ရွှေ့ပြောင်းအလုပ်သမားအရေး၊ ကလေးသူငယ်တွေရဲ့ ပညာရေးပြဿနာ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၃၀ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅
ရွှေ့ပြောင်းအလုပ်သမားအရေး၊ ကလေးသူငယ်တွေရဲ့ ပညာရေးပြဿနာ
မြန်မာနိုင်ငံသား ၃ သန်းကနေ ၅ သန်းလောက်ထိ ရောက်ရှိနေထိုင်နေကြတယ်လို့ ခန့်မှန်းထားကြတဲ့ ထိုင်းနိုင်ငံက မူလတန်းစာသင်ကျောင်း တကျောင်းကို ထိုင်းရဲ၊ လူဝင်မှုကြီးကြပ်ရေးတွေက ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ပြီး စာသင်ပေးနေတဲ့ ဆရာ ၄ ဦးကို ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင်ထဲက ကော့ ဖငန်းကျွန်းမှာ ဖြစ်ပွားခဲ့ပါတယ်။
ခရစ်ယာန် ဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ သင်ယူနေတဲ့စာသင်ကျောင်းကို ဥပဒေအရ မှတ်ပုံတင်ထားတာ မဟုတ်တဲ့အချက်၊ စာသင်ကြားပေးနေတဲ့ ဆရာတွေ အနေနဲ့ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးပြီး စာသင်ကျောင်းကို လောလောဆယ် ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့တဲ့ သတင်းခုရက်ပိုင်းမှာ ဖေါ်ပြထားကြပါတယ်။ ယခု ပိတ်သိမ်းခံရတဲ့ စာသင်ကျောင်းမှာ ကျောင်းသား ၁၉၀ လောက် သင်ယူနေကြတာ ဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။ မြန်မာစာ၊ မြန်မာဘာသာစကား နဲ့ အခြားသော မူလတန်း ပညာတွေကို သင်ကြားပေးနေတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် တရားမဝင် ကျောင်းတည်ထောင်ထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့လည်း အရေးယူခံရမှာ ဖြစ်သလို သင်ကြားပေးတဲ့ ဆရာတွေ အနေနဲ့လည်း တရားမဝင် အလုပ်လုပ်ကိုင်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံကြရမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေ အနေနဲ့ ကျောင်းလခ အဖြစ် တလကို ဘတ် ၃၀၀ ကနေ ၅၀၀ အကြားပေးသွင်းကြရတာ ဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ၄င်းတို့ရဲ့ သားသမီးတွေကို ထိုင်းအစိုးရကျောင်းတွေမှာ အပ်နှံဖို့ ၊ အရေအတွက် ကန့်သတ်ချက်၊ ထိုင်းဘာသာစကား ကျွမ်းကျင်မှု စတဲ့အခက်အခဲတွေ ကြုံတွေ့ကြရတာကြောင့် အခုလို ထိုင်းအစိုးရကျောင်းမဟုတ်ပဲ ကိုယ်ထူကိုယ်ထ မြန်မာကျောင်းတွေ မှာ အပ်နှံကြရတဲ့ အခြေအနေ လည်းဖြစ်ပါတယ်။
သန်းနဲ့ချီ အရေအတွက် ရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံမှာ မိသားစုနဲ့အတူ လာရောက်နေထိုင်ပြီး အောက်ခြေသိမ်း စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် အလုပ်သမား၊ စက်ရုံအလုပ်ရုံ အလုပ်သမား နဲ့ အခြားသော ဝန်ဆောင်မှု လုပ်ငန်းတွေလိုမျိုးမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ၆ လ ၁ နှစ်မဟုတ်ပဲ နှစ်ရှည်လများ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ၄င်းတို့ရဲ့ သားသမီးတွေကိုပါ ခေါ်ဆောင်လာကြရတဲ့ သဘောဖြစ်ပြီး အချို့သော ကလေးသူငယ်တွေက ထိုင်းနိုင်ငံမှာ မိဘတွေ အလုပ်လုပ်နေကြစဥ် မွေးဖွားသူတွေ ဖြစ်ကြပါတယ်။ အခုလို ရွှေ့ပြောင်းလုပ်သား မိသားစုဝင်ကလေးသူငယ်တွေ အတွက် လိုအပ်တဲ့ ပညာရေးလိုအပ်ချက်ကို မြန်မာ အသိုင်းအဝိုင်းက သော်လည်းကောင်း၊ ဘာသာရေး အဖွဲ့အစည်းတချို့က သော်လည်းကောင်း ကမကထလုပ်ပြီး စာသင်ကျောင်းတွေ ထူထောင်ကာ ကလေးတွေ ပညာရေးနဲ့ လုံးလုံး အဆက်ပြတ်သွားတာမျိုး မဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို အပြည့်အဝလိုက်နာပြီး မှတ်ပုံတင်နိုင်ဖို့မှာ ငွေကြေး နဲ့ အခြားသော ဥပဒေဆိုင်ရာလိုအပ်ချက်တွေ ရှိနေကောင်း ရှိနေတာကြောင့် တရားဝင်ကျောင်း အနေအထားကို မလုပ်ဆောင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ အတွက် စာသင်ကျောင်းတရားမဝင် ဖွင့်လှစ်ထားတယ် ဆိုပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာပဲ ကျောင်းသား ရာဂဏန်းကနေ ထောင်ဂဏန်း လောက်ထိ ရှိတဲ့ စာသင်ကျောင်းတွေ ပိတ်ဖို့ တားမြစ်မိန့် ထုတ်ခံခဲ့ရပါသေးတယ်။ အခု ဝင်စီးခံရတဲ့ စာသင်ကျောင်းကလည်း အဆိုပါ တားဆီးမိန့်ထုတ်ခံခဲ့ရတဲ့ အထဲပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တကြိမ် တားမြစ်ခံရစဥ်ကတော့ စာသင်ကြားပေးနေသူ ဆရာတွေ နဲ့ ကျောင်းတာဝန်ခံ ဖွင့်လှစ်သူတွေကို ဖမ်းဆီးအရေးယူတာမျိုး မခံခဲ့ရပေမယ့် အခုတကြိမ်မှာတော့ ဆရာတွေနဲ့ ကျောင်းတာဝန်ခံ ဖွင့်လှစ်သူတွေကို ဖမ်းဆီး အရေးယူတာမျိုး ရှိလာတာ ဖြစ်ပါတယ်။
လက်ရှိကာလမှာ ပြည်တွင်းစစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကာ စီးပွားရေးလည်း ပျက်ယွင်းပြီး အလုပ်အကိုင် အခွင့်အလမ်း အလွန်နည်းပါးနေတဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ် လူလတ်ပိုင်းအရွယ်တွေ အနေနဲ့ ဝင်ငွေရဖို့ မိသားစုကို ကျွေးမွေး နိုင်ဖို့ရာ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမား အဖြစ်နဲ့ တရားဝင်ရော တရားမဝင်နည်းနဲ့ပါ လာရောက် လုပ်ကိုင်နေထိုင်နေကြရတာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီရှိနေတာဟာ အရင့်အရင် ဆယ်စုနှစ်တွေကတည်းကလို့ ဆိုကောင်းဆိုနိုင်ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အရေအတွက်ကိန်းဂဏန်းက သိသာစွာ တိုးမြင့်လာခဲ့တာပါ။ ပြည်တွင်းစစ် ဖြစ်ပွားတာ၊ စစ်ကျယ်ပြန့်လာတာကြောင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ပိုမိုလိုအပ်လာပြီး စစ်ကောင်စီရော အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကပါ အဓမ္မစစ်သားစုဆောင်း လာခြင်းကလည်း ရွှေ့ပြောင်းလုပ်သားအရေအတွက်ကို တိုးဖို့စေ့ဆော်တဲ့ အကြောင်းအချက် ဖြစ်ပါတယ်။
အခုလို အိမ်နီးချင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်လုပ်ကိုင်နေကြရတဲ့ ရွှေ့ပြောင်းလုပ်သား သားသမီးတွေရဲ့ ပညာရေးအတွက် ကောင်းစွာ အားကိုးအားထား ပြုနိုင်တဲ့ ကျောင်းတွေ မရှိကြပါဘူး။ ဥပဒေကြောင်းအရ၊ ငွေကြေးလိုအပ်ချက် အရ အရည်အသွေးမှီတဲ့ ပညာရေးမျိုးမတည်ထောင်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာ အနည်းငယ်မျှသော အရပ်ဘက်ပညာရေး အဖွဲ့အစည်းတချို့သာရှိပြီး လိုအပ်ချက်နဲ့ ဖြည့်ဆည်းနိုင်မှုတို့က အချိုးအစားကြီးကြီးမားမား ကွာဟနေတာလည်း ဖြစ်ပါတယ်။ မိဘတွေ အနေနဲ့ ဝမ်းရေးအတွက်၊ အလုပ်အကိုင်အခွင့်အလမ်း ရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံလိုမျိုးမှာ နှစ်နဲ့ချီ လာရောက်နေထိုင် နေကြရတဲ့ ကာလတွေမှာ ကြီးပြင်းကြရတဲ့ ကလေးသူငယ်တွေ ရဲ့ အနာဂတ်ကို မြန်မာနိုင်ငံက ဘယ်လိုအဖွဲ့အစည်းတွေ အစိုးရတွေက ထည့်သွင်းစဥ်းစားကြမလဲ ဆိုတဲ့ မေးခွန်းလည်း ခေါင်းထဲ ပေါ်ထွက်လာပေမယ့် လောလောဆယ်မှာ အဖြေတော့ ပေါ်ထွက်မလာသေးဘူးလို့ ဆိုရမှာပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar