ လကျော်တိုင်လာတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲနည်းနာ အဓိက အချက် ၅ ကို ဖေ့စ်ဘွတ်ကနေ ထုတ်လွှင့်ရှင်းလင်းသွားပါတယ်။ တော်လှန်ရေးရဲ့ မဏ္ဍိုင် ၅ ခုကတော့ ,,,
(၁) လက်နက်ကိုင် PDF ခုခံစစ်အင်အားများ 
(၂) CDM ဝန်ထမ်းများ အာဏာဖီဆန်မှု 
(၃) လမ်းပေါ်ထွက် သပိတ်တိုက်ပွဲများ 
(၄) နိုင်ငံတကာတွင် သံခင်းတမန်ခင်းခြင်း 
(၅) ဘူးသပိတ်များ (အခွန်မဆောင်ရေး) ဆိုပြီး  ထောက်ပြသွားပါတယ်။ 

အထူးသဖြင့် လမ်းပေါ်သပိတ်တိုက်ပွဲတွေကနေ ပြည်သူလူထုကို အမြဲနိုးကြားတက်ကြွနေအောင် တိုက်တွန်းနေဖို့ အရေးကြီးတယ်လို့လဲ သူက ပြောပါတယ်။ အဲသည်ထဲမှာ ပြည်တွင်း ပြည်ပ မြန်မာအရေးထောက်ခံသူများ၊ ပြည်သူများက တော်လှန်ရေးအတွက် ကြံ့ကြံ့ခံပြီး ပံ့ပိုးကူညီ ထောက်ပံ့နေမှုများကိုတော့ ထောက်တိုင်တခုအဖြစ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ လူထု၏ ထောက်ခံပံ့ပိုးမှုဟာ တော်လှန်ရေး၏ ကျောရိုးဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၈ က NUG အစိုးရနဲ့ ပြည်ပရောက်မြန်မာမိသားစုများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပြီး ရန်ပုံငွေ ရှာဖွေရန်နည်းလမ်းတွေ ဆွေးနွေးကြတယ်ဆိုပါတယ်။ အဲသည်သတင်းထဲမှာ NUG ရန်ပုံငွေအတွက် (၁) အခွန် (၂) ငွေတိုက်စာချုပ် (၃) တရက်တာလုပ်ခကို ပြန်လှူခြင်း အချက် ၃ ချက်ကို ဖော်ဆောင်မယ်လို့ ပြောသွားပါတယ်။ ခုချိန်ထိ NUG အစိုးရယန္တယားနဲ့ ထောက်ခံသူ အစုအဖွဲ့များက ယခင် Raffle Ticket လှုပ်ရှားမှုလိုမျိုး နောက်ထပ် ကြီးမားတဲ့လှုပ်ရှားမှု လှုံ့ဆော်မှုအဖြစ် ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က အသေးစိတ်အစီအစဉ်များ အလားအလာများကို အချိန်ယူ ရှင်းပြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ NUG အစိုးရကိုယ်တိုင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ကိုင်တွယ်လည်ပတ်နေတဲ့ ဘဏ္ဍာရေးစနစ် ပလက်ဖောင်းတခု သို့မဟုတ် ၂ ခု ၃ ခုကတော့ ရှိနေလောက်ပြီ လို့ ထင်မြင်မိပါတယ်။ အဲသည်အကြောင်းကိုတော့ ဘယ်သူမှ အတည်မပြုနိုင်ကြသေးပါဘူး။ ဘယ်ဆီကို ဘယ်လို တစုတစည်းတည်း လှုနိုင်တယ် ပေးပို့နိုင်တယ်ဆိုတာကတော့ ခုချိန်ထိ အတိအကျ မသိနိုင်ပါဘူး။ လူတွေကြားထဲ ခေတ်စားတာက CRPH OFP အလှူခံအဖွဲ့ ၂၀၀ ကျော်ကတဆင့် လှူကြတာ၊ အလှူခံကြတာကိုပဲ ယေဘူယျအားဖြင့် သိကြပါတယ်။

နောက်သတင်းတခုကတော့ CRPH NUG နည်းတူ ဦးဆောင်အဖွဲ့တခုဖြစ်တဲ့ NUCC ဆိုတဲ့ တိုင်းရင်းသား အရပ်သား သပိတ် အလွှာအသီးသီးက ခေါင်းဆောင်တွေ အစုအဖွဲ့တာဝန်ခံတွေနဲ့ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ အမျိူးသားအတိုင်ပင်ခံကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲ အောက်တိုဘာ ၅ မှာ ကျင်းပမယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။ ခု သတင်းရေးနေချိန်မှာ အချိန်ရွှေ့ဆိုင်းမယ်လို့ ဆိုပါတယ်။ လက်ရှိကြားကာလမှာ NUG CRPH PDF CDM နဲ့ သပိတ်တွေရဲ့ အခမ်းကဏ္ဍက ရှေ့ရောက်နေပြီးတော့ NUCC ကတော့ ဖယ်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ကြားသိရပါတယ်။ 

နွေဦးတော်လှန်ရေးမှာ ပထမအစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်အလွန်ကို တွေးမျှော်ကြပြီး၊ နောက်ဆက်တွဲ NLD အလွန်ဆိုပြီးလည်း ဆွေးနွေးကြသူတွေ ရှိပါတယ်။ တော်လှန်ရေးတိုက်ပွဲတွေ ဆက်နေတဲ့ချိန်မှာ အချို့တွေက CRPH နဲ့ NUG အလွန်ကိုလည်း တွေးကြတယ်လို့ ဆိုပါတယ်။ အခုလို အရေးပေါ်ကာလကြေညာချက်ထွက်ပြီး ပဋိပက္ခနဲ့ အကြပ်အတည်းပြင်းထန်နေချိန်မှာ NUCC ရဲ့ ထူးထူးခြားခြား ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေ ဖယ်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တင်ပြဆွေးနွေးမှုတွေ ကြားရမယ်လို့ ထင်မိပါတယ်။ အခြား သည်ထက်အရေးပေါ်နေတဲ့ အရေးတွေလည်း ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်တွေ သဘောထားတွေ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့လည်း အကဲခတ်တွေ ဆွေးနွေးရေးသားမှုတွေကလည်း အခုတလော လှိုင်းထလို့နေပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင်က တိုင်ရင်းသားတွေ ပြည်သူတွေ အားလုံးကြားထဲ သွေးခွဲမှုတွေ သွေးကွဲစေအောင် စစ်ကောင်စီပြုလုပ်နေမှုတွေကို သတိပေးပြောဆိုကြောင်း၊ ကန့်ကွက်ကြောင်း စာထုတ်ပြန်လိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက NCA မူဘောင်ကို ကိုင်စွဲဆဲဖြစ်ကြောင်း အချို့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုနေချိန်၊ စစ်ကောင်စီကလည်း အပစ်အခတ်ရပ်ဆဲမှု တဖက်သတ်အကြိမ်ကြိမ် သက်တမ်းတိုးနေချိန်၊ မြေပြန့်နဲ အချိူ့ပြည်နယ်တွေမှာ ပြောက်ကျားစစ် တိုးမြှင့်လာချိန်၊ စစ်ရေးအတွက် အရေးကြီးနေချိန်မို့ သည်လိုစာထုတ်တယ်လို့ ယူဆစရာ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရားခွင်မှာ သူ့အပေါ်စွဲဆိုချက်တွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘူး၊ အခြေအမြစ်မရှိဘူးလို့ All Absurd လို့ ပြောကြောင်း သတင်းတွေမှာ ပါလာပါတယ်။ စစ်ကောင်စီ၏ လုပ်ကြံအမှုဆင်မှုများအပြင် ဖမ်းဆီးခံ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်က ဒေါ်စုကို လာဘ်ပေးခဲ့ကြောင်း သက်သေထွက်မှုတွေအပေါ် တုန့်ပြန်တဲ့ တိုတိုရှင်းရှင်း စကားလုံးအဖြစ် မြန်မာပြည်သူတွေ ကြားမှာ ထင်ရှားသွားတာကိုလည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ 

အချို့သော နိုင်ငံရေးအကဲခတ်တွေ လေ့လာသူတွေကတော့ မြန်မာပြည်နဲ့ပတ်သက်ပြီး အကောင်းမြင်တာထက် အဆိုးမြင်ကြတာ ပိုကဲလာပါတယ်။ စစ်ကောင်စီကိုယ်တိုင်ကလည်း တိုင်းပြည်ကို မအုပ်ချုပ်နိုင်၊ NUG ဘက်ကလည်း စစ်ရေးမှာ တစုတစည်းတည်း တဟုန်ထိုး ပြတ်သားတဲ့ ထိုးစစ်မဆင်နွှဲနိုင်၊ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း သူတို့ခြေကုပ်ဒေသတွေအတွက် ရပ်ခံပြီး စဉ်းစားနေကြတာမို့ တိုင်းသူပြည်သားတွေအတွက် အကြပ်အတည်းတွေ အဆုံးအရှုံးတွေ ပိုများသည်ထက် များလာမယ်လို့ တွေးကြပုံရပါတယ်။ အနိုင်အရှုံး ပြတ်ပြတ်သားသား ပေါ်ထွန်းမယ်ဆိုတာက ခုချိန်မှာ စိတ်ကူးယဉ်နေတာပဲ လို့ ဆိုကြပါတယ်။ အခု ကြားကာလကနေ အသွင်ကူးပြောင်းရေးကို သွားဖို့ နေနေသာသာ အပျက်တွေကြားထဲမှာ ဘယ်လိုလုပ် ဆက်ရပ်တည်ဖြတ်သန်းကြမလဲ အဖြေရှာကြမလဲဆိုတဲ့ ချွေစစ် ကြာရှည်မယ့်ကာလလို့ တွက်ကြပါတယ်။ ကမ္ဘာနိုင်ငံရေးအခင်းအကျင်းမှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အစွန်းရောက်အုပ်စုကြီးများ အားပြိုင်နေတဲ့ကာလ၊ ဆုတ်ကပ်ကြီးထဲမှာ အနိုင်အရှုံးဆိုတာထက် အထိအခိုက်အနည်းဆုံး ကြားအဖြေကိုသာ ရှာနေကြတဲ့အခင်းအကျင်းဖြစ်နေတာမို့ - Utopia လောကနိဗ္ဗာန်ဆိုတာကို မျော်လင့်တာထက်  Dystopia ဆိုတဲ့ လူ့ငရဲဆိုတာထဲ ရင်ဆိုင်ဖြတ်သန်းခြင်းဆိုတာမျိုး ဖြစ်နေတယ်လို့ အချို့က မှတ်ချက်ပေးပါတယ်။ ခုလက်ရှိအချိန်မှာ မြန်မာပြည်သူတွေကိုယ်တိုင်က အသေခံပြီး ကိုဗစ်ကို ဖြတ်နေကြတယ်၊ အသေခံပြီး စစ်ဘီလူးတွေကို ခုခံနေကြတယ်။ နောက်ဆုတ်ဖို့ မရှိဘူး၊ ရှေ့ဆက်တိုးဖို့သာ ရှိတယ်ဆိုတာကလည်း လက်ရှိ မြေပြင်အနေအထား ဖြစ်နေတယ် မဟုတ်ပါလား။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar