Breaking News

မိုးမခကဗျာ - လင်းနွေးအိမ် '' လမ်းကောက်တခုရဲ့မြင်ကွင်း ''၊ နေချိုသွေး '' မစ္စတာ ကမ္ဘာ ''

KT#

မိုးမခကဗျာ
အောက်တိုဘာ ၂၃၊ ၂၀၂၁

'' လမ်းကောက်တခုရဲ့မြင်ကွင်း ''
လင်းနွေးအိမ်

လမ်းကောက်လျှောက်ရလို့
လမ်းပျောက်တယ်လို့ထင်တာပါ
ဝင်္ကဘာမှန်သမျှ
ထွက်ပေါက်တပေါက်တော့ရှိတယ်။

အံ့အားသင့်စရာကောင်းတာက
အငြိမ်းစားယူပြီးအေးအေးလူလူနေခွင့်ရတဲ့အာဏာရှင်ဟာ
ဒီနေရာမှာပဲရှိနေတယ်။ 

မိုက်ကမ်းတဲ့လမ်းကလွဲလို့သူတို့ရွေးစရာမရှိသလို
ကျနော်တို့ပြည်သူတွေကလဲ
ရေကုန်ရေကမ်းရုန်းထဖို့ကလွဲလို့
ဝင်္ကဘာထွက်ပေါက်ရောက်မှာမဟုတ်ဘူး။

လမ်းကောက်လျှောက်ရလို့
လမ်းပျောက်သလိုထင်တာပါညီမလေးရေ
လမ်းပေါက်ရောက်တဲ့အခါ
အမောပြေပါစေလိမ့်မယ်။ 

အောက်တိုဘာ ၂၂၊ ၂၀၂၁
...

'' မစ္စတာ ကမ္ဘာ ''
နေချိုသွေး

ဟလို! မစ္စတာကမ္ဘာ ပျော်ပါရဲ့လား...။
ပျော်ပါရဲ့လားလို့မေးရင်
အပူရောင်တွေအောက် ပျော်ကျနေတဲ့
ခေတ်ကြီးတခုလုံးကို လက်ညိုးထိုးပြမယ်။

ပြည်သူပိုင် သိမ်းပြီး
ပြည်သူတယောက်မှ မပိုင်ခဲ့ရတဲ့ စည်းစိမ်တွေ
တောအပြုန်း တောင်ဂတုံးမှာ
အစိမ်းသူရဲတို့ အပြိုင်းအရိုင်း တောထကြီးစိုး မင်းမူနေကြတယ်။

အာဏာရှင်တွေကို ပုန်ကန်ရင်း
နှစ်ရှည်လများ မျှော်လင့်နေရတဲ့ ရွှေပြည်တော်
တယောက်ဒဏ်ရာကို တယောက်က ပွေ့ရင်း
ပျော်ချင်ယောင်ဆောင်ခဲ့ရတဲ့ မျိုးဆက်တွေ
အိမ်လွမ်းနာကျတိုင်း ကမ္ဘာမ‌ကြေသီချင်းကို အသံကုန်ဟစ်မယ်...။

မတရားဘူးထင်ရင် နှုတ်ပိတ်ပြီးမနေချင်တဲ့
အဝေးရောက် ဆယ်လ်မွန်ငါးတွေပေါ့...။

အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခံနေရတဲ့
ရေတိမ်နစ် မြစ်တွေပေါ့...။

မိုးတွေသည်းသည်းမည်းမည်းရွာတဲ့ မိုးရေထဲမှာ
တိတ်တိတ်ကြိတ်ငိုခဲ့ရတဲ့ နေ့တွေပေါ့...။

ချိုးကြာငှက်တကောင်လို့
ပန်းတိုင်ဆီ မိုင်ထောင်ချီ ခရီးနှင်ရင်း
အမြင့်ပျံချင်နေတဲ့စိတ်ကို
အောက်ဆုံး ထိုးချခံလိုက်ရတဲ့ အဓမ္မမှုတွေပေါ့...။

မွေးရာပါ အခွင့်အရေးအရ လွတ်လပ်မျှတမှုတွေကို လိုချင်တာပေါ့...။

သာတူညီမျှ လှတဲ့ ဘဝတွေ လိုချင်တာပေါ့...။

မေတ္တာတရား ခေါင်းပါးလာနေတဲ့အခါ
မာသာထရီဇာလိုလူတွေ လိုအပ်တာပေါ့...။

ကြီးနိုင်ငယ်ညှင်းတွေ ကြီးစိုးလာတဲ့ အကြမ်းဖက်မှုတွေကြုံတဲ့အခါ
အဟိံတဝါဒနဲ့ မဟတ္တမဂန္ဓီလိုလူတွေ လိုအပ်တာပေါ့...။

ထူးအိမ်သင်နဲ့ လဲလှယ်ပြီးမှ
ရာဇဝင်များရဲ့ သတို့သမီးကို ရခဲ့တဲ့အဖြစ်
ပီကာဆိုနဲ့ လဲလှယ်ခဲ့တာတောင်
ငြိမ်းချမ်းရေး ဝေးနေသေးတဲ့အဖြစ်
ကမ္ဘာမကြေစရာ အဖြစ်အပျက်တွေ ကြုံနေရတဲ့
နိုင်ငံတော်ကြီးမှာ...
သွေးစွန်းနေ့တွေ ဖျပ်ဖျပ်လူးနေတဲ့
နိုင်ငံတော်ကြီးမှာ...
ချေဂွေဗားရားလို လူတွေ ရင်းထားရတဲ့
နိုင်ငံတော်ကြီးမှာ...
အာဏာရှင်ဆိုတာ
ဒိုင်နိုဆောတွေလို မျိုးတုန်းပျောက်ကွယ်သွားရမှာပါ
မစ္စတာ ကမ္ဘာ။
       -       

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar