Breaking News

မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၇)

မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၇)
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၁

• တရုတ်နှင့်မြန်မာ့အရေး 
တရုတ်နှင့်ဒေသတွင်းတွင်းနိုင်ငံများသည် မြန်မာ့အရေးကို ကြည့်မြင်ရာတွင် တူညီသည့်အချက်တခုရှိသည်။ ၎င်းမှာ မြန်မာပြည်နှင့်ဒေသတွင်း တည်ငြိမ်မှုရှိရေးဖြစ်သည်။ တည်ငြိမ်မှုရှိရန် တပ်အင်အားစုရော ဒီမိုကရက်တစ်အင်အားစုများပါ ညှိနှိုင်းအဖြေရှာရန်လိုသည်ဟုယူဆကြသည်။ အင်အားစုတခုတခုကို ဖယ်ထုတ်ပစ်ပါက တည်ငြိမ်မှုမရှိနိုင်ဟုယူဆကြသည်။ မတည်ငြိမ်မှု ကြာရှည်သွားနိုင်သည့်အပြင် ဒေသတွင်းတည်ငြိမ်မှုပါ ထိခိုက်နိုင်သည်ဟု ယူဆကြသည်။ တရုတ်အဖို့ပြောလျင် မတည်ငြိမ်မှုများ ရှည်ကြာပါက သူ၏ပိုးလမ်းမနှင့်ပတ်သက်သည့် စီမံကိန်းများ နောက်ဆုတ်သွားနိုင်ဟု တွက်ဆထားပုံရသည်။ သို့ဖြစ်ရာ မြန်မာပြည်ရှိပါဝင်သင့်သည့် အင်အားစုအားလုံး ညှိနှိုင်းအဖြေရှာသည့်ပုံစံကို အလိုရှိကြသည်။ သို့အတွက် တရုတ် ကျောထောက်နောက်ခံဖြင့် အာစီယံမူငါးချက် ထွက်ပေါ်ခဲ့ပြီး အာစီယံသည် မြန်မာ့အရေးညှိနှိုင်းသည့်အခန်းကပါလာသည်။ 

အမေရိကန်နှင့်အနောက်နိုင်ငံများသည် မူအရ ငြိမ်းချမ်းစွာဖြေရှင်းရေးကို အားပေးသည်။ မြန်မာအရေးနှင့်ပတ်သက်သည့် အာစီယံမူ ၅ ချက်ကို ထောက်ခံပြီး အာစီယံ၏ကြားဝင်းမှုကို လက်ခံထားသည်။ တရုတ်၊ အာစီယံနှင့် အနောက်နိုင်ငံများအနေနှင့် မြန်မာ့အရေးအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို သဘောတူကြသည်ဆိုသော်လည်း အနောက်နိုင်ငံများမှ အချို့က မြန်မာပြည်တွင်းရှိ ခုခံစစ်ဆင်နွှဲရသည်ဆိုသည့် အနေအထားအား လက်ခံကြသည်။ တရုတ်နှင့်အာစီယံကတော့ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့မှ မှတ်ချက်မပေးပေ။ ထိုမှတ်ချက်ကြောင့် ပြည်တွင်းစစ်ရှိန်မြင့်လာမည်ကို စိုးရိမ်ပုံရသည်။

ထို့ပြင်လက်ရှိအချိန်ထိ အနောက်နိုင်ငံအချို့က "တပ်" မပါသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို စဉ်းစားကောင်းစဉ်းစားနိုင်သော်လည်း တရုတ်နှင့် အာစီယံသည် "တပ်" မပါသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို စဉ်းစားခြင်းမရှိသေးပေ။ 

မြန်မာ့လက်ရှိနိုင်ငံရေးအကြပ်အတည်းနှင့်ပတ်သက်ပြီး တရုတ်နှင့်အာစီယံသည်လက်နက်ကိုင်ခုခံနေသူများထံ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခုခုက လက်နက်ခဲယမ်းပံ့ပိုးမှုရှိပါက မြန်မာပြည်အခြေအနေသည် ထိမ်းသိမ်းရန်ခက်ခဲသွားမည်ကို ကောင်းစွာ သဘောပေါက်ကြပေရာ ညှိနှိုင်းဖြေရှင်းနိုင်ရေးကိုဦးတည်နေကြသည်။ ဤသို့ဖြစ်ပေါ်လာသည့် တရုတ်သဘောထားသည် မြန်မာပြည်တွင်းအခြေအနေများနှင့်သက်ဆိုင်သည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးလေးလအကြာထိ တည်ငြိမ်မှုမရှိ‌သေးဘဲ mytel ကဲ့သို့ တပ်ပိုင်စီးပွါးရေးလုပ်ငန်းများ တိုက်ခိုက်ခံနေရချိန်တွင်ပေါ်လာခြင်းဖြစ်သည်။ ထို့ ပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်အဆိုပြုသမျှ ထိုင်ကန့်ကွက်နေခြင်းမပြုတော့ဘဲ အမေရိကန်နှင့်ညှိနှိုင်း၍ လက်တွေ့ကျသည့် ခြေလှမ်းလှမ်းခြင်းကို တွေ့ရသည်။ လာမည့် နိုဝင်ဘာလ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလည်ရွေးချယ်ရေးနှင့်ပတ်သက်ပြီး အဆိုပါနိုင်ငံကြီးနှစ်နိုင်ငံ ညှိနှိုင်းမည့်အလားအလာ ပိုများသည်။ သို့သော် လက်ရှိတရုတ်နှင့်အာစီယံဦးတည်ချက်ထားသည်မှာ မြန်မာပြည်တည်ငြိမ်ရေးဖြစ်ရာ အာစီယံ၏တောင်းဆိုချက်အား နစကက လက်မခံ၍ ထင်တိုင်းမပေါက်သည့်အချိန်တွင်ပင် ညှိနှိုင်းရေးအား လက်မလျှော့သေးပေ။လက်ရှိအာစီယံ၏ အောက်တိုဘာ ၁၅ ရက်နေ့က နစက ဥက္ကဌကို အာစီယံထိပ်သီးညီလာခံသို့ မဖိတ်ဟူသည့်ဆုံးဖြတ်ချက်သည်ပင် နစကအား ၎င်းတို့လိုလားသည့် ညှိနှိုင်းရေးအတွက် လမ်းဖွင့်ပေးထားဆဲဖြစ်သည်။ သို့သော်မြန်မာပြည်နိုင်ငံရေးအင်အားစုများ၏အခြေအနေမှာ အတင်းမာဆုံးအခြေအနေတွင်ရှိနေသည်။ တရုတ်နှင့်အာစီယံမျှော်လင့်ထားသည့် ၂၀၁၁ နှင့် ၂၀၂၀ ကြားကာလကဲ့သို့  ရင်ကြားစေ့နိုင်ရန်မလွယ်ကူနိုင်ပေ။ လက်တွေ့မြေပြင်တွင် နှစ်ဖက်အင်အားစုများအနေနှင့် အပြုတ်တိုက်ရေးနှင့်အမြစ်ပြတ်ချေမှုန်းရေးဆီသို့ ဦီးတည်နေပေရာ စေ့စပ်ညှိနှိုင်းရေးအစပြုရန်ပင် လမ်းစပျောက်နေသည့်ကာလဖြစ်သည်။ 

တရုတ်နှင့်အာစီယံက တဖက်က မြန်မာပြသနာဖြေရှင်းရန် ပုံစံတမျိုးနှင့်ချဉ်းကပ်နေစဉ် အမေရိကန်ကလည်း ချဉ်းကပ်မှုများပြုလုပ်နေသည်။ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာ ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး‌ရေးအေဂျင်စီနှင့် အခြားအေဂျင်စီများပါသည့် ကိုယ် စားလည်အဖွဲ့သည် ရေးဆွေးနွေးအဖြေရှာရန်ဆောင်ရွက်ချက်တရပ်အဖြစ် ထိုင်း၊စင်္ကာပူ၊အင်ဒိုနီးရှားနိုင်ငံများသို့ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်နေ့ထိသွားရောက်ခဲ့သည်။ ထိုအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်ကဦးဆောင် မည်ဖြစ်ပြီး ခရီးစဉ်အပြန်တွင် ဂျပန်နိုင်ငံသို့ ဝင်ရောက်ပြီး မြန်မာ့အရေးနှင့်အင်ဒိုပစီးဖိတ်ဆိုင်ရာစိန်ခေါ်ချက်များကို ဆွေးနွေးမည်ဟုသိရသည်။ လက်ရှိမြန်မာ့အရေး ပေါ့ပေါ့ဆဆတွက်ဆထားပုံတော့မရပေ။  လက်ရှိတွင် ထိုင်းအစိုးရနှင့်ဆွေးနွေးပြီး ထိုင်းမြန်မာနယ်စပ်မှ ဒုက္ခသည်အကူအညီပေးရေးခေါင်းစဉ်နှင့် အကူအညီပေး‌ရန်ပြင်ဆင်နေသည်။ စင်္ကာပူအစိုးရနှင့်ဆွေးနွေးပြီး မြန်မာပြည်၏ ငွေကြေးကဏ္ဍအား ထိမ်းချုပ်ရန် ညှိနှိုင်းသည်ဟု သိရသည်။ အမေရိကန်၏သဘောထားမှာ နစက အား နိုင်ငံရေး၊စီးပွါးရေးအရ ပိုမိုဖိအားပေးရန် ရည်ရွယ်ပုံရသည်။ အာစီယံခေါင်းဆောင်အချို့ကလည်း အာစီယံ၏ အခြားတိုင်းပြည်၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေးမူဝါဒသည် အလုပ်မဖြစ်ဟု ဆိုလာကြသည်။ 

တကယ်တော့ နိုင်ငံကြီးများ၏ ချဉ်းကပ်မှုများသည် မြန်မာပြည်အတွင်းပိုင်းအခြေအနေများပေါ်တွင်သာ မူတည်ပေသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မည်သို့ဖြစ်စေ မြန်မာပြည်တွင်းအခြေအနေများပေါ်၌သာ အခြေပြုဆုံးဖြတ်ရပေလိမ့်မည်။ ထို့ပြင် အမေရိကန်၊ တရုတ်စသည့်နိုင်ငံကြီးများသည် ဒေသလုံးဆိုင်ရာ သေနင်္ဂဗျူဟာအမြင်နှင့်အခင်းအကျင်းအား ထည့်သွင်းတွက်ချက်လေ့ရှိသည်။ လိုအပ်ပါက ပုံဖေါ်လေ့ရှိသည်ကို ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါသည်။ မြန်မာအရေးနှင့်ပတ်သက်၍ ဖြစ်နိုင်ချေအားလုံးကိုထည့်သွင်းတွက်ချက်ထား‌ကြမည်သာဖြစ်သည်။ အကယ်၍မြန်မာပြည်အခြေအနေတည်ငြိမ်မှုရှိပါက တမျိုးတဖုံပြောင်းလဲစဉ်းစားနိုင်သည်။ ထို့ကြောင့်လည်း တိုင်းပြည်ကိုသာ တည်ငြိမ်အောင်သာ ထိမ်းချုပ်နိုင်ပါက အဖြေတမျိုးထွက်နိုင်သည်ဟု နစကအနေနှင့် တွက်ဆထားပေရာ မြန်မာပြည်အား ၎င်းတို့ပုံစံဖြင့်ထိမ်းချုပ်၍ တည်ငြိမ်သည့်အနေအထားရောက်အောင်ကြိုးစားနေသည်သာဖြစ်သည်။ တဖက်ကအင်အားသုံး၍ တည်ငြိမ်အောင်ကြိုးစားနေသကဲ့သို့ တဖက်ကလည်း ဖမ်းဆီးထားသူများအား အကန့်အသတ်ဖြင့်ပြန်လွှတ်ခြင်း၊ ရွေးကောက်ပွဲအားစော၍ပြုလုပ်ခြင်း တို့ဖြင့် နိုင်ငံတကာဖိအားအား ပြန်လည်ရင်ဆိုင်ဖွယ်ရှိသည်။ သို့သော်မြန်မာပြည်အနှံ့လက်နက်ကိုင်ပုန်ကန်များပျံ့နှံသွားသည်က စိုးရိမ်ဖွယ်ဖြစ်နေသည်။ အလျင်အမြန်ဖြေရှင်းရန်ခက်ခဲသည့်ပြသနာလည်းဖြစ်နေသည်။ 

မြန်မာပြည်အခြေအနေနှင့်ပတ်သက်၍ တရုတ်အပါ နိုင်ငံတကာက အခြေအနေသုံးရပ် တွက်ဆထားပုံရသည်။ တည်ငြိမ်သည့်အခြေအနေ၊ မတည်ငြိမ်သည့်အခြေအနေနှင့် ထိမ်းသိမ်းရန်ခက်ခဲသည့်အခြေအနေဟု အခြေအနေသုံးရပ်ခွဲခြားထားပုံရသည်။ လက်ရှိအချိန်တွင် တရုတ်တို့အနေနှင့် မြန်မာပြည်အခြေအနေတည်ငြိမ်သည်ဟု ယူဆပုံမရသေးပေ။ 

လက်ရှိအခြေအနေတွင် တရုတ်တို့သည် မြန်မာပြည်နှင့်မှန်တမ်းဆက်ဆံရေးထူထောင်ထားသော်လည်း မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးအား ကိုဗစ်ရောဂါအကြောင်းပြ၍ ပိတ်ထားခဲ့သည်မှ လအချို့ရှိပြီဖြစ်သည်။ လစဉ် ဒေါ်လာသန်း ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်သော ဈေးကွက်ရပ်တန့်နေသည်။ ထိုပမာဏသည် တရုတ်ကဲ့သို့နိုင်ငံကြီးအဖို့ မထောင်းတာသော်လည်း မြန်မာကဲ့သို့နိုင်ငံငယ်အတွက် ထိခိုက်မှုကြီးသည်။ မြန်မာနှင့်သာ နယ်စပ်ပိတ်ထားသော်လည်း လာအို၊ ကမ္ဘောဒီးယားတို့နှင့် နယ်စပ်ရထားလမ်းများဖွင့်လှစ်ခြင်း၊ ရထားများပို့ဆောင်ခြင်းဖြင့် တရုတ်တို့ ရွှေလမ်းငွေလမ်းဖေါက်နေသည်ဖြစ်ရာ မြန်မာတရုတ်နယ်စပ်အား တရုတ်တို့ပိတ်ပင်ခြင်းသည် ကိုဗစ်ရောဂါပြန့်ပွါးရေးအား ပိတ်ဆို့တားဆီးရန်သက်သက်ကြောင့် ဟုတ်ပါ၏လောဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ‌ရေးအခြေအနေအား ပုံဖေါ်ရေးအတွက် တွန်းအားပေးနေခြင်းလော သို့မဟုတ် ရုရှားနှင့်နီးနီးကပ်ကပ်ဆက်ဆံနေသည်ကို တရုတ်တို့ ဘဝင်မကျ၍လောဟု အမျိုးမျိုး သုံးသပ်ကြသည်ကို တွေ့ရသည်။ 

လောလောဆယ် မြန်မာပြည်တွင်းရှိ အင်အားစုများတွေ့ဆုံဆွေးနွေးညှိနှိုင်ရေး မူဝါဒကို ကိုင်စွဲထားသည့် တရုတ်တို့အနေနှင့် လောလောဆယ်ထိုမူဝါဒကို ဆက်လက်ကိုင်စွဲသွားဖွယ်ရာရှိသည်။ မြန်မာပြည်အခြေအနေတည်ငြိမ်သွားပါက တမျိုးတဖုံပြောင်းနိုင် သည်။ အကယ်၍ ထိမ်းသိမ်းရန်ခက်ခဲသည့်အခြေအနေကိုရောက်ပါကလည်း တမျိုးတဖုံပြောင်းနိုင်သည်။ တရုတ်တို့သည် မြန်မာပြည်၏အခြေအနေအား မပြတ်လေ့လာသုံးသပ်ပြီး အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ချဉ်းကပ်ဖွယ်ရှိသည်။ မြန်မာပြည်ရှိ အင်အားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် နီးနီးစပ်စပ်ထိတွေ့မှုရှိသော တရုတ်တို့သည် အနောက်နိုင်ငံများနှင့်ယှဉ်လျင် ကစားပွဲ၌ဂျိုကာကိုင်ထားသူများဖြစ်သည်။ ထို့ပြင် တရုတ်တို့သည် ၁၉၇၇ ခုနှစ်နောက်ပိုင်းမှစ၍ သဘောတရားထက် လက်တွေ့အကျိုးစီးပွါးကိုရှေ့ရှုသူများဖြစ်ကြသည်။ 

မြန်မာပြည်၏ ကံကြမ္မာကို မြန်မာပြည်သူများကသာ ဆုံးဖြစ်မည်ဖြစ်သည်။ မြန်မာပြည်သမိုင်းအား မြန်မာပြည်ရှိ လူမျိုးပေါင်းစုံပြည်သူများက ရေးကြမည်သာဖြစ်သည်။ သို့သော် မြန်မာပြည်အရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နိုင်သည့်၊ မြန်မာပြည်အရေးကို သေနင်္ဂဗျူဟာအမြင်ထားရှိသည့်၊ လက်တွေ့အကျိုးစီးပွါးကိုရှေ့ရှုသည့် နိုင်ငံကတော့ တရုတ်ဖြစ်သည်ကိုတော့ သတိပြုထည့်သွင်းစဉ်းစားရန်လိုပါသည်။ အမေရိကန်၏ လှုပ် ရှားဆောင်ရွက်မှုများကို တရုတ်တို့အနေနှင့်တုန့်ပြန်နိုင်ရန် မပြတ်စောင့်ကြည့်လှုပ်ရှားနေသည်ကို သတိပြုရန်လိုအပ်ပါသည်။ 

ပြီးပါပြီ။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar