Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၁

ဒီနေ့ သတင်းတွေထဲမှာတော့ ထိုင်းနိုင်ငံကို ခိုးဝင်တဲ့ မြန်မာအလုပ်သမားတွေ အုပ်စုလိုက် ဖမ်းဆီးရမိတဲ့ သတင်းတွေ၊ တရုတ်နိုင်ငံ ရွှေလီဘက်ကနေ ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ၊ အိန္ဒိယနိုင်ငံနယ်စပ်မှာတော့ အိန္ဒိယနိုင်ငံသက်သေခံကတ်အတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၄၀ လောက် ဖမ်းဆီးခံရပြီးနောက်မှာ မိုရေးဘက်မှာ မြန်မာနိုင်ငံသားလို့ မသင်္ကာသူတွေကို အထောက်အထားတွေ စစ်ဆေးနေတဲ့ သတင်းတွေဖတ်ရှုရပါတယ်။ နောက်နိုင်ငံရေးသတင်းတွေထဲမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ နေပြည်တော်ရောက်ရှိနေပြီလို့ သတင်းတပုဒ်မှာ ဖေါ်ပြထားပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီအချို့နဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အမှုတွေ ရဲ့တရားခွင်ဆိုင်ရာ နောက်ဆုံးအခြေအနေ စတာတွေပါ။ 

ဒီသတင်းတွေအပြင် နေ့စဥ်ကြားနေရတဲ့ သတင်းအကြောင်းအရာမျိုးတွေကတော့ ဗုံးပေါက်ကွဲမှုတွေ၊ ဖမ်းဆီးမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုသတင်းတွေပဲ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါကပ်ဘေးက စတင်လိုက်တဲ့ အသွားအလာ ကန့်သတ်မှု၊ လုပ်ငန်းတွေအလိုက် လူစုလူဝေး လုပ်ဆောင်တာတွေ ကန့်သတ်မှုတွေရဲ့ အကျိုးသက်ရောက်မှုက ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းတွေ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိခိုက်စေခဲ့ရာက ခုနှစ်ဆန်း စစ်အာဏာသိမ်းမှုက စီးပွားရေးပြဿနာတွေကို ၂ ဆတိုးဆိုးရွားဖို့ ဖြစ်လာစေခဲ့ပါတယ်။ 

အခုလိုအခြေအနေအောက်မှာ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းက ပြည်တွင်းမှာ ပိုမိုခက်ခဲလာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ သွားရောက်လုပ်ကိုင်ဖို့ ပိုမိုတွန်းအားပေးသလို ဖြစ်စေတာပါ။ ဒီနောက်ခံအခြေအနေကြောင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားလို့ခေါ်တဲ့ လုပ်အားနဲ့ အလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေ နေ့စဥ် ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်။ နေ့စဥ်သတင်းတွေထဲ အယောက် ၂၀၊ ၃၀၊ ၄၀ စသဖြင့်ဖမ်းဆီးခံနေရတဲ့ သတင်းတွေ  ဖတ်ရှုနေရပေမယ့်လည်း ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ ကြိုးစားတာတွေက လျော့နည်းသွားခြင်းမရှိပဲ ဖြစ်နေတာပါ။ ယခုလကစပြီး ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်ကန့်သတ်မှုတွေ တစတစ ဖြေလျော့လာပြီး ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်ဝင်လာအောင် ကြိုးစားနေတာတွေ့ရတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပြန်လည် မြင့်တက်လာမယ်လို့ ယူဆရသလို မြန်မာနိုင်ငံမှာတော့ ထိုင်းနိုင်ငံနဲ့ ဆန့်ကျင်ဘက်အနေအထားဖြစ်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းတာ၊  စိုက်ပျိုးရေးလုပ်ငန်းတွေ သွင်းအားစု စျေးမြင့်တက်တာ၊ လုံခြုံရေးအခြေအနေဆိုးရွားနေဆဲမို့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်မစတင်နိုင်တာ၊ ကိုဗစ်ကန့်သတ်ချက်တွေလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိနေဆဲဖြစ်တာတွေက အိမ်နီးချင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ တွန်းအားပိုဖြစ်စေတာ ဖြစ်ပါတယ်။ 

အိမ်နီးချင်းနိင်ငံကို တရားမဝင်ဝင်ရောက်ဖို့ရာမှာလည်း အရင်းအနှီးအဖြစ် လူမှောင်ခိုကူးသူတွေကို ဘတ် ၂ သောင်းကနေ ၃ သောင်းအထိ မြန်မာငွေနဲ့ဆို ကျပ် ၁၂ သိန်း ၁၇ သိန်းဝန်းကျင် ငွေကြေးပေးရတာပါ။ 

ဒါက ထိုင်းနိုင်ငံနယ်စပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပမာဏအများဆုံး နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်နေတဲ့ တရုတ်နိုင်ငံနယ်စပ်မှာတော့ ကိုဗစ်အကြောင်းပြချက်နဲ့ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာ ၃ လကျော်ရှိနေခဲ့ရာက ခုလပိုင်းမှာတော့ ရွှေလီ၊ ကျယ်ဂေါင်ဘက်မှာ သွားရောက်နေထိုင် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတွေကိုပါ မြန်မာနိုင်ငံဘက်ပြန်ဖို့ အမိန့်ထုတ်ထားပြီး မြန်မာနိုင်ငံဘက် နေ့စဥ်ပြန်ပို့နေတာပါ။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဝယ်ယူနေခဲ့တဲ့ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးပိတ်ထားတဲ့ အကျိုးသက်ရောက်မှုဟာလည်း မြန်မာစိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူတွေ ထိခိုက်စေတာဖြစ်ပါတယ်။ အခုလို တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေး အကန့်အသတ်မရှိ ပိတ်ဆို့ထားရခြင်းအကြောင်းက ကိုဗစ်ကူးစက်မှုအကြောင်းသက်သက်လား သို့မဟုတ် အခြားသော ရည်ရွယ်ချက်ပါရှိသလားဆိုတာ သဲသဲကွဲကွဲ မသိရှိနိုင်ပါဘူး။ 

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမိုးရေးဘက်မှာတော့ အိန္ဒိယနိုင်ငံဘက်က အထောက်အထားအတုတွေ ကိုင်ဆောင်တယ်ဆိုတဲ့ အဖြစ်အပျက်အပြီးမှာ နယ်စပ်မြို့မှာ မဏိပူရအာဏာပိုင်တွေက မြန်မာနိုင်ငံကဝင်လာသူတွေလို့ မသင်္ကာသူတွေကို စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်ရှုနေရပါတယ်။ 

ဒီသတင်းတွေကိုလေ့လာကြည့်ရင် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်မှု စစ်ရေးလှုပ်ရှားမှုတွေ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနိုင်ခြေ၊ စီးပွားရေးအကြပ်အတည်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားမှုတွေ အလုပ်လုပ်ကိုင်ဖို့ သွားရောက်တာတွေကို ပိုပြီးမြင့်တက်လာစေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအရေးဟာ သူ့အထီးထီးချည်း ဖြစ်ပွားနေတာမဟုတ်ပဲ အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှု ရှိစေနိုင်တာကြောင့် ဒေသတွင်း အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအရေးကို ဦးစားပေးဖြေရှင်းနိုင်ဖို့လည်း လိုအပ်နေတာပါ။ 

ခုရက်ပိုင်းအတွင်းမှာ အာဆီယံကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ အီရဝမ်ယူဆွပ် နေပြည်တော်ရောက်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေသလိုပဲ အောက်တိုဘာ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဧပြီလ ဂျာကာတာ မြန်မာ့အရေး သီးသန့် အစည်းအဝေးမှာသဘောတူခဲ့တဲ့ မြန်မာနိုင်ငံအရေးအတွက် အာဆီယံသဘောတူညီမှု မူငါးချက်ကို အကောင်အထည်ဖေါ် ဖို့ ပထမဆုံးလာရောက်တဲ့ ခရီးစဥ်လည်း ဖြစ်ပါတယ်။ ဧပြီလအကုန်ကတည်းက သဘောတူညီခဲ့တဲ့ မူငါးချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ ကိုယ်စားလှယ်တာဝန်ပေးအပ်ခြင်းခံရသူအနေနဲ့ ၅ လကြာပြီးနောက်မှာမှ မြန်မာနိုင်ငံကို လာရောက်နိုင်တာ ဖြစ်ပါတယ်။ 

မလာရောက်ခင်မှာ ကိုယ်စားလှယ်ဖြစ်သူ လာရောက်စဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုမှုကိုလည်း စစ်ကောင်စီဘက်က ငြင်းဆိုနေခဲ့တာကြောင့် ခရီးစဥ်က ပိုကြန့်ကြာခဲ့တာ လို့ယူဆရပါတယ်။ 

စက်တင်ဘာ ၇ ရက်နေ့မှာ NUG အစိုးရက တော်လှန်ရေးအရှိန်မြှင့်ဖို့ ကြေညာခဲ့ပြီးနောက် တလကျော်ကြာမှာ အာဆီယံကိုယ်စားလှယ်ဖြစ်သူလာရောက်ခဲ့တာဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ဘယ်လောက်အတိုင်းအတာအထိ ကူညီအဖြေရှာနိုင်မလဲဆိုတာ ရှင်းရှင်းလင်းမသိနိုင်သေးပါဘူး။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar