ဟိုက်ရှားဘား - လှေငယ်ပေါ်က ဂုတ်ကျား
လှေငယ်ပေါ်က ဂုတ်ကျား
ဟိုက်ရှားဘား
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၁
ပထမ တစ်စက်...
ဂုတ်ကျား မမှု...
နောက် တစ်စက်...
ဂုတ်ကျား မဖြုံ၊ ပက်လက်လှန်ကာ ဘယ်ခြေကိုထောင်၍ ဘယ်ဒူးတွင် ညာခြေကို တင်ချိတ်ကာ လေပင် ချွန်လိုက်သေးသည်။ ပြီးတော့ "အပင်မြင့်ရင်တော့ လေတိုက်ခံရတာ သဘာဝပဲလေ" ဟု တွေးနေလိုက်သည်။
ထို့နောက်...
နောက်ထပ် တစ်စက်...နောက်ထပ် တစ်စက်...နောက်ထပ် တစ်စက်...
ထို့နောက် မိုးရွာသလို ကျလာသည်။ ရေတံလျောက် မှ ရေလုံးကြီးကျလာသလို သွန်ကျလာသည်။ ရေတံခွန်မှ ဒရဟော ထွက်ကျသလို ကျလာသည်...
တကိုယ်လုံး ရွှဲရွှဲစို ကုန်သဖြင့် ဂုတ်ကျား ပျာပျာသလဲ ခေါင်းထောင်ကြည့်လိုက်သည်။
သွားပြီ...
ဂုတ်ကျားအသိ နောက်ကျသွားပြီ...
'တံတွေးပင်လယ်' တွင် လှေငယ်တစ်စီးဖြင့် မျောနေကြောင်း သိသွားသောအခါ ဂုတ်ကျားအသိနှောင်းသွားလေပြီ...
တံတွေးခွက်တွင် ပက်လက် မျောတတ်ကြောင်းကိုလည်း ယခုမှပင် သိလေသည်။
သို့သော် အားတင်း၍ မဟာဇနက နှလုံးမူပြီး 'တက်' ဖြင့် အသည်းအသန်လှော်သည်။ 'မေခလာ' ကိုမျော်သည်။
တွေ့ပြီ...တစ်ဦး...
သို့သော် ခပ်လှမ်းလှမ်းမှ ရောက်လာသူက 'မေခလာ' မဟုတ်ချေ...
သုံးခွမှိန်းကိုင်ထားသော 'ငရဲမင်း' ...
သေ၍ကား မဖြစ်သေး...ထို့ကြောင့် ဂုတ်ကျား အသည်းအသန် ထပ်လှော်သည်...။
ငရဲမင်းက သူ့ကို ပြုံး၍ ကြည့်နေသည်...
ဤသို့ဖြင့် ဂုတ်ကျားသည် 'တံတွေးပင်လယ်' တွင်မျောကာ ကမ်းမမြင်၊ လမ်းမမြင်ဘဝ ရောက်နေရလေသတည်း...
ဟိုက်ရှားဘား
အောက်တိုဘာ ၃၀၊ ၂၀၂၁
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar