Breaking News

နိုင် ဝင်း သီ - သည်ဆောင်းဟေမန်...နွေဦးလရောင်နှင့် ကျွန်တော်တို့လူငယ်ဘဝ ရက်စွဲများ...

Art- Aung Htet
သည်ဆောင်းဟေမန်...နွေဦးလရောင်နှင့် 
ကျွန်တော်တို့လူငယ်ဘဝ ရက်စွဲများ...
                             
နိုင် ဝင်း သီ
( မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၁

( တစ် )

Star City ကြယ်စင်အိမ်ရာ

တကယ်တော့ သူမ အခုရောက်ရှိနေ‌တဲ့နေရာလေးဟာ ကျွန်တော့်ဘဝထဲမှာ အမှတ်တရတွေ အများအပြား ရှိခဲ့ဖူး‌သောရပ်ဝန်းဒေသလေး။

သည်နေရာလေးမှာပဲ ကူးတို့သင်္ဘောလေးတွေ တစ်နေကုန်ဆိုက်ကပ်နေတဲ့ ဆိပ်ကမ်းလေးတစ်ခုဟာ နွံဝါရောင်ပဲခူးမြစ်ပေါ် မေးတင်ပြီး အဝေးတစ်နေရာကို ငေးရီလွမ်း‌မောလို့။

သည်နေရာလေးမှာပဲ မွေ့နွန်းရဲ့အလွမ်းတွေနဲ့ တည်ထားခဲ့တဲ့ မျှော်တော်ယောင်လွမ်းစေတီလေးဟာ တစ်ခုသောကုန်းမြင့်တောင်စောင်းလေးပေါ်မှာ အခုအချိန်အထိ တည်ရှိနေဆဲ။

မြစ်ပြင်ပေါ်  ဖြတ်တိုက်လာတဲ့ လေပြည်နုအေး ရှပ်ပြေးသွားလေတိုင်း တိုးရီညံ့သက်တဲ့ ဆည်းလည်းခတ်သံ သဲ့သဲ့ညင်ညင်ဟာ ပင်ညိုကုက္ကို သစ်ရိပ်စိမ်းစိမ်း အစက်အပြောက်တွေကြားမှာ စီးမျောတုန်ဝေလို့။

နှစ်ပေါင်းသုံးဆယ်ကျော် ကြာမြင့်သွားခဲ့ပြီ။
မိုးစက်ဖွဲဖွဲမှုန်မှုန်ထဲကို တရွေ့ရွေ့တိုးဝင်သွားတဲ့ နှစ်ထပ်သင်္ဘောလေးဆီက ဥဩသံဟာ ဆွေးမြည့်ကြေကွဲစရာ ကောင်းနေခဲ့တာ။
အဲဒီနှစ်ထပ်သင်္ဘောလေး‌ပေါ်မှာ ပါသွားတဲ့ သူငယ်ချင်းကို ဘယ်သောအခါမှ ပြန်တွေ့ခွင့်ရတော့မှာမဟုတ်ဘူးလို့ စိတ်ထဲကနေ နာနာကျင်ကျင်နဲ့ သိနေခဲ့တာ။

ရက်အနည်းငယ်ကြာလို့ အဲဒီသင်္ဘောလေးပြန်လည်ဆိုက်ကပ်လာတဲ့အခါ သင်္ဘောပေါ်ပါသွားခဲ့တဲ့ သူငယ်ချင်းဟာ မြို့ကလေးကို ပြန်ပါမလာခဲ့တာ။
သူ့ရဲ့မိနျးမလေးကတော့ ကလေးနီတာရဲလေး ပှေ့ပိုကျပွီး နောကျဆုံးသငျ်ဘောရဲ့ ဥဩသံကွားရတဲ့အထိ မွစျဆိပျမှာ တနကေုနျရှိနတေတျတာ။ကူးတို့သငျ်ဘော လေးတစ်စီး ဆိုက်ကပ်လာလေတိုင်း သူ့ယောက်ျားများ ပါလာလေမလားလို့ တစ်နေ့ပြီးတစ်နေ့ မျှော်စောင့်နေရင်းက နောက်ဆုံးမှာ ရူးနှမ်းသွားခဲ့တာ။

သည်လိုနှင့်ပဲ မြို့ကလေးထဲက လူတချို့ဟာ အရေးတော်ပုံကာလရဲ့  ညဉ့်နက်သန်းခေါင်တွေမှာ လူမသိ သူမသိ တိတ်တဆိတ်ပျောက်ဆုံးသွားခဲ့ရတာ။ တချို့  ခဏဆိုပြီး ခေါ်သွားလိုက်တာ နှစ်နှစ်ခွဲ သုံးနှစ်လောက်ကြာမှ မိသားစုဆီ တုန်ရီညှိုးငယ်စွာနှင့် ပြန်လည်ရောက်ရှိလာခဲ့တာ။

လရောင်ကင်းမဲ့တဲ့ညတွေမှာ ကြားလိုက်ရတဲ့ တရှပ်ရှပ်‌ခြေသံဟာ ရှစ်လေးလုံးတုန်းက လွင့်ရှပျောက်ဆုံးခဲ့‌တဲ့ တော်လှန်သူတွေရဲ့ ခြေသံများလား။

မြစ်ဆိပ်ကမ်းပါးပေါ်က မကျွတ်မလွတ်သေးတဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်ဟာ နွေဦးတော်လှန်ရေးထဲမှာ ရဲရင့်လန်းဆန်းစွာပူးဝင်စီးကပ်လာခဲ့ပြီလား။

တိမ်ရိပ်တွေကြားထဲမှာ လွင့်တက်နေတဲ့  Star City ကြယ်စင်အိမ်ရာဟာ လှိုင်းညိုနုတလက်လက်နှင့် ပဲခူးမြစ်ကို  ငုံ့ကိုင်းကြည့်ငေးနေရင်းနှင့် ပင့်သက်မောတွေ တစ်ချက်ပြီးတစ်ချက် ရှိုက်လို့။

( နှစ် )

မြစ်ရေဟာ တံတားအောက်မှာ စီးဆင်းသွားခဲ့ပြီ။
နှစ်ကာလတွေ‌အောက်မှာပဲ မြစ်ဆိပ်နှင့်ခပ်လှမ်းလှမ်းမှာ ရှိ‌သော မောင့်လပြည့်ဝန်းသစ်တောဆိုင်လေးလည်း မရှိတော့။ သစ်တောဆိုင်လေးအနီးက "ပင်လယ်ကောင်းဘွိုင်" ဗျစ်ဆိုင်လေးလည်း မရှိတော့။ ကူးတို့သင်္ဘောတစ်စီး ဆိုက်ကပ်လာလေတိုင်း မြို့ကလေးထဲကို ဦးမော့တက်သွားတတ်သော ခရီးသည်တင် မြို့ပတ်ကားပြာလေးတွေဆိုတာလည်း တစ်စီးတလေမျှပင် မရှိတော့။

တကယ်ဆို မျော၊မဓမ၊ ဝါး၊ဓနိနှင့် ထင်းခွဲခြမ်းလေးတွေ တင်ရောင်းနေတဲ့အဲဒီဆိုင်လေးဟာ ကမ်းနဖူးပေါ်မှာ အတောင်ဖြန့် ခိုနားနေတဲ့ ငှက်တစ်ကောင်လို မည်းမည်းကုပ်ကုပ်လေး တည်ရှိနေသော သမဝါယမ သစ်တောဆိုင်လေး။
မောင့်လပြည့်ဝန်းသီချင်းကို တစ်နေကုန် ဖွင့်ထားတတ်‌သောကြောင့် သမဝါယမသစ်‌တောဆိုင် အမည်ပျောက်ပြီး မောင့်လပြည့်ဝန်းဆိုင်လေးဟု အမည်တွင်နေခြင်းပင်။

တစ်ခါတစ်ရံ မြို့ငယ်လေးထဲက လေလွင့်လိပ်ပြာတချို့ဟာ မြစ်ဆိပ်က သစ်တောဆိုင်လေးဆီကို မြင်းလှည်းလေးတစ်စီးနှင့် ရောက်ရောက်လာတတ်တာ။
သစ်တောဆိုင်လေးက သူငယ်ချင်းဟာ သူ့ဟာသူတစ်ယောက်တည်းဆိုရင် သီချင်းတွေအောက်မှာ တိတ်ဆိတ်‌ငေးရီ နေတတ်သော်လည်း ကျွန်တော်တို့ရောက်လာတဲ့ ရက်မျိုးဆိုရင် တစ်ချိန်လုံးလိုလို လွင့်နေတတ်တာ။
အဲဒီရက်မျိုးဆိုရင် ပင်လယ်ကောင်းဘွိုင်ဗျစ်ဆိုင်လေးဟာလည်း ရေနံဆီမီးခွက် အလင်းမှုန်ရီအောက်မှာ ညဉ့်နက်သွားတဲ့အထိ အသံဗလံမျိုးစုံနှင့် ဆူဝေတုန်ယင်နေတတ်တာ။
ဒီနေရာလေးမှာ ကြယ်နီရဲ့ ကိုဒေါင်းစိန်တွေသာမက နွေတစ်ညထဲက ခင်ဝေလို၊လူရွှန်းရဲ့ ကွန်းအိုင်ချီလို၊တော်တီလာဖလက်ထဲက ကောင်ကြီးဂျိုးလို၊ ပွတ်ရှ်ကင်ရဲ့ ဆဲလ်ဗီယိုလို လူမျိုးတွေကိုပါ မကြာခဏ မြင်နေတွေ့‌‌နေရတတ်တာ။

တကယ်တော့ ဒီဆိုင်လေးမှာ လာရောက်ကွန်းခိုသူအများစုဟာ ဖွာလန်ကြဲထွက်နေသောနီကြန်ကြန်ဆံပင်များနှင့် ဥတုသုံးပါးလုံး အကြမ်းပတမ်းခံသော ကုန်းတစ်ပိုင်းရေတစ်ပိုင်း ရေလူများ။
တချို့ဆို မြစ်ထဲမှာပိုက်ချပြီး လှေငယ်လေးတွေကို နားခိုရာအိမ်လုပ်နေကြရသော တံငါများ။
တချို့ဆို တနေကုန် သဲငုပ်ပြီး ရေတက်ဦးမှာ မြစ်ဝကနေ ရွက်လွှင့်ဆန်တက်လာသောသဲသမ္ဗန်များနှင့် ပါလာကြသောပင်လယ်ကောင်းဘွိုင်များ။
ရေဝဲစားထားသော သူတို့ရဲ့ လက်ဖဝါးခြေဖဝါးတွေဆိုတာ တစ်နေကုန် ရေထိထားလို့များလား မသိ။ နူးအိပွထနေပုံဟာ  ကြောက်စရာ လန့်စရာ။အရေပြားတွေ နူးအိပွထနေလို့ သူတို့ရဲ့ဘဝတွေကို ကြည့်လိုက်ပြန်တော့လည်း ကျွဲပခုံးထပြီး အသားမာတက်နေသော ကြမ်းကြမ်းရှရှဘဝများ။

မဓမတိုင် လှီလှီလေးတွေကို မြေမှာထိုးစိုက်ပြီး ထရံဟောင်းလေး နှစ်ချပ်ဖြစ်သလို မိုးထားသော ခရိုးခရိုင် ပင်လယ်ကောင်းဘွိုင် ဆိုင်လေးဟာဖြင့် သူတို့လူစုအတွက်တော့ ကန္တာရအလယ်က အိုအေစစ်လေး။

အဲဒီကာလတုန်းက ထွေးညိုလို့ လူသိများ‌တဲ့ဈေးအပေါဆုံး‌ တောအရက်ဟာ သူတို့အတွက်တော့ ချီးဗက်စ်၊မာတီနီနှင့်ဗော့ဒဂါ။

ထွေးညိုနှင့်ပဲ သူတို့ရဲ့ ညတွေဟာ စိမ်းမြလှပခဲ့ရ။ ထွေးညိုနှင့်ပဲ ဝမ်းနည်းလိုက် ဝမ်းသာလိုက်၊ တစ်‌ယောက်ခေါင်းကို  တစ်ယောက်က ရိုက်ခွဲလိုက်၊ငိုလိုက် ရယ်လိုက်နှင့် ခေတ်ကြီးတစ်ခေတ်လုံးကို မြူးရွှင်‌ပေါ့ပါးစွာ သူတို့ ဖြတ်သန်းလာခဲ့ကြ။ ထွေးညိုသာ မရှိရင် တေးဆိုဖို့ နေနေသာသာ သူတို့လည်း ရူးပြီ။

တစ်ခါသားမှာ ထမင်းကြမ်းတစ်တုံးကိုအမြည်းလုပ် ခွက်လှည့်သောက်နေကြ‌သောသူတို့ဝိုင်းကိုကြည့်ပြီး ညီလေးကဗျာဆရာတစ်ယောက်ဟာ ကြေကွဲတုန်ယင်ခဲ့ဖူးတာ။
"လှဂမုန်းနွယ် ချစ်သက်ဦးရယ်..ဘဝဆုံးတကယ် မပစ်ရက်ဘူးရွယ်...ရူးတယ်ဆိုစေဦးတော့....."
ဝါကွဲ‌ရော်ရှ‌သော အသံကြီးနှင့် ပန်းနွယ်ကစိမ်း သီချင်းလေးကို တစ်ယောက်က ဆိုညည်းလိုက်သောအခါ သူတို့ဝိုင်းလေးသာမက ကျောက်ပုံဆိပ်တစ်ခုလုံးဟာ မြစ်ဆိပ်ညထဲမှာ လှိုက်မောတုန်ရီသွားခဲ့တာ။

သူတို့ဝိုင်းလေး သိမ်းသွားတော့ နှုတ်ခမ်းပဲ့နေသော ပုလင်းလွတ်သုံးလုံးဟာ ညစ်ထေး‌‌ပေကျံနေသော ဖျာကြမ်းပေါ်မှာ တုံးလုံးလဲပြီး ကျန်နေရစ်ခဲ့တာ။ မြစ်ဆိပ်ကသမ္ဗန်တွေဆီ မူးဝေယိမ်းထိုးပြီး ဆင်းသွားကြသော သူတို့အရိပ်တွေဟာ ကြည့်နေကြည့်နေရင်းကပဲ အမှောင်ထဲမှာ တဖြည်းဖြည်းချင်း လူးလွန့်ပျောက်ကွယ်သွားခဲ့တာ။

Star City ကြယ်စင်အိမ်ရာကတော့ သူ့ဝန်းကျင်မှာ တောထခဲ့ဖူးသော လမု၊ ခရာ၊ သင်ပေါင်းဆူးခြုံတောတွေထဲမှာ တိုးဝင်နားခိုခဲ့ဖူးလေသော တံငါလှေမည်းမည်းလေးတွေကို သတိတရ ရှိမှ ရှိပါလေစ။

( သုံး )

လာဗင်ဒါသစ်ခွ၊ လီလီပန်း၊ နှင်းဆီဖြူ ၊ ဒေလီယာ၊ ပုဏ္ဍရိက်၊မြက်ခင်းစိမ်း၊ ရောင်စုံပန်းငုံ ပန်းဖူး ပွင့်ချပ် ပွင့်လွှာတို့ဖြင့် ထုံးဖွဲ့ဆင်ယင်ထားသော ဝိတိုရိယခေတ်ပုံ အဆောက်အအုံတချို့၊

ပြီး...စိန်ပန်းပွင့်တွေ ရဲစိုပြန့်ကျဲနေသောကတ္တရာလမ်းမများ။

ပြီး..သံမဏိအရိုး‌စုမျှင်တွေ တွဲကပ်စုထောင် ထားသလို အမှောင်ရိပ်ရိပ်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသော တာဝါတိုင်များ၊မျှော်စင်များ၊ငွေရောင်ခေါင်းတိုင်ရှည်ကြီးများ၊ ခေါင်းတိုင်ထိပ်ဖျားမှာ လွင့်ဖွာတိုးထွက်နေသော မီးခိုးလိပ် မည်းမည်းများ၊ ဆီလှောင်ကန်ကြီးများ..

ပြီး...ဇင်သားအင်္ကျီပြာအောက်က ဆားပွင့်နေသော နေလောင်အရေပြားများ၊ ပူနွေးနေသော ချွေးစက်များ....

နောက်ဆုံးဥဩဆွဲသံ မတိုင်မီ ရေနံချက်စက်ရုံထဲကို တန်းစီဝင်သွားကြသော ရေနံ အလုပ်သမားကြီးများ(သို့မဟုတ်)အကြွင်းမဲ့တော်လှန်ရေးတိုင်း တပ်ဦးကနေ ဝံ့ဝံ့စားစားပါဝင်ခဲ့ကြသော သန်လျင်မြို့ငယ်လေးက လင်းယုန်ငှက်ပြာများ...

မြို့ကလေးရဲ့ ဝေဝါးမှုန်ရီ သမိုင်းစာမျက်နှာတချို့ဟာ အာရုံမှာ တဖျတ်ဖျတ်...

အခု သူမ ရောက်ရှိနေတဲ့ Star City ကြယ်စင်အိမ်ရာနှင့် ကပ်လျက်‌နေရာဟာ တစ်ချိန်တုန်းက ဘီအိုစီ  အခုတော့ မြန်မာ့ရေနံဆိုလား...။

ကာလသုံးပါးထဲက အာရုံမှာ စွဲထင်ကပ်ငြိ နေဆဲဖြစ်သော အရောင်နှင့်အရိပ်များ။ လူနှင့် ဘဝများ။ လွမ်းမောတမ်းရီ နှစ်ကာလများ။

သူမနှင့် အနီးဆုံးနေရာမှာပါပဲ။
ဘီအိုစီ အရာရှိကြီးတွေ နေသွားခဲ့ဖူးသောကုန်းမြင့်သာစံအိမ်တွေ တည်ရှိရာ
"တိုက်ကြီးကုန်း"ဝန်းကျင် (သို့မဟုတ်)
မြို့ငယ်လေးထဲက ဒုတိယ ပြင်ဦးလွင်....

ပြီး...တနေကုန်ထစ်ချုန်းလည်ပတ်နေတဲ့ ရေနံချက်စက်ရုံဝင်းထဲက စက်ယန္တရားမျိုးစုံရဲ့  ညည်းညူအော်ဟစ်သံများ...

ပြီး ..ဂီတနက်သန် ကိုစောညိန်းရေးဖွဲ့ခဲ့တဲ့သည်ဆောင်းဟေမန် သီချင်း..

ပြီး ...အလံနီ  သခင်စိုး...

သည်ဆောင်းဟေမန် မြောက်ပြန်လေညင်းဆော်တယ်ကို..နတ်တော်ပြာသို ခွာညိုတည့်နှင်းမှုန်မှုန်...

တကယ်တော့ သည်ဆောင်း‌ဟေမန်သီချင်းဟာ သခင်စိုးရဲ့ လူငယ်ဘဝကို အသည်းကွဲထွက်သွားစေခဲ့သော သီချင်း။

သည်ဆောင်းဟေမန်နှင့် အခြားသီချင်းလေးတစ်ပုဒ်ဟာ တယောပြိုင်ပွဲတစ်ခုမှာ သခင်စိုး လူငယ်ဘဝက ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော သီချင်း။

တကယ်တော့သခင်စိုးဟာ မဟာဂီတသီချင်းကြီး အားလုံးနီးပါးကို နွဲ့လျနေအောင် တယောဖြင့် ထိုးတတ်လေသူတစ်ဦး။
သူ့လက်ထဲကို တယောတစ်လက်ရောက်လာခဲ့လျှင် ညင်းညံ့ချိုရီတဲ့ တယောသံအောက်မှာ အားလုံးဟာ လွင့်လွင့်မူးမူး...
ရီရီဝေဝေ..

ဂျူဗလီဟောမှာ လုပ်ခဲ့တဲ့ အဲဒီတယောပြိုင်ပွဲမှာ‌တော့ သခင်စိုးရရှိခဲ့တဲ့ ဆုဟာဒုတိယဆုမျှသာ။

အဲသည်တုန်းကပါပဲ။
အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ရှေ့မှာတင် သူထိုးခဲ့တဲ့ တယောကို ရိုက်ချိုးပြီး သူတို့ပေးတဲ့ ဒုတိယဆုကို မယူဘဲနဲ့ သပိတ်မှောက်ဆန့်ကျင်ခဲ့ပါတယ်။

နောင်  အလံနီကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်လာမဲ့သခင်စိုးဟာ ငယ်နုစဉ် အနုပညာသမားဘဝထဲက အဲဒီလို ရဲရင့်ဝင်းပမှုမျိုးနှင့် မာကျောသန်မာခဲ့လေသူ တစ်ဦး...

ဖြစ်ချင်တော့ ပထမရသွားတဲ့ တယောဆရာလေးဟာ သန်လျင်မြို့ငယ်လေးမှာနေတဲ့‌ကောလိပ်ကျောင်းသား လူငယ်လေး။

သခင်စိုးဟာလည်း  သန်လျင်မြို့မှာ နေထိုင်သူတစ်ဦး။ သီဟဒီပ ကျွန်းညိုသူ သန်လျင်မြို့ဗိုလ်ချုပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျပြီး သန်လျင်မြို့‌လေးမှာပဲသူ့ရဲ့ဘဝကို အထိုင်ချထားခဲ့တဲ့လူ၊ သူနေတဲ့အရပ်လေးမှာ စုဖွဲ့ထားတဲ့အပျော်တမ်း ဂီတဝိုင်းလေးမှာဆိုရင် သူဟာ ပင်တိုင်တယောဆရာ။

နောင်အခါ ကောလိပ်ကျောင်းသားလေးဟာ သန်လျင်ဘီအိုစီမှာ အလုပ်ဝင်တော့ သခင်စိုးဟာ အဲဒီဘီအိုစီမှာပဲ ဓါတ်ခွဲခန်းမှူးတစ်ယောက် ဖြစ်နေခဲ့ပြီ။

နှစ်ယောက်လုံးဟာ အနုပညာထဲမှာ တယောကိုမှ ရူးမူးစွဲလမ်းကြလေသူ နှစ်ဦး။

တယောသာ ထိုးနေရလျှင်  မိုးမမြင် လေမမြင် ကြယ်ရိပ်လရိပ်ကိုပင် စိုးစဉ်းမျှ မမြင်ကြ‌လေသော အနုပညာသမား နှစ်‌ယောက်။

အဲဒီရက်စွဲတွေတုန်းက မြို့ကလေးရဲ့ ညဉ့်ယံများစွာဟာ တိုးရီထုံညင်းတဲ့ နွဲ့နွဲ့လျလျတယောသံအောက်မှာ နူးညံ့စိမ်းမြနေခဲ့မှာ အသေအချာ။

သန်လျင်ရဲ့လမ်းမတွေပေါ်မှာ သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ ရှည်လျားသောပဋိပက္ခတွေဟာ အားကောင်းသန်မာနေဆဲပဲလား။

တစ်ယောက်ရဲ့ တယောသံအောက်မှာ တစ်ယောက်ဟာ ချစ်ခြင်းတရားများဖြင့် နူးညံ့ပျော်ဝင်ခဲ့ပါရဲ့လား။

သန်းခေါင်ထက်နက်တဲ့ ညမျိုးတွေမှာ အာရုံထဲကို လွင့်ရှ‌ပြေးဝင်လာသည့် ညင်းပျောင်းသော တယောသံများ။

တစ်ကိုယ်‌ရည်ညတွေထဲမှာ ကျွန်တော်နှင့်အတူ လွင့်မူးဆူဝေခဲ့သော သည်ဆောင်းဟေမန်ဆိုင်ရာ အမေးပုစ္ဆာများ။

မိုးသားတိမ်ရိပ်တွေက ညထဲကို ပြိုအိထိုးကျ လာသည်။ စိမ်းမှောင်သော သစ်စိမ်းရွက်ထူထူအုပ်အုပ်တွေကြားမှာ ရိုးတံရှည်ရှည်နှင့် ဖွေးလဲ့ပုန်းညက် ပန်းတစ်ခက်ကိုရေးရေးမှုန်မှုန် လှမ်းမြင်နေရသည်။

Star City ကြယ်စင်အိမ်ရာကတော့ နွမ်းရီမှိန်ဖျော့သော မျက်ဝန်းများဖြင့် သန်လျင်လမ်းမတွေပေါ်ကို ငေးငေးဝေဝေ ကြည့်ငေးနေဆဲ။
အမှောင်ရိပ်ထဲက သူ့မျက်ဝန်းတွေဟာ ပြန်လာခဲ့မယ်‌ပြောပြီး ပြန်ရောက်မလာ‌သေးတဲ့ လူတချို့ရဲ့‌ ခြေရာ‌ကိုပဲ တိတ်တဆိတ် ရှာဖွေနေတာများလား။
ဒါမှမဟုတ်....
မြို့ကလေးရဲ့ ညတွေထဲမှာ ညင်းညံ့ထုံရီခဲ့ဖူး‌လေသော သည်ဆောင်းဟေမန် တယောသံကိုပဲ ဆွတ်ကျင်....လွမ်းမြ....တမ်း‌မော နေတာများလား....။          ။

နိုင် ဝင်း သီ

* Star City.... ရန်ကုန် သန်လျင် တံတားအဆင်း သန်လျင်ဘက်ခြမ်းမှာ တည်ရှိသောအဆင့်မြင့် အိမ်ရာ။

* ကောလိပ်ကျောင်းသားလေး.... တယောပညာရှင် တယော ဦးကိုကိုကြည်။ ၁၉၃၃ ခုနှစ်က ဂျူဗလီဟောတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဂီတပြိုင်ပွဲတွင် တယောပထမဆုနှင့် တံခွန်စိုက်ဖလားဆုကိုပါ ရရှိခဲ့သူ။
သီချင်းကြီးများကို ဦးဘသင်၊ ဒီးဒုတ်ဦးဘချို၊ ဒေါ်စောမြအေးကြည်နှင့် ဦးဟံပတို့လို ဆရာသမားများထံတွင် နည်းနာခံ သင်ယူခဲ့။
၁၉၈ဝ ခုနှစ်တွင် သန်လျင်မြို့၌ ကွယ်လွန်ခဲ့။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar