Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁)

မောင်မောင်စိုး - မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁)
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၁

သမိုင်းထဲက မြန်မာ-တရုတ်ဆက်စပ်မှု 
သမိုင်းတလျောက် မြန်မာတို့နှင့်တရုတ်တို့ကြားတွင် ရှည်လျားသော ထိတွေ့မှု၊ ဆက်ဆံမှုများရှိခဲ့သည်။ အစောဆုံးဟုဆိုရလျင် မြန်မာပြည်နေရာတွင် စတင်၍မြို့ပြလူ့အဖွဲ့အစည်းအဖြစ် အခြေချသော ပျူခေတ်ကာလကထဲက တရုတ်ပြည်သို့ သံအဖွဲ့တခုစေလွှတ်ခဲ့ဘူးကြောင်း တရုတ်မှတ်တမ်းများတွင် တွေ့ရပါသည်။ ထို့ပြင် ပျူခေတ်နှင့်ပတ်သက်၍ တရုတ်မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်များရှိသည်ဟု သမိုင်းသုတေသီများကဆိုသည်။ ထို့အပြင် ပုဂံရာဇဝင်တွင် နရသီဟပတေ့မင်းသည် တရုတ်ပြေးမင်းဟုသည့် အမည်ကျော်ကြားသည်။ ပုဂံမင်းဆက်ကာလတွင် မြန်မာတို့သည် တရုတ်တို့နှင့်စစ်ပွဲများစတင်ဖြစ်ပွါးနေပြီကိုတွေ့ရသည်။ သို့သော် မြန်မာပြည်သို့ ဝင်ရောက်တိုက်ခိုက်သည်မှာ ထိုအချိန်ကတရုတ်ပြည်အားစိုးမိုးထားနိုင်သည့် မွန်ဂိုများဟုဆိုကြသည်။ မည်သို့ပင်ဖြစ်စေ မြန်မာသမိုင်းတင်သည့်ကာလမှစ၍ မြန်မာမြေနှင့်တရုတ်‌မြေတို့တွင်ရှိသည့် လူ့အဖွဲ့အစည်းနှစ်ခုသည် အဆက်အဆံရှိနေပြီကိုတွေ့ရသည်။ ပဒေသရာဇ်တို့၏ နယ်ပယ်ချဲ့ထွင်မှု၊ ဩဇာထူထောင်မှုကို တွေ့မြင်နေရပြီဖြစ်သည်။ ထိုအချိန်ပဒေသရာဇ်ခေတ်ကာလ သမိုင်းတင်သည့်ကာလမှစ၍ စစ်ပွဲများ၊ သံတမန်ဆက်ရေးများကိုကြည့်လျင် မြန်မာနှင့်တရုတ်ဆက်စပ်မှုသည် နှစ်တထောင်ခန့်ရှိပြီဟုတွက်ဆရသည်။ 

ဤသို့ဆက်ဆံမှုသည် မြန်မာနှင့်တရုတ် နယ်မြေခြင်း မိုင်ထောင်ချီဆက်စပ်မှုနေမှုသည် အဓိကအကြောင်းတရပ်ဖြစ်ပေလိမ့်မည်။ ကုန်သွယ်မှုအရ၊ ပြောင်းရွှေ့အခြေချမှုများအရ၊ ပဒေသရာဇ်ခေတ်စစ်ပွဲများအရ တရုတ်တို့သည် မြန်မာနှင့်အစောဆုံး အဆက်အဆံရှိခဲ့သည့် လူမျိုးထဲတွင်ပါဝင်သည်။ ထို့ကြောင့်လည်း မြန်မာတို့၏ ကိုယ်ပိုင်အမည်ပေးခံရသော လူမျိုးလည်းဖြစ်ခဲ့သည်။ သူတို့ကိုယ်သူတို့ "ဟန်" လူမျိုးဟုခေါ်သူများအား မြန်မာတို့က တရုတ်ဟုခေါ်ဝေါ်ခဲ့သည်။ "ကျုံးကော့" ဟုခေါ်သော သူတို့တိုင်းပြည်အား တရုတ်ပြည်ဟုခေါ်ခဲ့သည်။ တရုတ်ပြည်ရှိ "ဟွေ" လူမျိုးများအား ပန်းသေးတရုတ်များဟုခေါ်ခဲ့သည်။ ဆိုရလျင် တရုတ်တို့သည် မြန်မာတို့ကိုယ်ပိုင်နံမည်ပေးခြင်းခံခဲ့ရသူများဖြစ်သည်။ သို့သော်လည်း မြန်မာတို့၏ ကိုယ်ပိုင်အမည်ပေးခြင်း အထွန့်မတက်ဘဲ လက်ခံခဲ့ပြီး ၎င်းတို့ကိုယ်တိုင် လိုလိုလားလားလက်ခံသုံးစွဲနေသည်ကိုတွေ့ရသည်။ ဤသို့ဖြစ်လာခြင်းမှာ မြန်မာပြည်နှင့်တရုတ်ပြည် ဆက်ဆံရေးရှိရုံသာမက မြန်မာပြည်တွင်းသို့ တရုတ်လူမျိုးများစောစွာကထဲက ပြောင်းရွှေ့အခြေချခြင်းသည်လည်း အကြောင်းအ ချက်တခုဖြစ်ပေသည်။ မင်းတုန်းမင်းခေတ် မန္တလေးမီးလောင်သည်ပင် တရုတ်လူမျိုး မောင်ကြည်၏ ခေါက်ဆွဲဆိုင်က စသည်ဟု ဆိုသည်မဟုတ်ပါလော။ 

သို့ဖြစ်ရာ နှစ်ထောင်ချီပြီဖြစ်သည့် မြန်မာတရုတ်ဆက်ဆံရေးနှင့်ပတ်သက်ဆက်နွယ်မှုသည် မိုင်ထောင်ချီဆက်စပ်နေသည့် နယ်နမိတ်ချင်းဆက်စပ်နေမှုပေါ်အခြေတည်သည်။ မပတ်သက်ချင်၍ ရှောင်နေ၍ရသည့် အခြေအနေမျိုးမဟုတ်ပေ။ နယ်စပ်တလျောက် နိစ္စဓူဝ ဆက်စပ်ပတ်သက်နေသည်။ ဤသည်ကား မြန်မာတရုတ်ဆက်စပ်ပတ်သက်မှုနှင့်ဖြစ်စေ၊ မြန်မာတရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ဖြစ်စေ တွေ့ရှိရသည့် အခြေခံအချက်ဖြစ်သည်။

ဒုတိယအနေနှင့်တွေ့ရှိရသည်မှာ မြန်မာတို့၏ သမိုင်းတင်သည့်ကာလသည် ပုဂံခေတ်ဟုဆိုပါက မြန်မာသမိုင်းသည် နှစ်ပေါင်း ၉၀၀/၁၀၀၀ ခန့်သာရှိသေးသည်။ တရုတ်ပြည်တွင် ပဒေသရာဇ်နိုင်ငံငယ်များ စတင်သည်ကတော့ လွန်ခဲ့သော နှစ် ၄၀၀၀ ခန့်ကဖြစ်သည်ဟုဆိုကြသည်။ သို့သော်တရုတ်ပြည်ရှိပြန့်ကျဲနေသော ပဒေသရာဇ်နိုင်ငံငယ်များကို စတင်စုစည်းခဲ့သည့် ချင်မင်းဆက်‌ခေတ်သည် လွန်ခဲ့သော နှစ် ၂၂၀၀ ကျော်ခန့်က စတင်ခဲ့သည်။ မြန်မာပြည်နှင့်နှိုင်းစာလျင် ရှည်ကြာသောသမိုင်းရှိသည်။ ရှည်ကြာသော ယဉ်ကျေးမှုရှိသည်။ ကမ္ဘာပေါ်တွက် အစောဆုံးတည်ထွင်မှုများရှိသည်။ တိုင်းပြည်အကျယ် အဝန်းရရော၊ လူဦးရေအရော ကမ္ဘာပေါ်တွင်တိုင်းပြည်ကြီးတခုဖြစ်သည်။ ပင်ကိုယ်သဘာဝကိုက မြန်မာနှင့်မတူသည့် ထူးခြားမှုရှိသည်။ ထို့ပြင် မဖွံ့ဖြိုးသေးဟုဆိုသည့် ၁၉၆၀ ခုနှစ်ကာလများများတွင်ပင် အနုမြူလက်နက်ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ခဲ့ပြီဖြစ်သည်။ မြန်မာတို့သည် ကိုယ်မင်းကိုယ်ချင်းနှင့် ပဒေသရာဇ်မြို့ပြနိုင်ငံတော်ထူထောင်ခဲ့သည့်နိုင်ငံဖြစ်သည်ဟု ဝံ့ကြွားနိုင်သော်လည်း မြန်မာ့ဘုရင်နန်းတော်နှင့် တရုတ်ဘုရင့်နန်းတော်၊ မြန်မာဘုရင်ပိုင်နက်နှင့် တရုတ်ဘုရင့်ပိုင်နက်၊ မြန်မာတို့၏အရင်းအမြစ်နှင့် တရုတ်တို့၏ အရင်းအမြစ် ကွာခြားမှုကြီးမားသည်။မြန်မာပြည်နှင့်တရုတ်ပြည်ကြား မတူကွဲပြားသည့် အချက်အလက်များကို ပိုင်ဆိုင်ထားသည်။ မြန်မာတရုတ်ဆက်ဆံရေးတွင်သတိပြုရန်လိုသည့် အချက်ဖြစ်သည်။ မြန်မာတရုတ်ဆက်ဆံရေးနှင့်ဆက်စပ်ပတ်သက်မှုများကို စဉ်းစားဆုံးဖြတ်မည်ဆိုပါက မပတ်သက်၍ မရသည့်ကြောင်းအချက်နှင့် မတူကွဲပြားသည့်အကြောင်းအချက်နှစ်ခုအား အခြေခံအားဖြင့် ထည့်သွင်းစဉ်းစားရန်လိုသည်။ 

ခေတ်သစ်မြန်မာ-တရုတ် ဆက်ဆံမှု ပထမပိုင်း
ဒုတိယကမ္ဘာစစ်အစကာလ ကူမင်တန်တရုတ်ဖြူတပ်များ မြန်မာပြည်သို့ဝင်ရောက်လာခြင်း အင်္ဂလိပ်၊ အမေရိကန်တို့၏ မဟာမိတ်အဖြစ် ဂျပန်ကို တိုက်ရန်ဝင်ရောက်လာခြင်းဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းဖြစ်သဖြင့် မြန်မာတို့နှင့် တိုက်ရိုက်မသက်ဆိုင်လှဟု ဆိုနိုင်သည်။ ထို့ပြင် င်္ဂလိပ်တို့ဆုတ်ခွါရသဖြင့် တရုတ်ဖြူတပ်များလည်း မြန်မာမြေက အလျင်အမြန်ထွက်ခွါသွားရာ အချိန်ကာလည်းသိပ်မကြာသကဲ့သို့ အကျိုးသက်ရောက်မှုလည်း သိပ်တော့မရှိခဲ့ပေ။ 

တကယ်တမ်း မြန်မာ တရုတ်ဆက်ဆံမှုသည် ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးနှင့် ၁၉၄၉ ခုနှစ် တရုတ်ပြည်လွတ်မြောက်ပြီးနောက်ပိုင်းဖြစ်သည်။ ထိုစဉ်က တရုတ်နီဟုခေါ်သည့် တရုတ်ပြည်သစ်အား အစောဆုံးအသိမှတ်ပြုခဲ့သည့်အထဲတွင် မြန်မာအစိုးရ ပါဝင်ခဲ့သည်။ မြန်မာတို့သည် တရုတ်နီအစိုးရနှင့် ဆက်ဆံသည်နှင့် တပြိုင်တည်း တရုတ်ဖြူတို့နှင့်ရင်ဆိုင်ရသည်။ သို့သော် ကောင်းမွန်စွာဆက်ဆံရသည်တော့မဟုတ်။ တရုတ်နီအစိုးရကို စစ်ရှုံးပြီး ထွက်ပြေးထာကြသော တရုတ်ဖြူတပ်များသည် သံလွင်မြစ်အရှေ့ခြမ်းအား ဝင်ရောက်သိမ်းပိုက်ထိမ်းချုပ်အခြေပြုသည်ကို ရင်ဆိုင်ရခြင်းဖြစ်သည်။ ဒုတိယအကြိမ် မြန်မာပြည်ထဲဝင်ရောက်လာသော တရုတ်ဖြူတပ်များကတော့ ကောင်းသောလာခြင်းမဟုတ်တော့ပေ။ မြန်မာပြည်တွင်းသို့ ပြသနာများစွာ သယ်လာခဲ့သူများဖြစ်သည်။ အမေရိကန်နှင့်အနောက်အုပ်စုက တရုတ်ဖြူ (တိုင်ဝမ်) အစိုးရကိုသာ အသိမှတ်ပြုပြီး ကမ္ဘာ့ကုသမဂ္ဂတွင် တရုတ်ပြည်မကြီးအားလုံးကို ထိမ်းချုပ်ထားနိုင်သော တရုတ်နီအစိုးရအား ပါဝင်ခွင့်မပြုဘဲ ဖယ်ကျဉ်ထားသောကာလတွင် မြန်မာအစိုးရ၏ တရုတ်နီအစိုးရအား အစောဆုံးအသိမှတ်ပြုခြင်း ဘေးကျင်းတရုတ်အစိုးရနှင့် ဆက်ဆံရေးအဆင်ပြေစေခဲ့သည်။ ထို့ပြင် တရုတ်နှင့်နယ်နမိတ်နှင့်ဆက်စပ်နေသော ရှမ်းပြည်နယ်အတွင်း ကျူးကျော်အခြေချပြီး တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖေါက်နှောက်ယှက်ရန် ကြံရွယ်သည် တရုတ်ဖြူတို့အား မြန်မာအစိုးရက တိုက်ခိုက်ခြင်းသည် တရုတ်နီတို့အတွက် ကြိုဆိုပူးပေါင်းရမည့်ကိစ္စဖြစ်ခဲ့သည်။ ထိုစဉ်က တရုတ်ဖြူတို့အား အမေရိကန်က အားပေးအား‌မြှောက်ပြုနေသည့်ကာလဖြစ်ရာ အမေရိကန်နှင့်မပူးပေါင်းဘဲ တရုတ်ဖြူတို့အားတိုက်ထုတ်ရေးတွင် တရုတ်ပြည်မကြီးနှင့်ပူးပေါင်းခဲ့သည့်  မြန်မာအစိုးရသည် တရုတ်တို့အတွက် ကြေနပ်စရာဖြစ်ခဲ့သည်။ 

ထို့ပြင် အမေရိကန်နှင့်ဆိုဗီယက်ရုရှားစသည့် အင်အားကြီးနိုင်ငံများ တွင်ကျယ်နေသည့် ကမ္ဘာကြိီးတွင် မြန်မာအစ်ိုးရသည်ဘက်မလိုက်မူဝါဒကျင့်သုံးခြင်း၊ ဘန်ဒေါင်း ညီ လာခံတွင်ပါဝင်ပြီး ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်ချမှတ်ခြင်း၊ ဘက်မလိုက်မူဝါဒများချမှတ်ခြင်းတို့ကြောင့် မြန်မာတရုတ် ဆက်ဆံရေးသည်ကောင်းမွန်ခဲ့ သည်။ ၁၉၅၀ နှင့် ၁၉၆၀ ကြားတွင် တရုတ်ခေါင်းဆောင်များ၏ မြန်မာပြည်ချစ်ကြည် ရေး ခရီးစဉ်များအား များစွာတွေ့ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီး ခေတ်သစ် မြန်မာတရုတ်အစိုးရချင်း ဆက်ဆံရေးအစကောင်းသည်ဟုဆိုနိုင်သည်။ 

မြန်မာအစိုးရအားဆန့်ကျင်ပြီး လက်နက်ကိုင်တိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီသည် သူ၏ကိုယ်စားလည်အဖွဲ့အား ၁၉၅၀ ခုနှစ်ဝန်းကျင်တွင် တရုတ်ပြည်သို့စေလွှတ်ခဲ့ပြီး နှစ်ပါတီဆက်ဆံရေးထူထောင်ရန်ကြိုးစားသည်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ထိုကိုယ်စားလည်အဖွဲ့အား ကောင်းမွန်စွာ လက်ခံထား၍ ပါတီချင်းဆက်ဆံမှုထူထောင်ပြီး နိုင်ငံရေးသင်တန်းများပေးခါ တရုတ်ပြည်တွင်း၌ နေရာချပေးထားသည်။ သို့သော် အခြားကူညီမှုတော့မပေးသေးသဖြင့် ထိုပါတီချင်းဆက်ဆံရေးသည် အစိုးရချင်းဆက်ဆံရေးတွင် ပြသနာကြီးမဖြစ်သေးပေ။ 

တဖက်တွင်လည်း တရုတ်နယ်စပ်တလျောက်လှုပ်ရှားနေသော တရုတ်ဖြူတပ်များ တန်ပြန်နိုင်ရန် တရုတ်အစိုးရသည် မြန်မာအစိုးရနှင့်ပူးပေါင်းကြိုးစားနေသည်။ တရုတ်ဖြူတို့၏ ထောက်လှမ်းရေးအဖွဲ့များကို တန်ပြန်နိုင်ရန် တရုတ်ကွန်မြူနစ်ပါတီ၏ အမာခံ ကလပ်စည်းများကို မြန်မာပြည်တွင်း၌ မွေးမြူသည်။ အများအားဖြင့် မြန်မာပြည်ရှိ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကြား ထိုးဖေါက်စည်းရုံးခဲ့သည်။ သို့သော်လည်း 
အစိုးရချင်းဆက်ဆံရေးကောင်းမွန်နေသည်ဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပါတီချင်းဆက်ဆံရေးသည်၎င်း၊ တရုတ်ပါတီ၏ ကလပ်စည်းများသည်၎င်း ပြသနာကြီးများ မဖြစ်ခဲ့ပေ။ သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်အပြီး ခေတ်သစ်မြန်မာတရုတ်ဆက်ဆံရေး၊ အစိုးရချင်းဆက်ဆံရေးသည် ကောင်းမွန်နွေးထွေးသော ဆက်ဆံရေးဖြစ်ခဲ့သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar