Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၃၀ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၃၀ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၃၁၊ ၂၀၂၁

• စစ်မှန်တဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ နိုင်ငံရေးအရရိုးသားမှု 
အောက်တိုဘာ ၂၉ ရက်နေ့မှာ လောင်ကျွမ်းခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ရဲ့ အိမ်တွေ ဆိုင်တွေမီးလောင်ကျွမ်းမှုဟာ နိုင်ငံရေးအရရော လူအများရဲ့ မှတ်ဥာဏ်ထဲ မျက်စေ့ထဲ အတွေးထဲမှာ မှတ်မှတ်ရရမြင်နေမယ့် မြင်ကွင်းတခုဖြစ်နေမှာ သေချာပါတယ်။ 

မီးခိုးလုံးတွေ တလိမ့်လိမ့်တက်နေတဲ့ တောင်ပေါ် တောင်စောင်းတွေမှာတည်ထားတဲ့ သွပ်ခေါင်မိုးနီနီတွေနဲ့ လူနေအိမ်တွေ တောင်စောင်း အရစ်လိုက် အရစ်လိုက် တည်ရှိနေပြီး လမ်းသွယ်ဖေါက်ကာ ပင့်ကူအိမ်လို ယပ်တောင်လို ဖြန့်ကျက်နေတဲ့မြို့ကို ပေရာထောင်ချီအမြင့်က ဒရုန်းနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံက သမိုင်းဝင်ဓါတ်ပုံတပုံ ဖြစ်ကျန်ရစ်ပါလိမ့်မယ်။ 

စက်တင်ဘာလဆန်းက မြို့တွင်းပစ်ခတ်ပြီး လူနေအိမ် အချို့မီးလောင်ခဲ့တုန်းကလည်း ထန်တလန်မြို့မြင်ကွင်းကို မြို့တွင်း မြေပြင်ကရိုက်ထားတဲ့ ဓါတ်ပုံတွေ သတင်းမီဒီယာတွေမှာ မြင်တွေ့ခဲ့ကြရပြီးပါပြီ တလကျော်အကြာ အခုတကြိမ်ဖြစ်ပွားတဲ့ မီးလောင်မှုက အိမ်ခြေရာနဲ့ချီလောင်ကျွမ်းတာမို့လို့ ယခင်အဖြစ်အပျက်ထက် အများကြီးသက်ရောက်မှုကြီးသလို သတင်းဓါတ်ပုံရဲ့မြင်ကွင်းကလည်း အဖြစ်အပျက်ကို အပေါ်စီးကနေမြင်ရပြီး သက်ရောက်မှုကြီးလှပါတယ်။

ဒီအဖြစ်အပျက်ပေါ် မူတည်ပြီး စစ်ကောင်စီကို စစ်အာဏာရှင်တွေကို အမြစ်ဖြုတ်ရမယ် ဖယ်ရှားရမယ်ဆိုတဲ့ ယူဆမှု ပိုင်းဖြတ်မှုက ပိုခိုင်မာလာကြတာ အမှန်ပါ။ ချင်းနိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးအဖွဲ့အစည်းတွေက ဒီကိစ္စကို ပြင်းထန်စွာရှုတ်ချခဲ့ကြသလိုပဲ အခြားသော နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ကြတာ တွေ့ရပါတယ်။ 

သို့ပေမယ့်လို့ အခုလိုအဖြစ်အပျက်တွေ ပြည်တွင်းစစ် နှစ် ၇၀ ကာလ၊ ၂၀၁၁ ခုနှစ်နဲ့ ၂၀၂၀ ကြားကာလတွေမှာ ဖြစ်ပျက်တာမရှိခဲ့ဘူးလားလို့ မေးရင် ရှိခဲ့ပြီးသားလို့ ဖြေရမှာပါ။ 

မြန်မာနိုင်ငံ အနှံ့က ကျေးရွာတွေမှာဖြစ်ခဲ့တယ်၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တယ်၊ တိုင်းရင်းသားလို့ မသတ်မှတ်ပေမယ့် နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံထဲ အခြေချနေထိုင်ခဲ့ကြတဲ့ ရိုဟင်ဂျာလို့ခေါ်တဲ့ မူဆလင်လူနည်းစုတွေနေထိုင်တဲ့ ရွာတွေမှာ ဖြစ်ပျက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဘာလို့ အခုလို အတိတ်ကဒဏ်ရာတွေ အဖြစ်အပျက်တွေနဲ မနေ့တနေ့က ဖြစ်တဲ့အဖြစ်အပျက်တွေကို တွဲဖက်ဖေါ်ပြနေရတာလဲလို့ မေးကောင်း မေးပါလိမ့်မယ်။ 

မြန်မာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေမှာ အဲဒီဖြစ်ရပ်ရဲ့ ဆက်စပ်နဲ့တဲ့ နိုင်ငံရေးပြဿနာကို သက်ဆိုင်တဲ့အဖွဲ့အစည်းတိုင်း အသိအမှတ်ပြုဖို့ အလေးထားဖို့ မျက်နှာမလွှဲခဲ့ကြဖို့ လိုအပ်တယ်ဆိုတာ အခု ထန်တလန်အဖြစ်အပျက်က နှိုးဆော်လိုက်တယ်လို့ မြင်မိပါတယ်။ 

စစ်တပ်ဟာ ပြည်တွင်းစစ်ကာလတလျှောက်လုံး စစ်တိုက်ရင်း အရပ်သားတွေကို ရိက္ခာဖြတ်တာ မောင်းထုတ်တာ နေအိမ်မီးရှို့တာ သတ်ဖြတ်တာ အနိမ့်ဆုံး သူပုန်ဆက်သွယ်မှုနဲ့ ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ကြတာ မမေ့ဖို့ အရေးကြီးပါတယ်။ အဲဒီအတိတ်က အဖြစ်အပျက်တွေကို အကြွေးတောင်းတာမဟုတ်ပေမယ့် အဲဒီအချိန်တွေက ကိုယ့်ပြဿနာမဟုတ်ဘူးလို့ ယူဆခဲ့ကြလို့ အခုအခါမှာ ဒီလိုလုပ်ရပ်မျိုးတွေ ထပ်ပြီးဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ကေအန်ယူနဲ့တိုက်တဲ့ တိုက်ပွဲတွေမှာ လူနေအိမ်တွေ မီးရှို့ခဲ့သလို ရှမ်းတွေနဲ့ တိုက်တဲ့တိုက်ပွဲတွေမှာလည်း လူနေအိမ်တွေမီးရှို့ခဲ့ပြန်တာပါ။ အလားတူ ကချင်တွေနဲ့ တိုက်ခိုက်ရာမှာလည်း ရွာတွေမီးရှို့ခဲ့သလို မဝေးတဲ့ ခုနှစ် သမိုင်းစာအုပ်တောင် ပြန်လှန်စရာမလိုပဲ သတင်းစာမျက်နှာမှာ အနည်းငယ်နောက်ပြန်ကြည့်တာနဲ့တွေ့ရမယ့် ရခိုင် ဘူးသီးတောင် မောင်တော၊ ရသေ့တောင် တို့မှာ ရိုဟင်ဂျာရွာတွေက အိမ်ပေါင်းထောင်ချီ သောင်းချီ မီးရှို့ရွာတွေကို ဘူဒိုဇာထိုးပြီး အဲဒီနေရာတွေ ရွာမရှိခဲ့သလိုလုပ်ခဲ့တာလည်းရှိသလို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေတုန်းက မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်မှာ လူနေအိမ်တွေမီးရှို့ခဲ့တာ ကျောက်တော်က ဘုရားပေါင်းကျေးရွာဆို တရွာလုံးမီးလောင်ခဲ့တာ ပလက်ဝ မတူပီလမ်းက စမီးဒေသကရွာတွေ မီးလောင်ခဲ့တာတွေတုန်းက နိုင်ငံရေးအရ မဆန့်ကျင်ခဲ့ကြ နှုတ်ဆိတ်နေခဲ့ကြတာဟာ သင်ခန်းစာယူစရာ ဖြစ်ပါတယ်။ 

ထန်တလန်ကိစ္စမှာ မီးရှို့မှုကျူးလွန်သူ စစ်ကောင်စီကို ရှုတ်ချ၊ မှတ်တမ်းတင် အရေးယူဖို့လုပ်ရမှာ အငြင်းပွားစရာတောင်မရှိပါဘူး။ သို့သော် အတိတ်က အဖြစ်အပျက်တွေအတွက် တိုင်းရင်းသားဒေသတွေ လူနည်းစုဒေသတွေက စစ်ပွဲတွေမှာ စစ်တပ်က ကျူးလွန်ခဲ့စဥ်က မဆန့်ကျင်မိခဲ့ နှုတ်ဆိတ်နေမိခဲ့တာတွေအတွက် ရိုးရိုးသားသားနဲ့ အမှားကိုဝန်ခံရဲဖို့လည်း လိုအပ်ပါတယ်။ ဒီအချက်က နိုင်ငံရေးအရ ရိုးသားမှုဆိုတာ အရေးကြီးကြောင်း ညွှန်ပြနေတာလို့ မြင်ပါတယ်။ အကျိုးစီးပွားတွေကိုပဲ အမြဲစဥ်းစား ချဥ်းကပ်တဲ့အခါ တန်ဖိုးတွေ စံနှုန်းတွေကို လျစ်လျူရှုမိတာမျိုးဖြစ်ပြီး အဆိုးသံသရာတွေက ထပ်ကာထပ်ကာလည်နေဦးမှာ ဖြစ်တယ်လို့သာ ဆိုချင်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar