Breaking News

မိုးမခ (ထန်တလန်ကဗျာများ) - မောင်သစ်ကြည်၊ မောင်နေသစ် (ရေဦး)၊ နှင်းခါးမိုး၊ ဝါကျဖြူ၊ တပ်ဦးလ၊ ထွန်းဝင်းငြိမ်း

PHOTO -DVB

ထန်တလန်ကဗျာများ
(မိုးမခ)အောက်တိုဘာ ၃၁၊ ၂၀၂၁

'' ထန်တလန် ''
မောင်သစ်ကြည်

တမြို့လုံး မီးလောင်တိုက် အသွင်းခံရတဲ့မြို့
အိမ်ခြေ ၂၀၀ ကျော် မီးလောင်နေတာကို လက်ပိုက်
ကြည့်နေရတဲ့မြို့
မီးသတ်ကားရှိပြီး မီးမငြိမ်းနိုင်တဲ့မြို့
မြူတွေရှိပြီးလူတွေ မရှိတဲ့မြို့
ရက်စက်ယုတ်မာပြီးလူမဆန်သူတွေကမီးရှို့ပြီး
ရိုးသားဖြောင့်မတ်ပြီး လူဆန်သူတွေကအိုးအိမ်
စွန့်ခွာထွက်ပြေးရတဲ့မြို့
မုန်းတီးမှုနဲ့နယ်မြေရှင်းလင်းရေးအလုပ်ခံရတဲ့မြို့
ချင်းတစ်ကျပ် ဗမာတစ်ကျပ်လို့တန်းတူညီမျှရေး
စကားနဲ့အလိမ်ခံရတဲ့ မြို့
ဖက်ဆစ်သမိုင်း အရိုင်းစိုင်းဆုံးမော်ကွန်းထိုးတဲ့မြို့
မီးကြွေးကိုမီးကြွေးနဲ့ပြန်ဆပ်မှကြေမယ့်မြို့
ပြာကျတာကိုပြာကျတာနဲ့ဆပ်မှ ကျေနပ်မယ့်မြို့
ချင်းရိုးရာဓလေ့နဲ့စီရင်မှ နှစ်သက်မယ့်မြို့
အဲဒီမြို့က ဘာ မြို့လဲ  ?
ထန်တလန် ...ထန်တလန်..
အဲဒီမြို နာမည် တစ်သက်မမေ့အောင်လို့
ငါ့အသက်ကို သံမှိုနဲ့ရိုက်ထားလိုက်ပါပြီ။။

၃၀ အောက်တိုဘာ ၂၀၂၁

.....

'' ရှို့မီးကျိန်စာ ''
မောင်နေသစ် (ရေဦး)

ကြွက်မနိုင် ကျီမီးရှို့ခဲ့
ငြှိမ်းရမယ့်အစား
ဆက်ရှို့ခဲ့ကြ
အပြစ်မဲ့ဘဝတွေ
လောင်စာဖြစ်။
မီးရှို့တဲ့လက်
မင်းတို့ရဲ့ပစ္စုပ္ပန်
ကံ ကံ၏အကျိုး
အမြန်နိုးပါစေ။
(ထန်တလန်...  သို့ ကြေကွဲစွာ)

....

'' ငရဲမီး ''
နှင်းခါးမိုး

မနက်အိပ်ယာကနိုး မိုးရွာနေတာတွေ့တော့
မနေ့ညက မီးလောင်နေတဲ့မြို့လေးကို သတိရတယ်
တတိုင်းပြည်လုံးငိုတဲ့ည။
တနိုင်ငံလုံးကစိတ်ဓာတ်တွေပြာကျသွားအောင်
အိမ်တလုံးကိုအရင်ရှို့ပြတယ်၊ ရွာတရွာကိုအရင်ရှို့ပြတယ်၊ မြို့တမြို့ကိုအရင်ရှို့ပြတယ်။
တနိုင်ငံလုံးကို မီးရှို့ပစ်ချင်နေပြီမဟုတ်လား
မင်းတို့ရင်ထဲမှာလောင်နေတဲ့မီးက မငြိမ်းတော့ဘူး
မင်းတို့ငရဲက ညှော်နံ့တွေတောင်ထွက်နေပြီ။

.....

'' ထန်တလန် ''
ဝါကျဖြူ

မျဉ်းဖြောင့်ပေါ်မှာမြူခိုးတွေ
တိုင်းပြည်တစ်ခုရဲ့ ရင်သွေး
ဦးခေါင်းပေါ်လောင်ကြွမ်းပြာကျနေခဲ့ရတဲ့လူဘဝတွေ
ကျနော်လုပ်နိုင်တာကျနော်တို့လှောင်အိမ်ထဲက 
မီးကျွမ်းနေတဲ့အဖြစ်ဆိုးတွေ
အမြန်ဆုံးလွတ်မြောက်ကြပါစေ ။

30/10/21

.....


'' ငါတို့ ထန်တလန် ''
တပ်ဦးလ

မင်းတို့အိမ်လေး ပြာကျသလို
ငါ့အိမ်လေး ပြာကျပါစေ ထန်တလန်
မင်းတို့အိမ်လေး စစ်မီးတောက်သလို
ငါ့အိမ်လေး စစ်မီးတောက်ပါစေ ထန်တလန်
မင်းတို့အိမ်လေး စစ်ဘေးရှောင်သလို
ငါ့အိမ်လေး စစ်ဘေးရှောင်ပါစေ ထန်တလန်
မင်းတို့အိမ်လေး တိုက်ပွဲဝင်သလို
ငါ့အိမ်လေး တိုက်ပွဲဝင်ပါစေ ထန်တလန်
မင်းတို့ အိုးမဲ့အိမ်မဲ့ဖြစ်သလို
ငါ့အိမ်လေး အိုးမဲ့အိမ်မဲ့ဖြစ်ပါစေ ထန်တလန်
မင်းတို့ နာကျင်သလို
ငါ့အိမ်လေး နာကျင်ပါစေ ထန်တလန်
မင်းတို့ ဝမ်းနည်းမှုနဲ့ကြုံတွေ့သလို
ငါ့အိမ်လေး ဝမ်းနည်းမှုနဲ့ကြုံတွေ့ပါစေ ထန်တလန်
မင်းတို့ မျက်ရည်လည်သလို
ငါ့အိမ်လေး မျက်ရည်လည်ပါစေ ထန်တလန်
မင်းတို့ အသက်လုပြီးပြေးနေသလို
ငါ့အိမ်လေး အသက်လုပြီးပြေးနေပါစေ ထန်တလန်
မင်းတို့ ထမင်းငတ်သလို
ငါ့အိမ်လေး ထမင်းငတ်ပါစေ ထန်တလန်
တစ်နေ့နေ့ပေါ့ ထန်တလန်
တစ်နေ့နေ့မှာပေါ့
မင်းတို့အိမ်လေး ကစားကွင်းဖြစ်တဲ့အခါ
ငါ့အိမ်လေး ပန်းခြံဖြစ်ပါစေ ထန်တလန်
မင်းတို့အိမ်လေး ပန်းခြံဖြစ်တဲ့အခါ
ငါ့အိမ်လေး ကစားကွင်းဖြစ်ပါစေ ထန်တလန်
ငါတို့ တိုက်မယ်
ငါတို့ ပြန်တိုက်မယ်
ငါတို့ ပြန်တိုက်ကြမယ် ထန်တလန်။

.....

'' ထန်တလန် ''
ထွန်းဝင်းငြိမ်း

ကြွက်မနိုင်တော့
ကျီမီးနဲ့ ရှို့တယ်။
အသိုက်ကို မျောက်ဖျက်သလို
စရိုက်ကိုက အောက်တန်းစားဆန်လှချည့်။
အယူမသည်းပေမယ့်
အပူကြီးလာတော့လည်း
တူမီးက လက်စားချေရာမှာ
စိတ်ရှည်တယ်။

၃၀၊ ၁၀၊ ၂၀၂၁


-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar