မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၃ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၁၄၊ ၂၀၂၁
• ချင်းပြည်နယ် စစ်ဆင်ရေး၊ အာဆီယံ အကြပ်အတည်း
ခုသီတင်းပတ်ရက်ပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေ ကလေးကတဆင့် ချင်းပြည်နယ်ရဲ့ ဖလမ်း၊ ဟားခါးဘက်ဆီကို စစ်ကား၊ သံချပ်ကာကားတွေ ရာချီနီးပါး ဦးတည်သွားနေတာ ရက်အနည်းငယ်ကတည်းက ဖြစ်ပါတယ်။ ကလေးကနေ သိုင်းငင်း၊ သိုင်းငင်းကနေ ဖလမ်းဘက်ဆီ ဦးတည်သွားရာက ဒီနေ့မှာတော့ ဖလမ်းကို ကျော်လွန်ပြီး ဟားခါးဘက်ဆီ ဦးတည်သွားနေပြီဖြစ်ပါတယ်။
ဟားခါးက ချင်းပြည်နယ်ရဲ့မြို့တော်ကို ကျော်လွန်ပြီးနောက်မှာတော့ တလောက မြို့နေအိမ်တွေ မီးရှို့ခံရ မီးငြိမ်းသတ်ဖို့ကြိုးစားတဲ့ သင်းအုပ်ဆရာ ပစ်သတ်ခံရတဲ့၊ မြို့နေလူထုစွန့်ခွာသွားကြတဲ့ ထန်တလန်မြို့ရှိပါတယ်။ ထန်တလန်မြို့နယ်ထဲမှာ CNF လို့ခေါ်တဲ့ ချင်းအမျိုးသားတပ်ဦး ရဲ့ အခြေစိုက်စခန်းရှိတာ ဖြစ်ပါတယ်။
CNF ဟာ ဆယ်စုနှစ်နဲ့ချီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သလို အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှု ပြီးနောက်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ CNF ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဇာခေါင်း ပါဝင်ခဲ့သလို ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့ကြတဲ့အခါ လက်နက်ကိုင်စစ်သင်တန်းတက်ချင်သူ ထောင်ဂဏန်းချီသူတွေကို လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာ ချင်းပြည်နယ်မှာ ဒေသအလိုက် ဖွဲ့စည်းခဲ့ကြတဲ့ CDF လို့ခေါ်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ မင်းတပ်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်စသဖြင့် ရှိနေပြီးဖြစ်သလို မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ စစ်ကောင်စီတပ်တွေကိုခုခံတိုက်ခိုက်မှုဟာ အတော်လေးအားကောင်းခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဟာ သယံဇာတ ကြွယ်ဝချင်းမရှိသလို၊ စီးပွားရေးအရလည်း အရေးပါတဲ့ပြည်နယ်တခုတော့ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ကလေးမြို့ကနေ ချင်းပြည်နယ်ထဲ ဖြတ်သန်းသွားပြီး တမူးနယ်စပ်မြို့ကနေ အိန္ဒိယနိုင်ငံ မိုရေးမြို့ထိပေါက်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းသာရှိပြီး ကျန်ဒေသတွေအနေနဲ့ ဝင်ငွေကောင်းတဲ့ သယံဇာတ၊ ကုန်သွယ်မှု ကြီးကြီးမားမားမရှိတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းရှိပေမယ့်လည်း ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ပွဲ မရှိသလောက်ဖြစ်တာမို့ စစ်တပ်တွေ တပ်ရင်းတွေ အင်အားများများစားစားချထားတဲ့ ဒေသလည်း မဟုတ်ပါဘူး။ ချင်းပြည်နယ်က တိုင်းရင်းသားတွေလည်း အစိုးရစစ်တပ်ထဲမှာ တပ်သားကနေ ဗိုလ်အဆင့်တွေအထိ ရှိကြတာပါ။ ခရစ်ယာန်ဘာသာဝင်တွေဖြစ်လို့ စစ်တပ်မှာ ထိပ်ဆုံးရာထူးတွေအထိတော့ တိုးမြှင့်နေရာပေးတာ မတွေ့ရပေမယ့် ချင်ပြည်နယ်ဟာ စစ်တပ်ရဲ့ လူအင်အားစုဆောင်းရာမှာ အရေးပါတဲ့ဒေသတခု ဖြစ်ခဲ့တာပါ။
တနေ့က စီဒီအမ်လုပ်သွားခဲ့တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ဒုတိုင်းမှူးဖြစ်သူရဲ့ ရုံးကိစ္စတွေ လုပ်ဆောင်ပေးရသူ တပ်ကြပ်ကြီးနဲ့ ယာဥ်မောင်းဖြစ်သူဟာ ချင်းလူမျိုးဖြစ်ပါတယ်။ အခုလို စစ်အာဏာသိမ်းအပြီး တိုင်းရင်းသားဒေသတွေရော ပြည်မလို့ခေါ်တဲ့ တိုင်းဒေသကြီးတွေက သူတွေထဲက စီဒီအမ်လုပ်ကြရာမှာ ချင်းလူမျိုးတွေပါဝင်လာတာ ဖြစ်ပါတယ်။ ခုအချိန်ဟာ လူမျိုးစုများရဲ့ အမျိုးသားရေးဝါဒကို သစ္စာခံဖို့ အမြင်တွေ အတွေးတွေ ထွက်ပေါ်လာတာမျိုးလို့လည်း ယူဆနိုင်ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြို့တွေကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် ကြိုးစားနေတာ လအတန်ကြာရှိနေပါပြီ။ မြို့တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေစဥ်မှာပဲ ကျေးလက်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့မန္တလေးတိုင်းတို့ရဲ့ ဒေသအချို့မှာ ကျေးရွာတွေအလိုက် ခုခံပုန်ကန်ကြတာတွေလည်း လက်နက်နဲ့ အကြောက်တရားရအောင်ရက်စက်စွာ ပစ်သတ်၊ အိမ်တွေမီးရှို့ ၊ ဖြတ်လေးဖြတ်လုပ်တဲ့နည်း စတဲ့နည်းမျိုးစုံနဲ့ ကြိုးစားနေရပြီး ချင်းပြည်နယ် ကယားပြည်နယ်တို့လို ပြည်နယ်တွေက ကိုယ့်ဒေသကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနေကြတာ လည်းဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာ အတွင်းပထမဆုံးဖြစ်ပွားလာတဲ့ ချင်းပြည်နယ်ရဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေက ပြည်နယ်ရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲ စေနိုင်မလဲဆိုတာတော့ လောလောဆယ်မှာ မှန်းဆဖို့ခက်နေသေးပေမယ့် အရင်လို အခြေအနေမျိုး ပြန်မရောက်နိုင်တော့တာ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ လက်နက်ကိုင် ခုခံမှုကနေ အနာဂတ်နိုင်ငံရေးရည်မှန်းချက်တွေကို ပါဆွေးနွေးချမှတ်လာကြမှာ အသေအချာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်က အာဆီယံကိုယ်စားလှယ်ရဲ့ ခရီးစဥ်က လောလောဆယ် ဖျက်သိမ်းလိုက်တယ်ဆိုတာ သေချာသလောက်ရှိသွားပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ နကိုက အင်္ဂါနေ့မှာ မြန်မာနိုင်ငံကိုရောက်ရှိဖို့ မှန်းဆထားကြပြီး နိုင်ငံရေးပါတီတွေနဲ့ လည်းတွေ့ဆုံဖို့ ချိန်းဆိုထားတာတွေပါ ဖျက်သိမ်းခဲ့ပြီလို့ နိုင်ငံရေးပါတီတချို့က ပြောဆိုသလို စစ်ကောင်စီဘက်ကလည်း အာဆီယံကိုယ်စားလှယ်ခရီးစဥ် ပျက်သွားကြောင်း အတည်ပြုထားပါပြီ။
ဧပြီလတုန်းက စစ်ကောင်စီ ခေါင်းဆောင် ဖြစ်သူ ဂျာကာတာမှာ သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖေါ်ဖို့ အလှမ်းဝေးသွားပြီလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီလို အာဆီယံကိုယ်စားလှယ် မလာရောက်နိုင်ခြင်းဟာ သံတမန်ရေးအရ ကြိုးစားမှုလမ်းစတွေ တဖြည်းဖြည်းပိတ်လာစေတဲ့သဘောဖြစ်ပြီး အာဆီယံကြိုးပမ်းမှုကို ထောက်ခံအားပေးထားတဲ့ နိုင်ငံတကာက အင်အားကြီးနိုင်ငံတွေ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာ့အရေး အနာဂတ်အလားအလာတွေကို စိတ်ပျက်အားလျော့စေမှာ ဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ လောလောဆယ်မှာ ပြည်တွင်းက လက်နက်ကိုင် အင်အားစုတွေ၊ မြို့ပေါ်က ပျောက်ကျားတွေကို အသာစီးရအောင် ကြိုးစားနေချိန်မှာ နိုင်ငံတကာ သံတမန်ရေးမျက်နှာစာကို အရေးမထားဘူးလို့ ယူဆစရာရှိပါတယ်။ လောလောဆယ်မှာ ပြည်တွင်းမှာ စစ်ရေးအရ၊ အင်အားအရ အသာစီးရပြီး အုပ်ချုပ်နိုင်ဖို့ကိုသာ ကြိုးစားနေပြီး နိုင်ငံတကာသံတမန်ရေး ထောက်ခံမှုရအောင် ကြိုးစားမှုတွေကို အရေးတကြီး မထားတော့တဲ့ သဘောလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar