Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၁

• အာဏာသိမ်းခံရတဲ့ သမ္မတဟောင်းရဲ့ တရားခွင်၊ ချင်းတောင်ရဲ့ စစ်ရေးအခြေအနေ၊ အာဆီယံကိုယ်စားလှယ်ရဲ့ခရီးစဥ် 
အောက်တိုဘာ ၁၂ ရက်နေ့ရဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်ကို ပုဒ်မ ၅၀၅ နဲ့ စွဲဆိုစစ်ဆေးတဲ့ တရားခွင် မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်မှာ စစ်အာဏာသိမ်းဗိုလ်ချုပ်တွေက သူတို့ရဲ့ ကမ်းလှမ်းချက်ကို လာပြောတဲ့ အကြောင်း ဦးဝင်းမြင့်က ထွက်ဆိုခဲ့ပါတယ်။ 

သူတို့ရဲ့ ကမ်းလှမ်းချက်က ကျန်းမာရေးအကြောင်းပြချက်နဲ့ သမ္မတရာထူးကို နှုတ်ထွက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဦးဝင်းမြင့်က နှုတ်မထွက်နိုင်ကြောင်းနဲ့ ကျန်းမာရေးလည်းကောင်းမွန်တာမို့ စစ်တပ်အနေနဲ့ လုပ်ချင်တာ လုပ်နိုင်ကြောင်း ပြန်ပြောလိုက်တယ်ဆိုတဲ့ ထွက်ဆိုချက်ကို မနေ့က တရားခွင်မှာထွက်ဆိုခဲ့တာပါ။ ဒါဟာ ပထမဆုံးသော သမ္မတဟောင်း ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းစဥ်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ လှစ်ဟပြခဲ့တာဖြစ်ပါတယ်။ 

အခုလို စစ်အာဏာသိမ်းပြီးနောက် NLD ပါတီ၊ အာဏာမသိမ်းမီအစိုးရ အဖွဲ့ရဲ့ ထိပ်ဆုံးက ခေါင်းဆောင်တွေကို ဘယ်လို ကမ်းလှမ်းသလဲဆိုတာကို ဖွင့်ချဖို့ အခွင့်အရေးရတာဟာ NLD ပါတီအတွက် အခွင့်အလမ်းတခုဖြစ်ပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အခုလို လူသိရှင်ကြား တရားခွင်မှာ ပြောခွင့်ရတာဟာ အခွင့်အလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ 

စစ်တပ်က သူတို့တရားဥပဒေနဲ့ အညီအရေးယူရတာပါဆိုတာကို မြန်မာနဲ့ ကမ္ဘာကိုပြဖို့ လုပ်ဆောင်တဲ့ ဝါဒဖြန့်မှုကြားထဲ အခုလို အမှန်မဟုတ်တဲ့ အကြောင်းပြချက်တွေနဲ့ သမ္မတရာထူးတာဝန်ထမ်းဆောင် နေသူကို ကမ်းလှမ်းတယ်ဆိုတာဟာ မှတ်တမ်းတခု ဖြစ်ပါတယ်။ 

နောက်သတင်းတပုဒ်မှာတော့ ခုရက်ပိုင်းတွေအတွင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ် ကလေးမြို့ကတဆင့် စစ်တပ်တွေ ချင်းပြည်နယ် ဘက်ကိုတက်သွားတဲ့ သတင်းတွေ ဖေါ်ပြနေကြပြီး ဖလမ်းကနေ ဟားခါးဘက်ကို ဦးတည်နေတာ ဖြစ်ပါတယ်။ ပြည်နယ်မြို့တော် ဟားခါးကို ဦးတည်နေပြီး အဲဒီကတဆင့် တလောက တိုက်ပွဲဖြစ်ခဲ့တဲ့ မြို့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ထန်တလန်မြို့ဘက်ကို သွားမှာလားဆိုတာတော့ မသိနိုင်သေးပါဘူး။ 

သို့ပေမယ့် ချင်းပြည်နယ်မှာ အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ အားဖြည့်လာပြီး ပိုမိုထိန်းချုပ်ဖို့ ကြိုးစားလာကြတဲ့ လက္ခဏာ ဖြစ်တာထင်ရှားပါတယ်။ 

တဖက်မှာလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်တို့ကို ပီဒီအက်ဖ်တွေသာမက အရပ်သားစစ်ဘေးရှောင်တွေအားလုံးကိုပါ ရိက္ခာအဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့အခြေအနေဖြစ်ပါတယ်။ 

ချင်းတောင်၊ စစ်ကိုင်းတိုင်း နဲ့ ကယားပြည်နယ် တို့ရဲ့ စစ်ရေး အခြေအနေဟာ နေ့စဥ် သတင်းတွေမှာ အဖြစ်အပျက်အသစ်တွေ နဲ့ ပြည့်နှက်နေတဲ့ သတင်းတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေ၊ ကြားဖြတ်တိုက်ခိုက်မှုတွေ ကျေးရွာနဲ့ မြို့တွေက နေအိမ်တွေကို မီးရှို့နေတဲ့ သတင်း၊ ပီဒီအက်ဖ်လို့ သံသယရှိသူတွေကို ဖမ်းဆီး သတ်ဖြတ်တဲ့ သတင်းတွေက နေ့စဥ်လိုလို ဖေါ်ပြနေကြရတာပါ။ 

အရပ်သားတွေ အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေရရှိဖို့ အခုအချိန်အထိ စစ်ကောင်စီဘက်က ခွင့်မပြုပဲ ရိက္ခာတွေ အဆိုပါဒေသတွေဆီ မဝင်ရောက်အောင် ပိတ်ဆို့ထားသလို လူနေအိမ်တွေ ကျေးရွာတွေမှာ ရှိတဲ့ ဆန်တွေကိုလည်း ယူဆောင်သွားတာ ဖျက်ဆီးတာတွေ လုပ်နေကြတာဖြစ်ပါတယ်။ 

အာဆီယံမူ သဘောတူညီချက် ၅ ချက်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခွင့်ရရေးဆိုတာ ပါရှိပေမယ့် အခုအချိန်ထိ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးခွင့်မရသေးတဲ့ အခြေအနေဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း အာဆီယံရဲ့ ကိုယ်စားလှယ် လာရောက်ဖို့ သတင်းတွေထွက်ပေါ်‌နေပြီး နိုင်ငံရေးပါတီတွေနဲ့ တွေ့ဖို့ ချိန်းဆိုထားတာ ရှိပါတယ်။ နေ့ရက်နဲ့ အချိန်တွေပြောင်းသွားပြီးနောက် ဘယ်နေ့မှာ ရောက်မလဲဆိုတာတော့ မသိရသေးပါဘူး။ 

ဒီဒေးလို့ အရပ်သားအခေါ်အဝေါ်အားဖြင့် ခေါ်ကြတဲ့ တိုက်ပွဲအရှိန်မြှင့်တင်ဖို့ NUG အစိုးရက စတင်နှိုးဆော်တဲ့ စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်း တလကျော်အကြာမှာ အာဆီယံကိုယ်စားလှယ် လာရောက်ဖို့ ညှိနှိုင်းပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar