Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၃)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၃) 
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၁

• တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်ဆန့်ကျင်ရေးလေထု 
တရုတ်ရင်းနှီးမြှုပ်နှံမှုများစတင်ဝင်ရောက်လာသည့် ၂၀၁၀ ဝန်းကျင်ကာလတွင် မြစ်ဆုံစီမံကိန်း၊ ဓါတ်ငွေ့ပိုက်လိုက်လိုင်းစီမံကိန်းတို့နှင့်ပတ်သက်၍ ဆန့်ကျင်သည့် လှုပ်ရှားမှုများ မြန်မာပြည်တွင်း၌ စတင်ပေါ်ပေါက်လာသည်။ ထိုဆန့်ကျင်မှုများ၏ အစသည် ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ၏ သဘာပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုများမှ အစပြုသည်။ ထိုလှုပ်ရှားမှုများတွင် လူမှုနယ်ပယ်အသီးသီးမှပါဝင်လာသဖြင့် အရှိန်အဟုန်မြင့်လာသည်။ မြစ်ဆုံစီမံကိန်းကတော့ ရပ်တန့်လိုက်ရသည်။ သို့သော် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ကျန်စီမံကိန်းများကို ဆက်လက်လုပ်ကိုင်သည်။ 

လက်ပတောင်းတောင်စီမံကိန်းတွင် မြေသိမ်းယာသိမ်းကိစ္စများမှ အရေးအခင်းများဖြစ်ပွါးပြီး အကြမ်းဖက်အင်အားသုံး နှိမ်နင်းမှုများဖြစ်ပွါးသည်။ သို့ဖြစ်ရာ ပြစ်တင်ရှုံ့ချများနှင့် တရုတ်ဆန့်ကျင်ရေးလေထုများ ပို၍တိုးလာသည်။ 

ထိုစီမံကိန်းများအပြင် ပိုးလမ်းမရပ်ဝန်းတွင်ပါဝင်သည့် လာလတ္တံ့သောစီမံကိန်းများအားလည်း ဆန့်ကျင်မှုများဆက်လက်၍ တွေ့ရသည်။ သို့သော် ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရတက်လာပြီးနောက် တရုတ်အစိုးရနှင့်မြန်မာအစိုးရကြား ဆွေးနွေးသဘောတူညီသည့် စီမံကိန်းများနှင့်ပတ်သက်၍ လူထုဆန့်ကျင်မှုအတန်ငယ်လျော့ကျသွားသည်။ တရုတ်ဆန့်ကျင်ရေးလေထုက ရှိနေဆဲဖြစ်သော်လည်း ဒေါ်‌အောင်ဆန်းစုကြည်၏ NLD အစိုးရက ရှေ့ကကာထားပေးသကဲ့သို့ဖြစ်နေသည်ဟု ဆိုရမည်။ သို့သော် ၂၀၂၁ ဖေဖဝါရီ ၁ ရက်နေ့နောက်ပိုင်းမှစ၍ တရုတ်ဆန့်ကျင်ရေးလေထု ပြန်လည်ခေါင်းထောင်လာသည်။ 

၁၉၈၈ ခုနှစ် ဒီမိုကရက်တစ်လှုပ်ရှားမှုစတင်လာသည့် တရုတ်ဆန့်ကျင်ရေးလေထုသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများစတင်လာသည့် ၂၀၁၀ ခန့်စ၍ ပြန်လည်အားယူလာသည်။

တရုတ်တို့ကတော့ နောက်ကွယ်က ပရောဂများကြောင့်ဟု လက်ညှိုထိုးလေ့ရှိသည်။ ဤအချက်လည်း မပါဟုတော့မဆိုနိုင်ပါ။ အနောက်တိုင်း၏ အလှူရှင်များ၏ပံ့ပိုးမှုနှင့် ပေါ်ပေါက်လာသောအရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့များသည် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်လျင် အစောပိုင်းက သဘာဝနှင့်လူမှုပတ်ဝန်းကျင်ထိခိုက်မှုဖက်က ချဉ်းကပ်ဝေဖန်သည်။ နောက်ပိုင်းတွင် တရုတ်တို့၏ စီးပွါးရေးအရ အသာစီးယူမှုမှသည် ကြွေးမြီထောင်ချောက်အန္တရာယ်ရှိသည်ဟူ၍ ဝေဖန်တိုက်ခိုက်လာသည်။ တရုတ်တို့၏ စီးပွါးရေးဈေးကွက်ချဲ့ထွင်လာမှုကို ဟန့်တားနိုင်ရန်ကြိုးစားလာကြသည်။ သို့နှင့် တရုတ်ရင်းနှီး မြှုပ်နှံမှုများနှင့်ပတ်သက်၍ တရုတ်ဆန့်ကျင်ရေးလေထုများ ရောယှက်နေသည်။ 

သို့သော် တရုတ်တို့လက်ညိုးထိုးသကဲ့သို့ နောက်ကွယ်က ပရောဂသက်သက်တော့မဟုတ်ပေ။ တရုတ်တို့ဖက်တွင်လည်း အားနည်းချက်ရှိ၍ဖြစ်သည်။ အထက်တွင်ဖေါ်ပြပြီးသည့် စီးပွါး‌ရေးဆိုင်ရာအားနည်းချက်များကို တရုတ်ဖက်ကလည်း ပြုပြင်ရန်လိုအပ်သည်။ အခြားတခုမှာ တရုတ်တို့ဖက်မှ မြန်မာလူထုအား ချဉ်းကပ်မျက်နှာပြုဖို့ကြိုးစား ချက်များ မထိရောက်၍ဟုဆိုနိုင်သည်။ တကယ်တော့ တရုတ်မှ NGO များသည်လည်း မြန်မာပြည်သို့လာ၍ လှုပ်ရှားနေကြသည်သာဖြစ်သည်။ တရုတ် NGO များသည် တရုတ်ကွန်မြူနစ်နစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီး၏အောက်တွင်ရှိသည်။ တရုတ် NGO များသည်လည်း မြန်မာပြည်တွင်း၌ လူမှုအကူအညီများပေးဝေခြင်း၊ အစည်းအဝေးများပြုလုပ်ခြင်းတို့ဖြင့်လှုပ်ရှားကြသည်။ သို့သော် တရုတ် NGO များသည် မြန်မာပြည်လူထုသို့မဟုတ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်လှုပ်ရှားမှုပြုလုပ်သည်က မရှိသ လောက်နည်းပါးသည်။ ၎င်းတို့၏မြန်မာပြည်တွင်းလှုပ်ရှားမှုများကို မြန်မာအစိုးရအဖွဲ့အစည်းများ၊ အာဏာရပါတီအဖွဲ့အစည်းများနှင့် ဆက်စပ်လှုပ်ရှားသည်။ သို့ဖြစ်ရာ တရုတ် NGO ၏ချဉ်းကပ်မှုနှင့် တရုတ်အစိုးရ၏ချဉ်းကပ်မှုမှာ တပုံစံထဲဖြစ်နေသည်။

ဤသည်ပင် တရုတ်တို့၏အားနည်းချက်ဖြစ်သည်။မြန်မာပြည်ကဲ့သို့ နိုင်ငံရေးပဋိပက္ခများပြားသောတိုင်းပြည်တွင် တရုတ်တို့၏ မြန်မာအစိုးရကိုသာ ချဉ်းကပ်သည့်ပေါ်လစီသည် မြန်မာလူထုနှင့်ကင်းကွာသည်။ ဆိုရလျင် အနောက်တိုင်း NGO များကို တရုတ် NGO တို့ မယှဉ်နိုင်ခဲ့ပေ။ ထို့ပြင် တရုတ်တို့ ပံ့ပိုးသည့် မီဒီယာများမှာလည်း အထက်တွင်ဖေါ်ပြပြီးသကဲ့သို့ ပြန်ကြားရေးသတင်းဆန်နေသဖြင့် တိုးမပေါက်နိုင်ခဲ့ပေ။ တရုတ်တို့၏ မြန်မာလူထုအား မျက်နှာမူထိုးဖေါက်မှုများမှာထင်တိုင်းမပေါက်ခဲ့ပေ။ 

• တရုတ်-အမေရိကန်ပြိုင်ဆိုင်မှု၏ ဂယက် 
၂၀၁၀ နောက်ပိုင်းမြန်မာပြည်တွင်း ဖြစ်ပေါ်လာသောထိုဖြစ်ရပ်များသည် တရုတ် အမေရိကန်ကြား အားပြိုင်မှု‌များ၊ အငြင်းပွါးမှုများသက်ရောက်သည်က ငြင်းပယ်ရန်မရှိပေ။ တရုတ်နှင့်အမေရိကန်ကြား အငြင်းပွါးမှု စီးပွါးရေးသက်သက်သာမက ဒေသတွင်းပြသနာများလည်းပါသည်။ ထင်ရှားသည်က တိုင်ဝမ်ပြသနာနှင့် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုပြသနာဖြစ်သည်။ တိုင်ဝမ်ကျွန်းသည် တရုတ်ပြည်မ၏အစိတ်အပိုင်းဆိုသည်ကိုငြင်းပယ်ရန်မရှိပေ။ တရုတ်ပြည်မကြီးမှ စစ်ရှုံး‌သွားသော ကျန်းခဲ့ရှိတ် ကူမင်တန်တို့အနေနှင့် တိုင်ဝမ်ကျွန်းသို့ဆုတ်ခွါပြီး တရုတ်ပြည်မကြီးအားပြန်လည်ထိုးဖေါက်ရန် ကြံရွယ်ခဲ့သော်လည်း ရေရှည်တွင်မဖြစ်နိုင်တော့ဘဲ တိုင်ဝမ်ကျွန်းလွတ်လပ်ရေးဟု ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ တရုတ်တို့အဖို့လဲ ၁၉၄၉ ခုနှစ် ပြည်မကြိးအားသိမ်းပိုက်ပြီးနောက် ရှမင်ကျွန်းဆွယ်မှဖြတ်၍ တိုင်ဝမ်ကျွန်းအား ပင်လယ်ဖြတ်၍ တိုက်ခိုက်ခဲ့သေးသည်။ သို့သော် တရုတ်လွတ်မြောက်ခါစ တရုတ်တပ်မတော်အနေနှင့် ပင်လယ်ဖြတ်၍တိုက်ရသည့်စစ်ပွဲတွင်ရေတပ်နှင့်လေတပ်အင်အားမကောင်းသည့်အပြင် ကူမင်တန်တို့အား အမေရိကန်တို့က ရေတပ်အကူအညီဖြင့် အကာအကွယ်ပေးထား၍ တရုတ်တို့စစ်ဆင်ရေးရပ်တန့်ထားခဲ့ရသည်။ ယနေ့ကာလတွင် တိုင်ဝမ်ပြသနာကို မည်သို့ဖြေရှင်းမည်ဆိုသည်က ပြသနာတခုဖြစ်သော်လည်း တိုင်ဝမ်ကျွန်းသည် တရုတ်ပြည်မကြိး၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည်ကို ငြင်းပယ်ရန်မဖြစ်နိုင်ပေ။ ယင်းအချက်ကို မြန်မာအပါ နိုင်ငံအတော်များများကလည်း လက်ခံထားသည်။ 

သို့သော် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုပြသနာကတော့ တိုင်ဝမ်ပြသနာနှင့်ကွာခြား သည်။ တရုတ်တို့ရေးဆွဲပြီး တရုတ်တို့ပိုင်ဆိုင်သည်ဟု ကြေညာထားသည့် တောင်တရုတ်ပင်လယ် ရေပုံနှင့်ပတ်သက်၍ နိုင်ငံတကာကသာမက တောင်တရုတ်ပင်လယ်နှင့်ဆက်စပ်နေသော ဒေသတွင်းနိုင်ငံများကပါ လက်မခံကြပေ။ တရုတ်တို့က တောင်တရုတ်ပင်လယ်တွင်း လူလုပ်ကျွန်းတုများဖန်တီးပြီး စစ်စခန်းများတည်‌ဆောက်လာမှုက ဒေသတွင်း တင်းမာမှုကို ပို၍ကြီးထွားစေသည်ကို တွေ့ရသည်။ တရုတ်တို့အနေနှင့် ဒေသတွင်းနိုင်ငံများ၏ ပိုင်ဆိုင်မှုနှင့် နိုင်ငံတကာရေပိုင်နက်ဖြစ်မှုကို အသိမှတ်မပြုပါက အငြင်းပွါးမှုသည် ပို၍ကြီးထွားပေမည်။ လက်ရှိတွင် အမေရိကနှင့်သူ၏မဟာမိတ်တို့က နိုင်ငံတကာရေပိုင်နက်အ ဖြစ်သတ်မှတ်ထားပြီး သူတိို့၏ရေတပ်များစေလွှတ်သည်။ ယခုအချိန်တွင်  တရုတ်တို့က တိုင်ဝမ်ပြသနာနှင့်တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုပြသနာကို တွဲထားသည်ဟုဆိုရမည်။ အမေရိကန်ရေတပ်များ တောင်တရုတ်ပင်လယ်တွင်း ဝင်ရောက်နေချိန်တွင် တရုတ်တို့က တိုင်ဝမ်ကျွန်းသို့ စစ်လေယဉ်အမြောက်အများစေလွှတ်ခြိမ်းခြောက်သည်ကို ‌တွေ့ရသည်။ 

ထိုအပြင် အိန္ဒိယသမုဒ္ဒရာအတွင်း အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတေးလျ စသည့် QUAD အဖွဲ့၏စစ်ရေးလှုပ်ရှားမှုများကို တွေ့နေရသည်။ သို့ဖြစ်ရာ ဤပဋိပက္ခများ၊ ဤအားပြိုင်မှုများက မြန်မာပြည်အပေါ် ပြင်းထန်စွာသက်ရောက်ပြီး မြန်မာပြည်၌ ကိုယ်စားပြုစစ်ပွဲ (proxy war ) များဖြစ်လာမည်လောဟူသည့် စဉ်းစားတွက်ချက်မှုများရှိလာသည်။ ဤသို့သောအခြေအနေအောက်တွင် ၂၀၂၁ ခုနှစ် ဖေဖဝါရီ ၁ ရက်နေ့မှစ၍ နိုင်ငံအရေးအကြပ်အတည်းတခုဆီသို့ ချဉ်းနင်းဝင်ရောက်ခဲ့သော မြန်မာပြည်ပေါ်သို့ မည်သို့သက်ရောက်မည်ကိုမဖြစ်မနေ ထည့်သွင်းစဉ်းစားရန်လိုအပ်လာပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar