Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၁)


မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၁)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၁

• တရုတ်ရင်းနှီးမြှုပ်နှံမှုများပြဿနာ 
လက်ရှိကာလတွင် မြန်မာပြည်၌ တရုတ်တို့လည်ပတ်နေသည့် ကြီးမားသည့်ရင်းနှီး မြှုပ်နှံမှု ၃ ခုရှိသည်ကိုတွေ့ရသည်။ လက်ပတောင်းတောင်ကြေးနီစီမံကိန်း၊ တကောင်းနီကယ်ထုတ်လုပ်မှုနှင့် ကျောက်ဖြူ သဘာဓါတ်ငွေ့နှင့်ရေနံပို့ဆောင်မှုလုပ်ငန်းဖြစ်သည်။ 

လောလောဆယ် မြန်မာအစိုးရနှင့်သဘောတူပြီး လုပ်ငန်းစရန်ပြင်ပြင်ဆင်နေသည့်လုပ်ငန်းများမှာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွါးရေးဇုံနှင့် ရေနက်ဆိပ်ကမ်း၊ ဧရာဝတီတိုင်းရှိ မီးလင်ချိုင်စီမံကိန်းတို့ဖြစ်သည်။ အကောင်အထည်ဖေါ်ရန် ဆွေးနွေးနေသည်မှာ ကျောက်ဖြူ ရွှေလီရထားလမ်းဖြစ်သည်။ အကောင်အထည်ဖေါ်ရန် သဘောတူညီမှုရပြီးမှ ရပ်ဆိုင်းနေသည်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။ 

လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှုပ်နှံမှု ၃ ခုလုံးမှာ မြန်မာပြည်ရှိ သယံဇာတများကို ထုတ်ယူခြင်းဖြစ်သည်။ လက်ပတောင်းမှ ကြေးနီ၊ တကောင်းမှ နီကယ်နှင့် ကျောက်ဖြူမှ သဘာဝဓါတ်ငွေ့တို့ဖြစ်သည်။ သယံဇာတထုတ်ယူမှုမှာ ကာလအကန့်အသတ်ရှိသည်။

ယခု ၁၀ နှစ်ဝန်းကျင်ခန့် ထုတ်ယူသုံးစွဲပြီးဖြစ်ရာ နောက်ထပ်နှစ်ပေါင်းမည်မျှ ထုတ်ယူသုံးစွဲနိုင်မည်ကိုတော့ မသိရသေးပါ။ ထုတ်ယူနိုင်သည့်ပမာဏ ကုန်ဆုံးသွားလျင်တော့ ရပ်ဆိုင်းသွားပေလိမ့်မည်။ သယံဇာတ ထုတ်ယူမှုထက်ရေရှည်ခံနိုင်မည်က ကျောက်ဖြူသဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့်အတူယှဉ်တွဲ၍ တရုတ်တို့ရယူဖေါက်လုပ်ထားသော ရေနံပိုက်လိုင်းဖြစ်သည်။ ရေနံကတော့ မြန်မာပြည်ကထွက်သည့် သယံဇာတမဟုတ်။ အရှေ့အလယ်ပိုင်းမှ ထွက်ရှိသောရေနံများကို ကျောက်ဖြူဆိပ်ကမ်းမှတဆင့် တင်သွင်းခွင့်ပြုပြီး တရုတ်ပြည်တောင်ပိုင်းနှင့် အနောက်ပိုင်းသို့ ပို့လွှတ်ခြင်းဖြစ်သည်။ တရုတ်တို့အတွက် ကုန်ကျစားရိတ်သက်သာစွာဖြင့် ရေနံတင်သွင်းနိုင်ခြင်းဖြစ်ပြီး မြန်မာတို့ကတော့ နယ်မြေဖြတ်သန်းခ ရယူခြင်းဖြစ်သည်။ 

နောက်ထပ် ကျောက်ဖြူ အထူးစီးပွါးရေးဇုံနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ - ရွှေလီရထားလမ်းဖေါက်လုပ်ခြင်း၊ မီးလင်းချိုင် LNG စီမံကိန်းတို့ကတော့ တရုတ်တို့၏ ပိုးလမ်းမစီမံကိန်း၏ အစ်ိတ်အပိုင်းများဖြစ်သည်။ ရေရှည်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် စီးပွါးရေးလုပ်ငန်းများဖြစ်သည်။ သဘောတူညီချက်၊ ခွင့်ပြုချက်များရယူပြီးသော်လည်း အကောင်အထည်ဖေါ်နိုင်ခြင်းမရှိသေးပါ။ မြစ်ဆုံစီမံကိန်းကတော့ မြန်မာဖက်က ရပ်ဆိုင်းထားသည်။ သို့သော် ဖျက်သိမ်းသည့်အဆင့် မရောက်သေးပါ။ ၂၀၂၁ အတွင်း တရုတ်ပြည်မြောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ လျှပ်စစ်လိုအပ်ချက်မြင့်မားမှုသတင်းများထွက်ပေါ်လာပြန်ရာ မြစ်ဆုံစီမံကိန်းသည် တပတ်ပြန်လည်လာနိုင်သည့်အခြေအနေတွင် ရှိနေသည်။ ထို့ပြင် အစိုးရကုမ္ပဏီကြီးများမဟုတ်သည့် တရုတ်ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ရန်ကုန်၊ မန္တလေး စက်မှုဇုံများ၊
ဆောက်လုပ်ရေးလုပ်ငန်းဂွင်များတွင် တွေ့ရသည်။ 

ယေဘုယျအားဖြင့် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မာပြည်ကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံများအနေနှင့် လိုလိုလားလားဖိတ်ခေါ်ရမည်သာဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံမှုများမှ တိုင်းပြည်အတွက်ရမည့်အကျိုးအမြတ်များကို ရယူနိုင်ဖို့သာ အရေးကြီးသည်။ ပထမဦးစွာ တိုင်းပြည်အတွက်ရမည့် ဘဏ္ဏာရေးအကျိုးအမြတ်ဖြစ်သည်။ ဒုတိယအနေနှင့် ထိုလုပ်ငန်းများလုပ်ဆောင်ရာတိုင်းတွင် တွေ့ရသည့် ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်၍ လျော်ကြေးပေးချေမှုပြဿနာဖြစ်သည်။ တတိယအနေနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုပြဿနာဖြစ်သည်။ စတုတ္ထအနေနှင့် မြန်မာပြည်ရှိ ပြည်သူများ အလုပ်အကိုင်နှင့်နည်းပညာရရှိမှု ပြဿနာဖြစ်သည်။ ပဉ္စမအ‌နေနှင့် မြန်မာ့မြေပေါ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မာအချုပ်အာဏာပိုင် ထိမ်းချုပ်နိုင်မှုဖြစ်သည်။ 

ဤအချက်များနှင့်ပတ်သက်၍ မြန်မာပြည်အာဏာပိုင်များက တိုင်းပြည်အတွက် မည်မျှအကျိုးရှိအောင်လုပ်နိုင်သလဲဆိုသည်က အရေးကြီးသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသည်မှာ တရုတ်ကုမ္ပဏီများ နိုင်ငံတကာသို့ ထိုးဖေါက်လာသည်မှာ မကြာလှသေးရာ နိုင်ငံတကာစံနှုံးများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု အားနည်းသည်။ 

ထို့ပြင် တရုတ်ကုမ္ပဏီများ၊ တရုတ်တာဝန်ရှိသူများဖက် ရပ်ခံလေ့ရှိသည်မှာ ၎င်းတို့အနေနှင့် မြန်မာအစိုးရနှင့် သဘောတူညီချက်ရယူပြီးမှ ဆောင်ရွက်သည်ဖြစ်ရာ သဘောတူဆုံး ဖြတ်ထားပြီးသည်များနှင့်ပတ်၍ ၎င်းတို့တွင် တာဝန်မရှိဘဲ မြန်မာအစိုးရဖက်တွင်သာ တာဝန်ရှိသည်ဟု ဆိုကြသည်။ သို့ဖြစ်ရာ တရုတ်ရင်းနှီးမြှုပ်နှံများတွင် မြန်မာအစိုးရအာဏာပိုင်များ၏ အားနည်းချက်အပါ ပြဿနာများစွာကို ကြုံတွေ့နေရသည်။ 

ပထမအချက်အနေနှင့် တိုင်းပြည်အတွက်ရရှိမည့် ဘဏ္ဏာရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှုများသော အကျင့်ပျက်ဝန်ထမ်းများကြောင့် တိုင်းပြည်ဘဏ္ဏာထဲသို့ ရောက်သင့်သလောက်မရောက်ဘဲ တဦးချင်းအိတ်ကပ်ထဲသို့ ရောက်ကုန်သည်ဟု စွပ်စွဲမှုများတွေ့ရသည်။ ပွင့်လင်းလွတ်လပ်သော စုံစမ်းစစ်ဆေးမှုများမရှိသည့်အခြေအနေတွင် တိကျသောအချက်အလက်ဖေါ်ပြရန်ခက်ခဲသည်။ သို့သော် အများကတော့ စွပ်စွဲထင်မြင်မှုကြီးသည်။ အဂတိလိုက်စားမှုဆိုသည်က ပေးသူရော ယူသူပါ နှစ်ဖက်လုံးတွင်တာဝန်ရှိသည်။ ဒုတိယအချက်ဖြစ်သည့် ရင်းနှီးမြှုပ်နှံသည့်ဒေသရှိ ပုဂ္ဂလိက မြေယာများ သိမ်းဆည်းခြင်းနှင့်လျော်ကြေးပြဿနာအား တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းတွင် တွေ့ရပြီး အသံအကျယ်လောင်ဆုံး လုထုမကြေနပ်ဆုံးပြသနာဖြစ်သည်။ အဓိကအားဖြင့် သိမ်းဆည်းခံရသည့် လူထုအား အချိန်ပေး၍ သဘောပေါက်အောင် ဆွေးနွေးမှုမရှိခြင်း၊ လျော်ကြေးငွေ လုံ လောက်စွာမရခြင်းနှင့် မြေသိမ်းဆည်းခံလူထုအား လျော်ကြေးငွေပေးခြင်းအပြင် သူတို့၏ ဒါးမဦးချလုပ်ငန်း သိမ်းဆည်းခံရပြီးနောက် သင့်လျော်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖန်တီး‌ပေးမှုမရှိခြင်းတို့ဖြစ်သည်။ ဤပြဿနာနှင့်ပတ်သက်၍ တရုတ်တို့အနေနှင့် တရုတ်ပြည်တွင်း၌ ဖြေရှင်းသည့် အ‌တွေ့အကြုံရှိသော်လည်း မြန်မာအစိုးရတာဝန်အဖြစ်သာ သဘောထားကြသည်။ သို့သော် ဤအချက်ပေါ်မူတည်၍ တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုများအား လူထုက ပြင်းပြင်းထန်ထန်ဆန့်ကျင်သည်ကို တွေ့ရသည်။ 

တတိယအချက်ဖြစ်သည့် သဘာဝပန်ဝန်းကျင်ထိခိုက်မှုနှင့်ပတ်သက်၍ အငြင်းပွါးမှုများသည်။ ယခုအခါ လုပ်ငန်းကြီးအတိုင်းအတွက် သဘာပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုထိခိုက်မှုနှင့်ပတ်သက်သည့် EIA/SIA ထုတ်ပြန်ရန် ကွင်းဆင်းလေ့လာသုံးသပ်မှုများ လုပ်ကိုင်သည့်အလေ့အထရှိလာပြီဖြစ်သော်လည်း အငြင်းပွါးမှုကတော့ရှိနေဆဲဖြစ်သည်။

စတုတ္ထပြသနာဖြစ်သည့် အလုပ်အကိုင်နှင့် နည်းပညာရရှိမှုပြဿနာသည်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းတွင် တွေ့ရသည်။ ယေဘုယျအားဖြင့် လက်ရှိတရုတ်လုပ်ငန်းကြီးတိုင်းတွင်တွေ့ရသည်မှာ တရုတ်ကုမ္ပဏီများသည် စီမံခန့်ခွဲသူ၊ အတတ်ပညာသည်များသာမက အောက်ဆုံးထမင်းချက်အထိ တရုတ်ပြည်မှခေါ်လာလေ့ရှိရာ ဒေသခံများ၊ မြန်မာပြည်မှလူများ အလုပ်အကိုင်မရကြဟု ဆိုကြသည်။ တရုတ်လုပ်ငန်းများတွင် သတ်မှတ်ခန့်ထားရမည့် အရေအတွက်ပြည့်မှီရန် အများဆုံးခန့်ထားသည့် အလုပ်သမားများမှာ လုံခြုံရေးဝန်ထမ်း၊ သန့်ရှင်းရေးနှင့်အောက်ခြေဝန်ထမ်းအများစုဖြစ်သည်။ နောက်ပိုင်း အောက်ခြေအလုပ်ကြပ်အဆင့်ခန့်ထားရန် အချို့အား တရုတ်ပြည်သို့ ခေါ်ယူလေ့ကျင့်သင်တန်းပေးသည်ကို တွေ့ရသည်။ အငယ်တန်းပညာရှင်အချို့ခန့်အပ်မှုပြုသည်ကို တွေ့ရသည်။ သို့သော်လည်း မြန်မာပြည်က မွေးထုတ်ထားသည့်ပညာတတ်များအား အဆင့်မြင့်စီမံခန့်ခွဲမှုနှင့် အတတ်ပညာနေရာများတွင် အလုပ်ခန့်အပ်မှုနည်းပါးသည်။ မြန်မာပြည်ရှိပညာတတ်များအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အလုပ်အကိုင်နေရာရှားပါးရာ တရုတ်ရင်းနှီးမြှုပ်နှံမှုများအား စိတ်မဝင်စားကြ‌ပေ။ အလုပ်အကိုင်ရနိုင်မှုပေါများသော အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ပို၍စိတ်ဝင်စားကြသည်။ သို့ဖြစ်ရာ တရုတ်ရင်းနှီးမြှုပ်နှံလုပ်ငန်းများရှိ အဆင့်မြင့်စီမံခန့်ခွဲမှုနှင့်ပညာရှင်နယ်ပယ်တွင် မြန်မာပြည်သားများ အလုပ်အကိုင်မရခြင်းသည် အလုပ်အကိုင်ပြသနာသက်သက်သာမက အဆင့်မြင့်စီမံခန့်ခွဲမှုနှင့်နည်းပညာရရှိမှုတွင်ပါ ပြဿနာဖြစ်နေပေတော့သည်။ 

ပဉ္စမအချက်အနေနှင့် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မြန်မာ့အချုပ် အခြာအာဏာသက်ရောက်မှုဖြစ်သည်။ ထိုလုပ်ငန်းများပေါ်တွင် မြန်မာတို့၏ ထိမ်းချုပ်နိုင်မှုမရှိဘဲ ကင်းလွတ်နေခြင်းသည် လက်ခံရန်ခက်ခဲသည်။ သိရိလင်္ကာရေနက်ဆိပ်ကမ်းကဲ့သို့ တရုတ်ကုမ္ပဏီထိမ်းချုပ်အောက်တွင်ရောက်ရှိနေခြင်းမျိုးအားလက်ခံရန်ခက်ခဲသည်။ လာအိုရှိ ဧကထောင်ချီသည့် တရုတ်ကုမ္ပဏီကချုပ်ကိုင်လုပ်ကိုင်နေသည့် စီးပွါးရေးလုပ် ငန်းဧရိယာအတွင်း လာအိုရဲက အာဏာမပိုင်ဘဲ တရုတ်တို့၏လုံခြုံရေးဖြင့် အုပ်ချုပ်မှုမျိုး လက်ခံရန်မသင့်ပေ။ မြန်မာပြည်တွင်လည်း လာလတံ့သော ကျောက်ဖြူ အထူးစီးပွါးရေးဇုံ၊ ရေနက်ဆိပ်ကမ်း၊ မီးရထားလမ်းတို့၏ ထိမ်းချုပ်မှုနှင့် ဥပဒေစိုးမိုးမှုတို့နှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များ ထိမ်းချုပ်မှုအောက်တွင်ရှိရန်လိုသည်။ 

တရုတ်ရင်းနှီးမြှုပ်နှံမှုများပတ်သက်၍ စီးပွါးရေးအရ အပြန်အလှန်အကျိုးရှိရန်လိုအပ်သည်။ မြန်မာပြည်တွင်းရှိစီးပွါးရေးလုပ်ငန်းများ မြန်မာတို့၏ ဥပဒေအောက်တွင်ရှိရန်လိုအပ်သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar