မျိုးသန့်ထွန်း (စစ်ကိုင်း) — သံမဏိ-ဒေါ်စန်းစန်းနု
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၂
မြန်မာပြည် ဒီမိုကရေစီခေတ်၏ ဦးဆုံးဝန်ကြီးချုပ်ဦးနုရဲ့သမီးကြီးဒေါ်စန်းစန်းနုကို အများက အန်တီစန်းလိုခေါ်ကြပါတယ်။
အန်တီစန်းဟာ နိုင်ငံခေါင်းဆောင်ကြီးရဲ့သမီးဖြစ်သော်လည်း ထင်ပေါ်ကျော်ကြားအောင် နေထိုင်လေ့မရှိ။ မာနကင်း၊ ဟန်ကြီးပန်ကြီးကင်းစွာ နေတတ်ထိုင်တတ်သူ ဖြစ်ပါတယ်။ သူ့ဖခင် နေထိုင်သောအိမ်ကို သူ့အား ပေးခဲ့ရာ ထိုအိမ်အား "ဦးနုပြတိုက်(သို့)ဦးနုနေအိမ်ပြခန်း" အဖြစ် ကိုယ့်အကျိုးစွန့်ကာ အများအကျိုးအတွက် လုပ်ခဲ့ပါတယ်။
ဒါကိုကြည့်ခြင်းဖြင့် ကိုယ့်အကျိုးစွန့်ဝံ့သူတစ်ဦး ဖြစ်ပါပေတယ်။ သူ့အဖေ နေခဲ့တဲ့အိမ်ကို သူ(အန်တီစန်း) မနေထိုင်ဘဲ အများသူငါ ကြည့်ရှုခွင့်ရဖို့ ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်နေ့ ဦးနု၏ အသက် (၁၁၁) နှစ်မြောက်မွေးနေ့မှာ "ဦးနု နေအိမ်ပြခန်း (သို့) ဦးနုပြတိုက်လေး" ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က အန်တီစန်းဟာ လေဖြတ်နေပြီး ဝှီးချဲ(Wheelchair)အပေါ်ကနေ "ဦးနုနေအိမ်ပြခန်း"ကို အမှတ်တရ ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့ပါတယ်။
ထိုအချိန် အရပ်သားအစိုးရဖြစ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဦးနု သမီး ဒေါ်စန်းစန်းနုဟာ လေဖြတ်ဝေဒနာခံစားပေမယ့်လည် ဘယ်လိုအချိန်အခါမျိုးမဆို စိတ်ဓာတ်ကျတယ်ဆိုတာ လုံးဝရှိပါဘူး။ အန်တီစန်းကပြောဖူးတယ် "ငါ့ဘဝမှာ စိတ်ဓာတ်ကျဆင်းတယ်ဆိုတာ တစ်ခါမှ မတွေးဘူး" တဲ့။
ငယ်စဥ်က ကလေးဆိုး ဆိုးခဲ့သော်လည်း အရွယ်ရောက်တဲ့အခါ အလွန်လိမ္မာလာတယ်လို့ ဖခင်ဦးနု ရေးတဲ့ "တာတေစနေသား" စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အန်တီစန်းက "ဦးလေးကိုအောင်ဆန်းလို့ ခေါ်လေ့ရှိပါတယ်။ အန်တီစန်း ငယ်စဥ်က အခု သိမ်ဖြူလမ်း၊ အဲဒီတုန်းက ဘီလူးမဈေး ခေါ်တဲ့အခု သိမ်ဖြူဈေးကြီးနဲ့မျက်စောင်းထိုးက လေးခန်းတွဲနှစ်ထပ်ပျဥ်ထောင်အိမ်လေးမှာ ဖခင်ဦးနုတို့ နေထိုင်ခဲ့ပါတယ်။ မေမေဟာ စက်သူဌေးသမီးပါ။ ဦးနုဇနီး ဒေါ်မြရီဟာ ချမ်းသာကြွယ်ဝတဲ့ မိဘတွေက မွေးဖွားလာတဲ့သူဌေးသမီးလို့ သိရပါတယ်။
"ဒါပေမဲ့ နိုင်ငံရေးသမား ဖေဖေ(ဦးနု)ကို ယူမိတော့ ပါလာခဲ့တဲ့ မေမေ့လက်ဝတ်လက်စားတွေ အကုန်ကုန်တာပါပဲ။ တိုင်းပြည်လွတ်လပ်ရေးဖို့ နိုင်ငံရေးလုပ်နေတုန်းမှာ အဲဒီအိမ်လေး(စတော့ဂိတ်ကုန်းအိမ်)မှာ နိုင်ငံရေ းသမားများကို မေမေက အကုန်တင်ကျွေးထားရပါတယ်။ ဦးနုရဲ့ အိမ်လေးအထဲကို ဝင်ထွက်သွားလာနေထိုင်ကြသူတွေကတော့ ဦးလေးကိုအောင်ဆန်း၊ ဦးလေးကိုလှဖေ(ဗိုလ်လကျ်ာ၊ရဲဘော်သုံးကျိပ်)၊ သခင်သန်းထွန်း(ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ)၊ ဦးလေးဦးကျော်ငြိမ်း(ဒု-ဝန်ကြီး)၊သခင်စိုး၊ သခင်ဘသိန်းတင်၊ ဦးသိန်းဖေ(သိန်းဖေမြင့်-စာရေးဆရာ)၊ ဦးလေးကိုလှမောင် (နောင်သံအမတ်)၊သခင်တင်ထွန်း(ပျဥ်းမနား၊ဗကပ)၊ နောက် ရဲဘော်ဂိုရှယ်ကြီးလည်း ပါတယ်" လို့ အန်တီစန်းက ပြောပါတယ်။
"ဖေဖေ့လုပ်ဖော်ကိုင်ဖက် ထိုနိုင်ငံရေးသမားများဟာ အိမ်မှာ အဝင်အထွက် စားသောက် နေထိုင်ရင်း တိုင်းပြည်လွတ်လပ်ရေးရဖို့ ကြိုးပမ်းအားထုတ်နေကြသူတွေဖြစ်ပါတယ်။ အဲအချိန်က အန်တီစန်းဟာ သိတတ်စကလေးအရွယ်ဖြစ်ပါတယ်။ အိမ်ကိုလာတဲ့ နိုင်ငံရေးသမားတွေနဲ့ ဆော့ကစားရပါတယ်။ သခင်သန်းထွန်းက နှုတ်ခမ်းထူထူ၊ မေးရိုးကားကား အရုပ်ဆိုးသော်လည်း အနှုတ်အပြောသိပ်ချိုတာပဲ။ စန်းစန်းနဲ့ကစားတဲ့အခါ မြင်းလုပ်တမ်း ကစားလေ့ရှိတယ်" လို့ အန်တီစန်းက ပြောပါတယ်။
"ရဲဘော်ဂိုရှယ်ဆိုရင်းလည်း တုတ်သိုင်း သင်ပေးဖူးပါတယ်။ သူလည်းပဲ မြင်းလုပ်တမ်းကစားလေ့ ရှိတယ်။သခင်စိုးကြီးကတော့ စန်းစန်းကိုအရမ်းချစ်တယ်တဲ့ ကစားဖော်ကစားဖက်တွေပါပဲ။ သခင်စိုးကြီးဟာ ၁၉၈၀ မှာ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံရေးသမားများကိုမော်ကွန်းဝင်ဆုတွေတုန်းက ဖေဖေသခင်နုက သခင်စိုးကိုနှုတ် ဆက်တော့ မိစန်း ပါလား၊ မိစန်းရောလို့ တချိန်လုံး မေးနေလေရဲ့။ ဒါပေမဲ့ ဦးလေးကိုအောင်ဆန်းက တော့ သူ့ ကြည့်လိုက်ရင် ခပ်တည်တည်ပဲ၊ ပြုံးပြခြင်းမရှိ။ သူ့ဘာသာသူ တစ်နေရာမှာ စာဖတ်လေ့ရှိပါတယ်။အန်တီစန်းက ဦးလေးကိုအောင်ဆန်းလာတော့ တံခါးဖွင့်ပေးရင်း ကျေးဇူးတင်ပါတယ်လို့တောင် ပြောမသွားဘူးလို့ ရယ် မောကာပြောပြပါတယ်။ တခါက မေမေ(ဒေါ်မြရီ)က ထမင်းဝိုင်းပြင်ထားတယ်။ ကိုအောင်ဆန်း ထမင်းစားရ အောင်လို့ ခေါ်တယ်။ ဒါပေမဲ့ ကိုအောင်ဆန်းက စာဖတ်နေတယ် မကြားဘူးလားမသိ။ နှစ်ခါ၊ သုံးခါလောက် ခေါ်တယ်။ ကိုအောင်ဆန်းက စာပဲ ဖတ်နေမြဲပါ။ ဒါနဲ့ အမေ-ဒေါ်မြရီက- 'ကဲ့ ခေါ်တာမလာရင် ဒီတိုင်ထားခဲ့ပြီး! ဈေးသွားတော့မယ်'ဆိုကာ အိမ်အပေါ်ကနေ ဆင်းသွားတယ်။ နောက်တော့ အမေအပြင်သွားပြီးတဲ့အချိန်မှာ ဦးလေးကိုအောင်ဆန်းဟာ တယောက်တည်း ထမင်းစားတယ်။ ဒါကြောင့် "ဗိုလ်ချုပ်အောင်ဆန်း"ဟာ အဲဒီလိုလူစားမျိုးပါ" လို့ အန်တီစန်းက ပြောပါတယ်။
နောက်ဆက်ပြောပြတာက သခင်စိုးဟာစကားပြောတဲ့အခါ အသံမာမာနဲ့ လိမ္မာပါးနပ်စွာ ပြောတတ်တယ်။ သခင်သန်းထွန်းက ကျောင်းဆရာလေးဆိုတော့ စကားပြောတဲ့နေရာမှာချိုသာသိမ်မွေ့တယ်။ စကားပြောအင် မတန်ကောင်းတယ်။
ရယ်စရာအနေနဲ့ပြောရရင်း အန်တီစန်း(ဦးနု-သမီးကြီး)က ငါဟာ တချိန်က"ကွန်မြူနစ်တွေကို ကုပ်ခွစီးလာခဲ့တာ" လို့ ရယ်စရာ ပြောပြပါတယ်။
အဖေလုပ်သူ ဦးနုက "ငါ့သမီး ဘယ်တော့မှ နိုင်ငံရေးမလုပ်ပါနဲ့"လို့ ပြောပေမယ့် နောက်ကွယ်က နိုင်ငံရေး သမားများကို ဖေးမကူညီခဲ့တာ လက်မနှေးသူ ဖြစ်ပါတယ်။ ၈၈ အရေးအခင်းမှာ အန်တီစန်းဟာနိုင်ငံရေးသမားများကို ငွေအား၊ ပစ္စည်းအား၊ လူအားပါမကျန် ကူညီပေးခဲ့ဖူးပါတယ်။ ထို ၈၈ အရေးအခင်းကာလများမှာပင် ဖခင်ကြီးဦးနု အနီးအနားတွင် သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုဟာ လက်ကသုံးတောင်ဝှေးအဖြစ် များစွာ ကူညီခဲ့ပါတယ်။
၂ မတ်လ၊ ၁၉၆၂ ခုနှစ်နေ့မှာ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ဒီမိုကရေစီအစိုးရကို ဗိုလ်နေဝင်း က သမိုင်းဝင်အာဏာသိမ်းခဲ့တာကို မျက်ဝါးထင်ထင် လက်တွေ့ တွေ့မြင်ခဲ့ပုံအကြောင်းတို့ကို "ဒီမိုကရေစီခေတ်ဝန်ကြီးချုပ်ဦးနု၏သမီးကြီး ဒေါ်စန်းစန်းနုနှင့် တွေ့ဆုံခြင်း" - ခေတ်ရနံ့အယ်ဒီတာအဖွဲ့ (၂၀၁၈) စာအုပ်တွင် ပြောပြထားခဲ့ပါတယ်။
မျိုးသန့်ထွန်း(စစ်ကိုင်း)
(နောက်မှာ အပိုင်း (၂) ဆက်ဖော်ပြပါမယ်)
ဤစာဆောင်းပါးကို- (၃၀-၁-၂၀၂၂၊တနင်္ဂနွေနေ့ အန်တီစန်း(အဖွားစန်း)၏ (အသက် (၉၀) ပြည့်မွေးနေ့အမှတ်တရ ဖော်လိုက်ရပါတယ်။)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar