Breaking News

ညိုထွန်းလူ - စီးမိတဲ့မြင်း

ညိုထွန်းလူ - စီးမိတဲ့မြင်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၁

အဲဒီမြင်းကိုစီးခွင့်ရရင် ငါလောက်ကံကောင်းတဲ့သူမရှိတော့ဘူးလို့ တွေးလိုက်တယ်။ မြင်းဟာ မြူးကြွနေပြီး ကောင်းကင်ဆီကိုခုန်တက်လို့ တိမ်ညွန့်တွေကိုစားတော့မလားလို့တောင် ထင်ရတယ်။ ဒီမြင်းပေါ်ကိုသူရောက်သွားလိုက်တာနဲ့ သူ့ရဲ့အရှိန်အဝါတွေက တောက်ပြောင်လာမယ်။ သူ့ရဲ့ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာတွေက ပိုမိုကြီးမားသွားမယ်။ မြင်းနဲ့အတူ ကောင်းကင်ခရီးကိုသွားရင်း ​ကမ္ဘာမြေပြင်မှာ ပြားပြားဝပ်နေတဲ့မြင်ကွင်းတွေကို အရသာခံပြီးကြည့်ချင်နေမိတယ်။ ဒါပေမယ့် လူတိုင်းကပြောကြတယ်။ ဒီမြင်းကို စီးထိုက်တဲ့သူပဲ စီးခွင့်ရတာတဲ့။ သူရယ်ချင်သွားတယ်။ မြင်းကိုစီးခွင့်ရတဲ့သူဟာ သူကလွဲပြီး ဘယ်သူရှိဦးမှာလဲ။ တစ်နေ့တော့ အနှစ်နှစ်အလလ ကြိတ်ပြီးကြံစည်ထားသမျှတွေ အောင်မြင်သွားပါပြီ။ မြင်းကိုစီးခွင့်ရလိုက်ပါပြီ။ လူတွေက မြင်းပေါ်ကသူ့ကို ကြည့်ရင်း အံ့သြကုန်ကြတယ်။

လှောင်ပြောင်ချင်တဲ့အမူအယာတွေကိုလည်း တွေ့လိုက်ရတယ်။ အဲဒါတွေက မနာလိုမှုတွေပဲလို့ တွေးလိုက်တယ်။ ထားလိုက်ပါ ဘယ်သူတွေကဘယ်လိုပဲ ပြောကြ ပြောကြပေါ့။ သူဖြစ်ချင်တာကို သူဖြစ်ခွင့်ရလိုက်လို့ ကျေနပ်ပျော်ရွှင်သွားခဲ့တယ်။ မြင်းစီးပြီး သူသွားချင်တဲ့နေရာသွားမယ်။ မြင်းကိုသူကြိုက်သလို ထိန်းချုပ်စေခိုင်းတော့မယ်လို့ သူတွေးလိုက်တယ်။ ဒါပေမယ့်သူမျှော်လင့်တာနဲ့ တစ်ခြားစီဖြစ်နေတယ်။ သူ့ထက် ဥာဏ်ရည်မြင့်မားနေတဲ့မြင်းတစ်ကောင်ဖြစ်နေတာကို သိလိုက်ရလို့ အံ့အားသင့်သွားတယ်။ အဲဒီတော့ သူသွားချင်တဲ့နေရာ သွားခွင့်မရဘူး။ သူလုပ်ချင်ရာတွေကိုလည်းလုပ်ခွင့်မရဘူး။ မြင်းပြေးလွှားတဲ့ဆီကိုပဲ သူပါသွားတယ်။ အခြေအနေမကောင်းတော့မှန်းသိလို့ မြင်းပေါ်က ခုန်ချဖို့ကြိုးစားနေတယ်။ မြင်းဟာရပ်တန့်မနေဘဲ အရှိန်ပြင်းပြင်းနဲ့ ပြေးနေတယ်။

ဘယ်ကိုဦးတည်ပြေးလွှားနေမှန်း သူမသိဘူး။ အန္တရာယ်ဟာ သူနဲ့တဖြေးဖြေးနီးကပ်လာမှန်း သတိပြုမိလိုက်တယ်။ တစ်ခါမှမဖြစ်ဘူးတဲ့ ကြောက်စိတ်က သူ့ရင်ထဲကို တစိမ့်စိမ့်တိုးဝင်လာတယ်။ ထူးဆန်းလိုက်တာ။ အော်ဟစ်အကူအညီတောင်းပေမယ့် သူ့အသံက လုံးဝပျောက်ကွယ်နေတယ်။နားထဲမှာတော့ လေတိုးသံတွေနဲ့အတူ သူ့ကိုလှောင်ပြောင်တဲ့အသံတွေက ရောထွေးပါလာတယ်။ မြင်းဟာ မြန်နှုံးအမြင့်ဆုံးအရှိန်အဟုန်နဲ့ ပြေးရင်သူဘာဖြစ်သွားနိုင်မလဲ။ ဒီအချိန်မှာပဲမြင်းက တဟားဟားရယ်ရင်း မင်းသိပ်ကြောက်နေပြီလားလို့ မေးလိုက်လို့ အံ့သြထိတ်လန့်သွားတယ်။လက်စသတ်တော့ သူစီးမိတဲ့မြင်းဟာ တကယ့်သက်ရှိမြင်းအလား ထင်မှတ်မှားသွားရလောက်အောင် တီထွင်ထားတဲ့ စက်ရုပ်မြင်းဖြစ်နေတာပါလား။ နို့ပေမယ့် သူ့ရဲ့ဥာဏ်ပညာနုံနဲ့မှု အသိအမြင်ခေါင်းပါးမှုတွေကြောင့် အခြေအနေအမှန်ကိုသိလိုက်ရတဲ့အချိန်မှာ သိပ်ကိုနောက်ကျသွားခဲ့ပါပြီ။သူ့အမှားအတွက်ပေးဆပ်ရတော့မှာကိုတွေးရင်းနဲ့ သူ့ကိုယ်သူထိန်းချုပ်မရနိုင်လောက် ဖြစ်သွားခဲ့တယ်။ အရှိန်ပြင်းပြင်းနဲ့ ပြေးနေတဲ့မြင်းရဲ့ဟီသံတွေဟာ သေမင်းခေါ်သံတွေအလား သူ့ဆီကို​ရောက်လာခဲ့တာကိုပဲ နောက်ဆုံးသူသိလိုက်ရတယ်။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar