မိုးမခကဗျာ ၂ - ချမ်းမြ "တော်လှန်ရေးတွေပြီးတဲ့တနေ့ ငါ မင်းတို့ဆီကို ဆက်ဆက်ပြန်လာခဲ့မယ် ယောက်ဖ"
အောက်တိုဘာ ၂၊ ၂၀၂၁
"တော်လှန်ရေးတွေပြီးတဲ့တနေ့
ငါ မင်းတို့ဆီကို ဆက်ဆက်ပြန်လာခဲ့မယ် ယောက်ဖ"
ချမ်းမြ
ဘယ်တော့လဲ မမေးနဲ့ တစ်နေ့နေ့ပေါ့
ငါပြန်လာတဲ့အခါ မင်းတို့မဖတ်ရသေးတဲ့
ကဗျာအသစ်တွေ ငါကိုယ်တိုင်ဖတ်ပြမယ်
ကဗျာစာအုပ်လေးတစ်အုပ်လောက်ထုတ်မယ်
ယောက်ဖ
မင်းအသားတွေပိုမဲလာတယ်လို့ပြောတဲ့ကောင်တွေကို
လက်ခလည် ထောင်ပြပြီး နှုတ်ဆက်မယ်
ပြီးရင်
အရင်လိုပဲ လက်ဖက်ရည်ဆိုင်ဝိုင်းမှာ
မင်းတို့ နဲ့ ငွေနဂါးဆေးပေါ့လိပ်လေးမျှသောက်မယ်
ဘောလုံးပွဲအကြောင်းတွေပြောမယ်
ငြင်းကြခုန်ကြမယ်
ယီးပဲဟေ့လို့အစပြုပြီး
အရေးတော်ပုံအတွင်း ငါ့ သောက်တလွဲ ဖြတ်သန်းမှုတွေကို
ဟာသအနေနဲ့ ငါပြန်ပြောပြမယ်
အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ
အဖေရဲ့စိတ်ပူပြီး ဆဲသံလေးနားထောင်မယ်
"သားကြီး ကြောင်အိမ်ထဲမှာ
မင်းအတွက် ထမင်းနဲ့ဟင်းတွေချန်ထားတယ်လို့"
အမေ့ရဲ့စကားသံလေး နဲ့
ငါအိမ်ထမင်းဟင်းကို အဝကြိတ်အုံးမယ်
မူးပြီးအိမ်ပြန်မယ့် ညတွေမှာ
ရပ်ကွက်ထိပ်က ငါ့ဘော်ဒါ အာဝုတွေအတွက်
မုန့်တွေဝယ်ပြန်မယ်
ဒီကောင်တွေလည်း ငါ့ကိုသတိရနေလောက်မယ်
ချစ်စရာကောင်းတဲ့ ရည်းစားလေးတစ်ယောက်လောက်ထားမယ်
ပြီးရင် မင်းတို့ရှေ့မှာ စောက်ရမ်းရိုပြမယ်
ဘဝကို ချစ်တဲ့သူတွေနဲ့ အေးဆေးစွာဖြတ်သန်းပြီး
ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလောက်လုပ်မယ်
ဘယ်တော့လဲလို့ မမေးနဲ့ တစ်နေ့နေ့ပေါ့ကွာ
တခုခုဆို လက်ခလည်ပဲ ထောင်ပြတတ်တဲ့
ငါ့တို့လူငယ်တွေ သေနတ်မကိုင်ရတော့တဲ့
တစ်နေ့နေ့ပေါ့ကွာ ယောက်ဖတို့
တော်လှန်ရေးတွေပြီးလို့
အရေးတော်ပုံကြီးအောင်တဲ့အခါ
အဓမ္မကို လက်ခလည်ထောင်ပြရင်း
ငါ မင်းတို့ဆီကို ဆက်ဆက်ပြန်လာမှာပါ
ချစ်ခြင်းများဖြင့်
ချမ်းမြ
၉ ၊ ၉ ၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar