Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၁

ထောင်ဗူးဝမှာ ဖမ်းဖို့စောင့်နေတဲ့ မြန်မာပြည်

သီတင်းကျွတ်လပြည့် အခါသမယကို ခေါင်းစဥ်ထားပြီး ပြီးခဲ့တဲ့ ၂ ရက်အတွင်း နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချထားသူ အမှုရင်ဆိုင်နေရသူ၊ ပုဒ်မမတပ်ပဲ ထိန်းသိမ်းထားသူ စုစုပေါင်း ၅ ထောင်ကျော်ကို လွှတ်ပေးမယ်လို့ ၁၈ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းထဲ ထုတ်ပြောပြီးနောက်မှာ ဆန္ဒပြရာမှာပါဝင်သူတွေ၊ ကျောင်းသားသမဂ္ဂဝင်တွေ၊ သတင်းသမားတွေ၊ NLD ပါတီဝင်တွေ အချို့သော ခေါင်းဆောင်တွေ လွတ်မြောက်လာပါတယ်။ အရေအတွက်အားဖြင့် ကြေညာထားတဲ့ ၅ ထောင်ကျော် ပြည့်သလား မပြည့်သလားတော့ မစိစစ်ကြည့်ရသေးပါဘူး။

ထောင်က လွှတ်လိုက်သူတွေကို ထောင်ဗူးဝက စောင့်ပြီး ထပ်တိုးအမှုနဲ့ စွဲဆိုတဲ့ ကိစ္စတွေလည်း မိတ္ထီလာဘက်မှာ ဖြစ်ပျက်နေတဲ့အကြောင်း သတင်းဖေါ်ပြမှုတွေမှာ ဖတ်ရှုနေရပါတယ်။ ထောင်ဒဏ်ချထားသူ ၁၃၀၀ ကျော်နဲ့ အမှုရင်ဆိုင်ဆဲ ၄၀၀၀ ကျော် လွှတ်မယ်လို့ စစ်ခေါင်းဆောင်က ကြေညာပေမယ့် တကယ့် အပြင်မှာ ဖြစ်ပျက်နေတဲ့အနေအထားကို ကြည့်တဲ့အခါ ထောင်ဝမှာ အခြားထပ်တိုးမှုနဲ့ စွဲဖို့ ပြန်ဖမ်းဆီးသွားတာတွေက တော်တော်လေး ရုပ်ပျက်တဲ့ ကိစ္စတွေဖြစ်နေတာပါ။

အခုလိုနိုင်ငံရေး အမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးရဲ့ ပြောဆိုချက်အရကတော့ အမိန့်ကြေညာစာပါ မူလစာရင်း အရေအတွက်ထဲကသူတွေကို ထောင်အနေနဲ့ မလွှတ်ခင် တရားစွဲ အဖွဲ့အစည်းတွေဆီ မှတ်ချက်ပြန်တောင်းနေရတဲ့ သဘောဖြစ်နေတဲ့ အကြောင်းနဲ့ သတင်းတပ်ဖွဲ့လိုမျိုးက နောက်ထပ်စွဲဖို့ အမှုရှိမရှိ မှတ်ချက်တောင်းခံပြီး မရှိမှ လွှတ်ပေးတာမျိုးလို့ ဆိုပါတယ်။ ဒီအချက်ကို ကြည့်ရင် စစ်ကောင်စီ အဖွဲ့ထဲမှာတင် လွှတ်မယ်လို့ စာရင်းပြုစုတဲ့အထိ အရေအတွက် ကိန်းဂဏန်းကို ပြုစုပြီးနောက်မှာ နောက်ထပ် တရားစွဲဖို့ ရှိသေးလို့ လွှတ်မပေးဘူးဆိုတာမျိုး ဖြစ်ပျက်နေတာက ရှေ့နောက်မညီတာတွေ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

တချို့မြို့တွေမှာ ထောင်ဗူးဝက အချုပ်က လွတ်လာပြီးနောက်မှာမှ ပြန်ဖမ်းသွားတာမျိုးက ဗရုတ်သုက္ခနိုင်တာကို ဖေါ်ပြနေသလိုဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေအတွက် မိသားစုတွေ မိတ်ဆွေ လုပ်ဖေါ်ကိုင်ဖက်တွေ ဝမ်းသာစွာ ကြိုဆိုကြသလို မလွတ်မြောက်လာသူတွေအတွက် စိတ်မကောင်းဖြစ်ကြရတဲ့ အခြေအနေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ခုလို ဖမ်းလိုက် လွှတ်လိုက်လုပ်နေတာ အခုတကြိမ်နဲ့ဆို ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ တကြိမ် ၂၀၀၀ ကျော် လွှတ်ပေးခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့ပြီး အခုတကြိမ်က ဒုတိယ အကြိမ်ဖြစ်ပါတယ်။ ဧပြီလ ဂျာကာတာ အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ မူ ၅ ချက်ထဲက တချက်ဖြစ်တဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ဆိုတဲ့အချက်ကို အာဆီယံကိုယ်စားလှယ် လာရောက်လိမ့်မယ်လို့ မှန်းဆထားတဲ့ သီတင်းကျွတ် လပြည့်မတိုင်ခင်မှာ လွှတ်ပေးဖို့ ပြင်ဆင်ခဲ့တာလို့လည်း ယူဆနိုင်ပါတယ်။ အာဆီယံကိုယ်စားလှယ် လာရောက်မယ့်အရေးမှာ တွေ့ခွင့်တောင်းသူတွေထဲက အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်ေအာင်ဆန်းစုကြည်ကို တွေ့ခွင့်မပေးတဲ့အပေါ်မှာ အာဆီယံကိုယ်စားလှယ်ရဲ့ ခရီးစဥ် ပျက်သွားခဲ့ပြီး ခုလို ဖမ်းဆီးထားသူတွေကို လွှတ်ပေးတဲ့ ကြေညာချက်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အခုလို ဖမ်းဆီးထိန်းသိမ်းထားသူ ထောင်နဲ့ချီ လွှတ်ပေးနိုင်တယ်ဆိုတာကို ရှုထောင့်တခုကကြည့်ရင် စစ်တပ်က အသာစီးရနေပြီ ထိန်းချုပ်နိုင်ပြီလို့ ယူဆလို့ ယုံကြည်မှုရှိလို့ လွှတ်ပေးတာလား ဆိုတဲ့ ရှုထောင့်ရှိသလိုပဲ အခြားတဖက်ကကြည့်ရင် မလိုအပ်ပဲ အလွန်အကျွံဖမ်းဆီးထားတာကြောင့် အခုလို ထောင်နဲ့ချီလွှတ်ပေးတာတွေမှာ တကယ့် အဓိကကျတဲ့သူတွေ နိုင်ငံရေးဦးဆောင်သူတွေ မပါရှိတာကိုကြည့်ရင် သူတို့ နိုင်ငံရေးအရ ထိန်းနိုင်နေပြီလို့ ယူဆချက်က မမှန်ဘူးလို့လည်း ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

အခြားတဖက်မှာတော့ နိုင်ငံတကာက ဖိအား၊ အာဆီယံက စစ်ကောင်စီအပေါ် ပေးနေတဲ့ ဖိအားတွေကို အတိုင်းအတာတခုအထိ လျော့နည်းသွားစေနိုင်တာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရအဖွဲ့အချို့ကတော့ အန်အယ်လ်ဒီခေါင်းဆောင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကိုပါ ပြန်လွှတ်ဖို့ ဆက်လက်တောင်းဆိုနေကြဆဲ ဖြစ်တာတွေ့ရပါလိမ့်မယ်။

အခုလို နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကိုလွှတ်ပေးတဲ့ အခြေအနေကို ဒီမိုကရေစီဘက်တော်သား အဖွဲ့အစည်းတွေ အနေနဲ့ အခွင့်အလမ်းကောင်းတခု အဖြစ်အသုံးချသင့်ပါတယ်။ ပြန်လွတ်လာသူတွေကို နွေးထွေးစွာ ကြိုဆိုဖို့၊ သူတို့ကို အပြင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ နားလည် သိရှိအောင် အချိန်တခုပေးပြီး ဆွေးနွေးစကားပြော အားပေးကြဖို့ ၊ သူတို့တွေရဲ့ အခြေအနေ နောက်ခံအမျိုးမျိုးအပေါ် မူတည်ပြီး ပြန်ထွက်လာတဲ့နောက် နိုင်ရာအခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ ချိတ်ဆက် လက်တွဲခေါ်ယူကြဖို့ အရေးကြီးတယ်ထင်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုထဲ ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံရသူ ဘယ်သူမဆို တဖက်ရန်သူထံ အညံ့ခံသွားသူမဟုတ်တဲ့ လွတ်လာသူဘယ်သူကို မဆို နွေးထွေးစွာကြိုဆိုပြီး ရှေ့ဆက်လျောက်လှမ်းရမယ့် နိုင်ငံရေးလမ်းကြောင်းအတွက် လက်တွဲ လုပ်နိုင်မယ့် အလုပ်တွေကို ဆက်လုပ်ကြဖို့သာ အာရုံစိုက်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar