မိုးမခအမှတ်တရရုပ်ပုံလွှာများ - စံညိမ်းဦး '' ကဗျာဆရာ အောင်ချိမ့်ကို ကျနော် ဘယ်လိုသိခဲ့တာလဲ ''
မိုးမခအမှတ်တရရုပ်ပုံလွှာများ
အောက်တိုဘာ ၆၊ ၂၀၂၁
'' ကဗျာဆရာ အောင်ချိမ့်ကို
ကျနော် ဘယ်လိုသိခဲ့တာလဲ ''
စံညိမ်းဦး
၁။
ရခဲစွ လူ့ဘဝဆိုရင်၊ ရတဲ့ဘဝမှာ ရခဲစွဆုံဆည်းရခြင်းအဖြစ် တခုခုကိုပြောပါဆိုရင် ဆရာဦးအောင်ချိမ့်နဲ့ ဦးအောင်ချိမ့်ကဗျာများထိုးစိုက်မှုကိုလည်း ပြောဖို့ရှိပါတယ်။
၂။
၁၉၉၅ နိုဝင်ဘာ၊ပိတောက်ပွင့်သစ်မှာ 'ည နေခင်းပစ်ချက်'ကဗျာ စတင်ဖော်ပြခံရတယ်။ မန္တလေးတက္ကသိုလ်၊ ဗောဓိကုန်းဘက်က ထိုင်နေကျ 'ရွက်နု'ကဖေးဆိုင်ဆီရန်ကုန်က ပြန်လာတဲ့ကဗျာဆရာ မောင်တင်သစ်ရောက်လာတယ်။ ဦးအောင်ချိမ့်က 'စံညိမ်းဦး' ဆိုတာဘယ်သူလဲ၊ လူကြီးပိုင်းထဲကလား၊ ကဗျာလေးကောင်းကြောင်း၊ နှစ်သက်ကြောင်း ပါးလိုက်တဲ့စကားကြုံမှာ ကျနော် ရင်ချီခဲ့မိသလို၊ ဘဝင်လေဟပ်ရသလို၊ ကျေနပ်ခဲ့ဖူးတယ်။
တကယ်တော့ ပျဉ်းမနား၊ ကျည်တောင်ကန်သား ကဗျာဆရာ အစ်ကိုမောင်တင်သစ်ကပဲ ကျနော် တက္ကသိုလ်တက်ရင်းလုပ်ဖြစ်တဲ့ တကိုယ်တော် ကျောက်ပုံနှိပ်စာအုပ်လေးကိုကြည့်ပြီး ဒီလိုကဗျာလေးတွေ ကိုမိုးကြီး (ကိုမိုးကျော်အောင်)ကြိုက်တတ်တယ်၊ ပို့ပါလား ဆိုတာနဲ့ ပို့ဖြစ်တာပါ။ ကိုကြည်စိုး(ဝေးခေါင်) ရဲ့'ဇွန်ပန်းရုံနံဘေးကမျက်လုံး' ကဗျာကို ဆရာမောင်အောင်ပွင့်က စာကြုံပါးပြီး အလေးအနက်နှစ်သက်ကြောင်းပြောခဲ့တာလည်း သတိရမိတယ်။
ထိုကာလ ရှေ့က ကဗျာဆရာကြီးများ၊ လူ ကြီးသူမများရဲ့ ချစ်စဖွယ် အလေ့လို့ပင်ဆိုရမည်လားမသိပါ၊ လူငယ်အသစ်များအပေါ် ပေါ့ပေါ့တန်တန်မထားဘဲ အလေးတယူပြုတတ်မှုဟာ အတုယူစရာဖြစ်ရပါတယ်။ နွေးထွေးအားတက်စဖွယ်ဖြစ်ရပါတယ်။
ဒီလိုနဲ့ဖြင့် ကျနော့်အဖို့ ပိတောက်ပွင့်သစ်၊ ဆရာမောင်စိမ်းနီ၊ ကိုမိုးကျော်အောင်၊ မောင်တင်သစ်၊ ဆရာအောင်ချိမ့် ..ဆိုတဲ့နာမည်တွေဟာ ပထမဆုံး ကဗျာဖော်ပြခံရမှုနဲ့ ဆက်နွယ်နေခဲ့ပါတယ်။
၃။
၁၉၈၈ ထဲအစောပိုင်း ၈၈ အရေးတော်ပုံ မတိုင်ခင် 'ဂျွန်လ' ထဲလား၊ မသဲကွဲပေမယ့် အဖေက 'အထက်တန်းကျတဲ့ရေနဲ့နွေဦး'၊ အောင်ချိမ့် စီစဉ်သည်ဆိုတဲ့ ကဗျာမဂ္ဂဇင်းဝယ်လာပါတယ်။ အဖုံးက ဆရာ မောင်ဒီရဲ့'ဂီတ' ဟာ ဆွတ်ပျံစရာဖြစ်ပါတယ်။ ညောင်ကိုင်း၊ ညောင်သီး၊ ညောင်ရွက်လေးတွေ၊ စပေ့တွေက လေညင်းကလေးတိုး ဝှေ့ပြီး သစ်ရွက်တွေကို ဆည်းလည်းထိုးသလို မြည်နေစေပြီး ခံစားရစေ၊ ကြားယောင်စေတယ်။ ချစ်ရတဲ့ ဆရာမောင်ဒီနဲ့ သူ့ရိုးဂုဏ်အတိနဲ့ အနုပညာအဖြစ် ခံစားရပါတယ်။ မောင်ချောနွယ်ရဲ့အထက်တန်းကျတဲ့ရေက ဖတ်ပါများတော့ အလွတ်ပင်ရခဲ့ပါတယ်။
အောင်ချိမ့်ဆိုတာကို ပိုမိုသိလာရတာကသူငယ်ချင်းကျောက်တိုင် (ခင်ဇော်မြင့်)ရဲ့အစ်ကို ကိုနေဝင်း (ထက်တည်မြင့်)ရဲ့ လက်ရေးနဲ့ကူးထားတဲ့ အောင်ချိမ့်ကဗျာတွေ၊ မဂ္ဂဇင်းထဲကကော်ပီယာကူးထားတဲ့အောင်ချိမ့်ကဗျာတွေကို ဖတ်ရာကဖြစ်ပါတယ်။ အိုညနေ၊ လူပေါ် ကြော့တွေခံစားတဲ့အနုပညာ၊ ၁၉၈၆၊ လေ လွင့်ငှက်ရဲ့ခြေရာ၊ ၃၅ ကြိမ်မြောက်မှော်ဆရာ၊ စသဖြင့်ကနေ အောင်ချိမ့်စီးရီး တူးဆွဖြစ်ခဲ့ပါတယ်။
မောင်လေးအောင်၊ ဖော်ဝေး၊ သုခမိန်လှိုင်၊ မောင်ချောနွယ်၊ အောင်ချိမ့်ဟာ ကျနော့်ကဗျာရေးသူဘဝအဖို့ ဖတ်စာအုပ်များဖြစ်ခဲ့ပါတယ်။ သူတို့ကို ကျက်ရင်း သူတို့နဲ့မတူအောင် မြစ် ၅ စင်း၊ တောင် ၅ လုံးကိုရှောင်ပြီးလျှောက်ဖို့ ကျနော်နဲ့ ခင်ဇော်မြင့် ပြောဖြစ်ကြ၊ အားထုတ်ဖြစ်ကြပါတယ်။ ခင်ဇော်မြင့်ကတော့ မောင်လေးအောင် ကဗျာနဲ့ပတ်သက်တဲ့ ခံစားမှုက နည်းမယ်ထင်ပါတယ်။
မြစ်တွေက ကျယ်လွန်းတော့၊ တောင်တွေကမြင့်လွန်းတော့ သူတို့အရိပ်တွေ၊ သူတို့အငွေ့အသက်တွေက ကိုယ်မှာ စွဲပါတယ်။ ကျနော်တို့ကိုယ် ကျနော်တို့ရရှိဖို့ အင်မတန် ခက်ခဲပင်ပန်းပါတယ်။ သူတို့ကို အာရုံထဲက စွန့်ခွာပြီးလမ်းလျှောက်တတ်ဖို့ စွန့်စားရတယ်ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။
တူမငယ် အင်ကြင်းဟေမာန်
၄။
ခေတ်ပေါ်ကဗျာကို မောင်လေးအောင်ဆီကရခဲ့တာဆိုတဲ့ ဆရာမောင်ချောနွယ် စကားကို ကျနော်အလေးအနက်ထားပါတယ်။ မော်ဒန်အစ ဖော်ဝေးက ဆိုတဲ့ ဆရာသခွပ်နီစကားကို ကျနော် ခြွင်းချက်မရှိ လက်ခံပါတယ်။
အရေးကြီးတဲ့ ဒဂုန်တာရာနဲ့ တာရာမဂ္ဂဇင်းနဲ့ ကဗျာဗေဒများနဲ့ စာပေသစ်။ အရေးကြီးတဲ့ မင်းလတ်ရဲခေါင် စာတမ်း။ အရေးကြီးတဲ့မောင်လေးအောင်ရဲ့ ဒီဇင်ဘာ ၁၀ တမ်းချင်းနဲ့ နစ်ကဆင်နဲ့စစ်တုရင်ထိုးခြင်း၊ အရေးကြီးတဲ့ မောင်သိင်္ဂါရဲ့ ငါ့ပြည်သူနဲ့မလင်း ပြာ၊ အရေးကြီးတဲ့ ကြည်အောင်ရဲ့ အသားမည်း သောခရစ်တော်၊ အရေး ကြီးတဲ့ မင်းသုဝဏ်ရဲ့ရွာလိုရွာလော့မိုးနတ်သား၊ အရေးကြီးတဲ့ ဒေါက်တာမောင်ဖြူးရဲ့ အရီးကြီးနဲ့ဇီးသီး၊ အရေး ကြီးတဲ့ သိတ္တဒ္ဓလှိုင်ရဲ့ဂျွန်လရဲ့မိုး ရေစက်များ၊ အရေးကြီးတဲ့ တော်လှန်ကဗျာနဲ့ မောင်ချောနွယ်ရဲ့ကြွေတာကို ကပွင့်ခြင်း၊ အရေးကြီးတဲ့ နံနက်ခင်းချောက်ကမ်းပါး၊ အရေးကြီးတဲ့ ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်ရဲ့သစ်ရွက်သေများပေါ်က ရက်စက်သောဂီတ၊ အရေးကြီးတဲ့ မိုးဝေကဗျာများ၊ အရေးကြီးတဲ့ နိုင်ငံတကာဝါဒ၊ ယင်အန်မိန့်ခွန်းနဲ့ ဒုတိယကမ္ဘာစစ်နဲ့ မော်ဒန်အနုပညာနဲ့အာရှခံစားမှု၊ အရေးကြီးတဲ့ဂျိန်းဖောင်ဒါ၊ ဘီတဲလ်များ၊ ဗီယက်နမ်စစ်။ အရေးကြီးတဲ့ ဖန်လ်မီးအိမ်၊ အရေးကြီးတဲ့ ထင်းရှူးပင်ရိပ်၊ အရေးကြီးတဲ့ မြဇင်၊ မောင်သစ်တည်။ အရေးကြီးတဲ့ဒေါင်းနွယ်ဆွေရဲ့တီထွင်မှုများ၊ အရေးကြီးတဲ့ ပဲခူးရိုးမဗဟိုမှအရှေ့မြောက်ဒေသ ၊ အရေးကြီးတဲ့ ရကသ( ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ)၊ အရေးကြီးတဲ့ ၆၂ နဲ့ ၇၀ ခုနှစ်များ၊ အရေးကြီးတဲ့ စတီရီယိုဂီတနဲ့ မော်ဒန်ပန်းချီ၊ အရေးကြီးတဲ့ ဥရောပမော်ဒန်ကဗျာ၊ အရေးကြီး တဲ့ သပြေညိုဝပ်ရှော့ခ်နဲ့မန္တလေး စာတမ်းများ ...စသဖြင့် စသဖြင့် ထိုသို့ဖြင့် အရေးကြီးတဲ့ အရေးကြီးသောများစွာဟာ ရှိခဲ့ပါတယ်။
ထို့နောက်
အရေးကြီးတဲ့
ချစ်ရ၊လေးနက်ရသော
ကဗျာဆရာ အောင်ချိမ့်ကိုပါ ကျနော်တို့ရရှိခဲ့တယ်။ ကျနော်ရရှိခဲ့ပါတယ်။
ဆက်ရန်-
စံ ညိမ်း ဦး
၄၁၀၂၁
ပုံ ခရက်ဒစ်
၁။ ဆရာဇော်မောင်
၂။ တူမငယ် အင်ကြင်းဟေမာန်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar