Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၁

နိုင်ငံရေး အသဲကွဲခြင်း 
အပြင်လောက တယောက်နဲ့ တယောက်ချစ်ခင်နှစ်သက်ကြရာက တယောက်က စွန့်ခွာသွားတာ၊ သစ္စာဖောက်သွားတဲ့အခါမှာ အသဲကွဲတယ်လို့ ဆိုကြပါတယ်။ တခါတရံမှာ တဖက်က တဖက်သတ်ချစ်ခင်စုံမက်တာ စွဲလမ်းတာမျိုးလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေး အသဲကွဲခြင်းဆိုတဲ့ စကားလုံးက အသုံးများတဲ့ စကားလုံးတလုံးတော့မဟုတ်ပါဘူး။ လူအချင်းချင်း ချစ်ခင်စုံမက်ကြတဲ့ကိစ္စမျိုးမှာ တဖက်က သစ္စာဖောက်သွားတာမျိုးနဲ့ နိုင်ငံရေးနယ်ပယ် နိုင်ငံရေးကိစ္စရပ်တွေမှာလည်း ထောက်ခံသူတွေက၊ တဖက်က လေးစားတန်ဖိုးထားတဲ့ သူက မမျှော်လင့်ထားတဲ့ လုပ်ရပ်၊ သစ္စာဖောက်သွားတဲ့လုပ်ရပ်လုပ်တာကို သိလိုက်ရတဲ့အခါမျိုး၊ မိမိတို့မျှော်လင့်တကြီးထားတဲ့ ခေါင်းဆောင်က မျှော်လင့်မထားတဲ့လုပ်ရပ်ကို လုပ်တဲ့အခါ တန်ဖိုးထား မျှော်လင့်ထားတာတွေ ဆုံးရှုံးသွားတာမျိုးကို တင်စားသုံးနှုန်းကြည့်တာ ဖြစ်ပါတယ်။ 

ဧပြီလတုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အသက်အငယ်ဆုံး စီအီးစီဖြစ်သူက ၄င်းဝန်ကြီးချုပ်တာဝန်ယူစဥ်က နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကန်ဒေါ်လာ ၆ သိန်းနဲ့  ရွှေ ၇ ပိသာကို သုံးကြိမ်ခွဲပြီးပေးခဲ့တယ်ဆိုတဲ့ ကိုယ်တိုင်ထွက်ဆိုတဲ့ ဗီဒီယိုကလစ်ကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီအချိန်ကတော့ ဗီဒီယိုက အတုဖြစ်တယ်လို့ သံသယရှိသူလည်း ရှိကြ၊ တချို့လည်း ဖိအားပေးထားလို့ ချုပ်ကိုင်ထားပြီးပြောခိုင်းလို့ ဝေဖန်ကြတာတွေ ရှိခဲ့ပြီး အများအပြားက သူပြောတယ်ဆိုတာကို သံသယရှိခဲ့ကြတာဖြစ်ပါတယ်။ 

အောက်တိုဘာလ ၁ ရက်နေ့ ဒီနေ့မှာတော့ နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုပုဒ်မနဲ့ စွဲဆိုထားတဲ့အမှုအတွက် တရားလိုဘက်ကတင်သွင်းတဲ့ သက်သေအဖြစ် ဦးဖြိုးမင်းသိန်းက လာရောက်ထွက်ဆိုရာမှာ ဧပြီလတုန်းက အထက်မှာထွက်ဆိုသလို အချက်အလက်အတိုင်း ပြန်လည်ထွက်ဆိုသွားတဲ့အချိန်မှာ အန်အယ်လ်ဒီထောက်ခံသူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြား အံ့အားသင့်ခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးဖြိုးမင်းသိန်းကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်စေခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီပါတီက အစိုးရဖွဲ့တဲ့အခါမှာတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကျန်းမာရေးအကြောင်းကြောင့်လို့ ဆိုကာ ပြန်လည်အရွေးမခံခဲ့ပါဘူး။ 

အန်အယ်လ်ဒီပါတီမှာ အသက်အငယ်ဆုံး စီအီးစီလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်အားကိုးခြင်းခံရတဲ့ လူလတ်ပိုင်း ခေါင်းဆောင်တဦးက အခုလို စစ်ကောင်စီအလိုကျ သက်သေထွက်ဆိုပေးခဲ့တာဟာ သစ္စာဖောက်တဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ တရားရုံးက ဘယ်လိုမဆို ချုပ်နှောင်ဖမ်းဆီးထားတာကို တရားဝင်ဖို့ အမှုဆင်တဲ့နေရာမှာ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အားထားရသူ ခေါင်းဆောင်တယောက်က ကူညီပံ့ပိုးတဲ့နေရာက ပါဝင်လုပ်ဆောင်ရတဲ့သဘောလည်း ဖြစ်ပါတယ်။ 

ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်တာဝန်ယူစဥ်ကာလတွေမှာ အငြင်းပွားဖွယ်ရာ ကိစ္စတခုမက ဖြစ်ပျက်ခဲ့ပါတယ်။ သိန်းထောင်ကျော်တန် လက်ပတ်နာရီ ကိုလာဘ်လာဘအဖြစ် လက်ခံရယူခဲ့တယ်ဆိုတဲ့ သတင်းစာဆောင်းပါး ရေးသားမှုနဲ့ အလဲဗင်းမီဒီယာ စီအီးအိုနဲ့ အယ်ဒီတာချုပ်ကို ဆက်သွယ်ရေးပုဒ်မ  ၆၆ (ဃ) နဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ အမှုအခင်း၊ နောက်တဖန် ရန်ကုန်တိုင်းအစိုးရရဲ့ ဝိုင်ဘီအက်စ် ဘတ်စ်ကားတွေ ကုမ္ပဏီထောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အလဲဗင်းမီဒီယာကပဲ ဒုတိယအကြိမ်သတင်းရေးရာမှာလည်း အယ်ဒီတာ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ်တို့ကို ဖမ်းဆီးတရားစွဲဆိုခဲ့တဲ့ အမှုအခင်း၊ မဆလစစ်အာဏာရှင် ဦးနေဝင်းရဲ့ မြေးဖြစ်သူတွေကို ဝန်ကြီးချုပ်အနားမှာ အမြဲမကွာ လိုက်ပါနေခဲ့တဲ့ ဖြစ်စဥ်တွေက အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

ဒီနေ့တော့ ဧပြီလက ထွက်ဆိုချက်အတိုင်း တရားရုံးမှာ ထွက်ဆိုခဲ့ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကဆင်တဲ့အမှုကို ပိုအားကောင်းစေမယ့် သဘောဖြစ်လာပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar