Breaking News

ဗေဒါညို - မြေပြင်အခြေအနေ

ဗေဒါညို - မြေပြင်အခြေအနေ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၁

သီတင်းကျွတ်လသို့ ရောက်လာခဲ့ပြီ။ ကောင်းကင်သည် ကြည်လင်လာ၏။ ဝါလကင်းလွတ်သီတင်းကျွတ်ဖြစ်၍ လူတွေလည်း ပေါ့ပါးရွှင်လန်းလာကြ၏။ မကြာခင် ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးသာမို့ဟုဆိုသည့်အတိုင်း ဘုရားပွဲတွေကျင်းပ၍ ဆိုင်းသံဗုံသံတွေကြားရတော့မည် ထင်၏ ... ထင်၏။ 

အလို ဘောက်မဲ့ကြောင့် စိတ်ကူးယဥ်နေရတာတုန်း။ ကျုပ်တို့အညာမှာသာမဟုတ် တစ်နိုင်ငံလုံးအခြေအနေကိုသိရဲ့သားနဲ့များ ထင်ရာ မြင်ရာတွေးတာကတော့ ကိုယ့်လူလွန်ပြီနော်ဟု အသိဝင်လာသောအခါ ရင်ဝကို ပိဿလေးဖြင့်အတွယ်ခံလိုက်ရသည့်နှယ် အွန့်ခနဲ။

တကယ်တော့ ကျွန်ုပ်သည်ပစ္စုပ္ပန်ကိုတည့်တည့်ရှုဖို့အရေးကို မေ့လျော့နေမိလေ၏။ အိုး ...အဲဒီပစ္စုပ္ပန်ကြီးက စိတ်ဆင်းရဲစရာတွေချည်းဥစ္စာ ကျုပ်ဖြင့် မရှုချင်ပေါင်ဗျာ မမြင်လိုမကြားလိုပါပဲဟု တရားအသိမရှိဘဲ စောဒကတက်ချင်လှ၏။ ခက်တာက တကယ့်အရှိတရားကို မကြည့်ဘဲနေ၍မရ။ မမြင်ချင်ယောင်ဆောင်နေ၍လည်းမရ။ ထိုအခါ စိတ်ညစ်စရာတွေ ဒေါသဖြစ်စရာတွေက ကျွန်ုပ်ဆီသို့ တရဟော ပြုံအောဝင်လာကြသည်။ ကိုယ့်အသက်အရွယ်ကလည်း တက်ထောင်မောင်းနင်းလုပ်ဖို့နေနေသာသာ ကိုယ့်ကိုယ်တောင် အနိုင်နိုင်။ ယင်းသမို့ကြောင့် တရှူးရှူးဖြင့်နှာမှုတ်ရင်း မြွေနိုးတွေ -မြွေနိုးတွေဟု နန်းစတော့ကျိန်ဆဲသမှုပြုမိပါလေတော့၏။ မေတ္တာလွှမ်းခြုံချင်ပါသော်လည်း ကိုယ့်ပါးစပ်က အဆဲပဒေသာတွေချည်း ထွက်လာသမို့ တယ်လည်းခွကျလှပါကလား။

ကျွန်ုပ်သည် နေ့စဥ်နေ့တိုင်း ဖေ့စ်ဘွတ်ကိုသုံး၏။ ဖေ့စ်ဘွတ်ဖြင့်အိပ်ရာထ၍ ဖေ့စ်ဘွတ်ဖြင့်အိပ်ရာဝင်၏။ တရားအသိမရှိ၍ မဟုတ်ပါ။ ကိုယ့်ဘဝသက်တမ်းတလျှောက်လုံး တစ်ရွာလုံးမှာရေဒီယိုတစ်လုံးမျှမရှိ။ လျှပ်စစ်မီးဆိုတာဝေလာဝေး မောင်ဗမာစက်ဘီးမဲပေါက်သူကို အားကျခဲ့ရသော ခေတ်ကို နှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့ရ၍ ယခုလို ပွင့်လင်းမြင်သာ ဆက်သွယ်ရေးစနစ်အားကောင်းလာချိန်တွင် ကုန်လွန်ခဲ့ရသည့်အချိန်တွေအတွက် အတိုးချသုံးစွဲနေရခြင်းပါဟု ဆင်ခြေပေးရပါလေ၏။

လွန်ခဲ့သည့်သုံးလေးရက်လောက်က ဖေ့စ်ဘွတ်ခမျာ (၇) နာရီလောက် ကို့ရိုးကားယားဖြစ်သွား၏။ သည်လိုဖြစ်နေတာကို ကျွန်ုပ်မသိချေ။ ညသန်းကောင်အချိန် ဖေ့စ်ဘွတ်သုံးသောအခါ အသစ်တွေတက်မလာ အဟောင်းတွေချည်းသံသရာလည်နေ၍ ဘယ့်နှာဖြစ်ရတာပါလိမ့်ဟု ဦးနှောက်ခြောက်သွား၏။ တဖန် ငါတော့ပယောဂတစ်ခုခုပူးကပ်နေချေပြီဟု ယူဆလိုက်၏။ ကိုယ့်ကို မည်သူကအနှောက်အရှက်ပြုနေသည်နည်း။ စုန်းလော ကဝေလော မြေဘုတ်ဘီလူး ပြိတ္တာ သရဲတစ္ဆေတွေလော။ ဆရာကြီးမြစကြာ၏ သိုက်သမိုင်းစာအုပ်ကိုဖတ်ထား၍ သို့ကလိုတွေး၏။ အို့ဟိုး ...ဒါမျိုးလာစမ်းလို့တော့ ဘယ်ရလိမ့်မတုန်းဗျာ။ လူကနေသော်လည်း ပညာကမနေ။ သင်ဆရာ မြင်ဆရာကြားဆရာတို့ထံ ဆည်းပူးထား၍ ဖေ့စ်ဘွတ်သင်ပုန်းကြီးကို ခရက်ဒစ်ဖြင့်အောင်မြင်ထွန်းပေါက်ထားသည်ဖြစ်သမို့ ပညာမာနဖြင့် ဖေ့စ်ဘွတ်မှာအသစ်တွေတက်လာအောင် ဆက်ခါ ဆက်ခါ ကြိုးစား၏။ မနက်ငါးနာရီလောက်မှာ အောင်မြင်သွား၍ တယ်ဟုတ်တဲ့ငါပါကလားဟု ကိုယ့်ကိုယ်ကိုအမှတ်တိုးပေးလိုက်မိပါ၏။ သို့ရာတွင် ဖေ့စ်ဘွတ်သည် ကမ္ဘာတစ်ခွင်လုံးပြတ်တောက်သွားသည်ဆိုသည့်သတင်းကိုကြားရသောအခါ ငင့် ...။ အဲသလိုသိမှမသိဘဲလေဟု စိတ်ဖြေလိုက်ရပေ၏။

ဖေ့စ်ဘွတ်သည် အနှီကဲ့သို့ ဆက်သွယ်ရေးပြတ်တောက်သွား၍ ဇူကာဘတ်ခမျာ ၅.၉ ဘီလျံဆုံးရှုံးသွားသည်ဟု သိရ၏။ သတင်းဌာနတစ်ခုကတော့ ၆ ဘီလျံ။ အခြားသတင်းဌာနတစ်ခုက ၇ ဘီလျံ။ ကျန်သည့်သတင်းဌာတစ်ခုက ၉.၅ ဘီလျံဆုံးရှုံးသွားသည်ဟု ဖော်ပြကြ၏။ ဘယ်သတင်းဌာနက အမှန်လည်းဟု ကျွန်ုပ်မသိချေ။

ကျွန်ုပ်သည် ယင်းသို့ဆုံးရှုံးမှုအတွက် ဇူကာဘတ်ကို လွန်စွာသနားသွား၏။ ခွက်ပျောက်မည့်အရေးကိုမတွေး သင်္ဘောမှောက်မည့်သူအတွက်မဆီမဆိုင်တွေးပူခြင်းဖြစ်၍ မြန်မာလူမျိုးပီသလှ၏။ ထို့ပြင်တဝ အဲသည်ဆုံးရှုံးရသည့်ငွေတစ်ဝက်လောက် ငါတို့နိုင်ငံထဲရောက်လျှင်ကောင်းလေစွဟု မအူမလည်ဖြင့် စိတ်ကူးယဥ်လိုက်မိပြန်၏။ ၇ နာရီလောက် ပျက်သွားရုံဖြင့် ပိုက်ဆံတွေအဲသလောက်ချည်းဆုံးရှုံးသွားသတဲ့လား။ ကျွန်ုပ် မည်သို့မျှနားမလည်ချေ။ သို့သော်လည်း ကမ္ဘာတစ်ခွင်မှာဖြင့် အရေးကြီးဆုံးက ပိုက်ဆံပါကလားဟု အသိတစ်ခုရလာခဲ့၏။ အာဏာရယ် ပိုက်ဆံရယ်။ သည်နှစ်ခုက ပူးတွဲနေ၏။ အပြန်အလှန်အကျိုးပြုနေကြ၏။ သူရို့အားကောင်းလာသောအခါ အမှန်တရားသည်မြှုပ်ကွယ်နေသည်ကော။

မနေ့က လေဒီကို မင်္ဂလာမန္တလေးကအိုးရှင်းသို့ လိုက်ပို့ပေးရ၏။ စျေးဝယ်သွားသည်မို့ ဘိုလိုပြောလျှင် ရှော့ပင်းပေါ့။ နို့ပေမင့် အထင်မကြီးလိုက်ပါနှင့်ဦး။ အိုးရှင်းသို့စျေးဝယ်သွားရခြင်းကား ဤသို့တည်း။ မြို့သစ်စျေးထဲသို့တိုးဝှေ့ဝယ်ရင်း ပိုက်ဆံခါးပိုက်နှိုက်ခံလိုက်ရ၏။ ခါးပိုက်နှိုက်တွေက အုပ်စုလိုက်လာကြသည်ဟုဆို၏။ စျေးသည်တွေက ဒင်းတို့ကိုသိသော်လည်း မည်သူမျှမပြောရဲကြ။ ကိုယ်ဖြစ် ကိုယ်ခံကြရုံသာ။ သည်တော့ စျေးကြီးသော်လည်း အိုးရှင်းသို့မြန်းရလေသည်။ မဟုတ်သေးဘူး အိုးရှင်းသည်လည်း အားလုံးစျေးကြီးသည်မဟုတ်ပါ။ ကြက်လည်ချောင်းရိုး ကြက်ခြေထောက်တွေပါသောအထုပ်တစ်ထုပ်ကို တစ်ထောင်ပဲပေးရ၏။ အပြင်မှာ သည်စျေးဖြင့်မရ။ ထို့ကြောင့် လေဒီသည် ရတနာသိုက်တွေ့လိုက်သည့်နှယ် အိုးရှင်းသို့စျေးဝယ်ထွက်ခြင်းဖြစ်ပါ၏။ ကျွန်ုပ်သည်လည်း ကြက်ခြေထောက်စွပ်ပြုတ်ဖြင့် နေ့တိုင်းပွဲတော်တည်နေရလေ၏။ သည်အတိုင်းဆိုလျှင် ကယ်လ်ဆီယံဓာတ်တွေ ခန္ဓာကိုယ်ထဲကလျှံထွက်တော့မည်ထင်သည်။

လေဒီသည် အိမ်ရှင်မတို့ထုံးစံ စျေးကပြန်လာတိုင်း ကုန်ပစ္စည်းတွေစျေးတက်ကြောင်းကိုပြောကာ ညည်းညူလေ့ရှိစမြဲ။ ထို့ကြောင့် သူ့ကိုစျေးလိုက်ပို့ရင်း ဒေါ်လာစျေး ရွှေစျေး လောင်စာဆီစျေးတွေတက်နေ၍ ကုန်စျေးနှုန်းတွေတက်နေသည့်အကြောင်း ကြိုတင်ပြောပြီး ညည်းသံမထွက်အောင်ကာကွယ်ထားရ၏။ သည်ကနေ့လည်း တရုတ်ဖက်က ချင်းရွှေဟော်ဂိတ်ကိုပိတ်လိုက်လို့ တရုတ်ပစ္စည်းတွေမလာနိုင်တော့ဘူး။ စျေးတွေတက်တော့မှာကွဟု အသိပေးထားရ၏။ ထိုအခါသူက ကြက်ရိုးတွေ အရင်ကစျေးနဲ့ရပါ့ဦးမလားဟု​ဆိုလိုက်သမို့ ခေါင်းကုပ်လိုက်မိသည်။ နောက်တစ်နေ့ထမင်းပွဲမှာ ကြက်ရိုးဟင်းချိုက ရှောင်မလွဲဖြစ်မှာသေချာနေပြီ။ ထို့အတွက် မညည်းညူဝံ့ပါ။ လေဒီကလည်း ခေသူမဟုတ်။ တော်က ကြက်ရိုးဟင်းကလေးစားနေရတာပဲ ကံကောင်းတယ်မှတ်။ တောထဲတောင်ထဲရောက်နေကြတဲ့ကလေးတွေခမျာ ငပိရည်ကလေးစားချင်ရှာတာတောင် မစားကြရရှာဘူးဟု ဖေ့စ်ဘွတ်ထဲကဓာတ်ပုံကိုလက်ညှိုးထိုးပြ၍ ပြောလိုက်လေ၏။ မှန်၏။ တိုက်ပွဲတွေကြောင့် ရွာတွေကိုစွန့်ခွာပြေးနေကြရရှာသူတွေခမျာ စားရေး သောက်ရေး နေရေးထိုင်ရေး မည်မျှဒုက္ခရောက်နေကြရရှာမည်မသိ။ သူတို့နှင့်စာလျှင် ကိုယ့်ဒုက္ခက ဘာဟုတ်သေးလို့လဲ။

စျေးဝယ်သွားသည့်လေဒီကိုစောင့်ရင်း မင်္ဂလာမန္တလေးနှင့်မျက်စောင်းထိုးရှိ ဂေါက်သီးရိုက်နေကြသူများကိုငေးကြည့်၍ နေမိသည်။ ကျွန်ုပ်သည်ဂေါက်သီးရိုက်အားကစားအကြောင်း သိပ်မသိပေ။ ဘယ်ကျင်းအတွက် ဘယ်လိုနံပါတ်တုတ်တွေဖြင့်ရိုက်ရမှန်းလည်း မသိပေ။ ကမ္ဘာကျော်ဂေါက်သီးသမားဆို၍ တိုက်ဂါးဝုဒ်လောက်သာသိ၏။ ဂေါက်သီးရိုက်တာ ထင်ရှားနာမည်ကြီးလျှင် ဝင်ငွေတွေသောက်သောက်လဲရ၏။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ဂေါက်သီးရိုက်ခြင်းကို တော်တော်များများစိတ်ဝင်စားကြ၏။ သို့ဖြင့် လေ့ကျင့်ထူးချွန်လာပါက ပရော်ဖက်ရှင်နယ်လိုင်းသို့ကူးပြောင်း၍ အောင်မြင်ကြလိမ့်မည်ဟုတွေး၏။ ကျွန်ုပ်၏အမြင်လွဲမှားသွားခဲ့လေပြီ။ ကျွန်ုပ်တို့နိုင်ငံမှာတော့ ဂေါက်သီးရိုက်အားကစားခမျာ တစ်လွဲသို့ရောက်နေ၏။ ဂေါက်သီးရိုက်ခြင်းသည် အာဏာပါဝါရှိသူတို့ထံသို့သွားရောက်နိုင်သည့် အလွယ်ဆုံးသောလမ်းကြောင်းဖြစ်နေ၏။ ဂေါက်သီးရိုက်ရင်း အပေးအယူတွေ ဆွေးနွေးလို့ရ၏။ ဟန်ကျလှသည်။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံမှ နာမည်ကျော်ဂေါက်သီးသမားတွေထွက်ပေါ်မလာတာ အထူးအဆန်းမဟုတ်တော့။

လေဒီနှင့်အတူ အိုးရှင်းမှပြန်လာသည်။ နေရောင်ကညှိုးကျသွားပြီ။ လေဒီက အိမ်ပြန်ရောက်ရင် အပြင်ပြန်မထွက်နဲ့ဦးဟု မလိုအပ်ဘဲပြော၏။ လောင်စာဆီစျေးတက်နေ၍ ဘယ်မှလည်းထွက်ချင်စိတ်မရှိပါ။ ခေတ်ကလည်းပြောင်းသွားပြီ။ ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက သုံးလေးပြလောက်အကွာအဝေးဆီမှ သေနတ်သံများကြားလိုက်ရသည်နှင့် ကျွန်ုပ်တို့ခမျာအိမ်တံခါးတွေပိတ်ပြီး ငြိမ်ကုပ်နေခဲ့ရ၏။ ယခုတော့ဖြင့်မဟုတ်ပေါင်။ပစ်သံခတ်သံတွေကြားလည်း အသွားအလာမပျက်။ ဒီနေရာကိုမလာနဲ့လို့တားထားရင်လည်း တစ်ခြားနေရာကသွားမှာပေါ့ဆရာရဲ့ဟု တပည့်တစ်ယောက်ကပြောဖူးသည်။

နေရာအနှံ့တိုက်ပွဲတွေဖြစ်နေ၏။ စစ်ပွဲကြောင့်ပြေးသူတွေလည်း ပြေးနေကြရ၏။ လူတွေလည်း ဝမ်းရေးအတွက် လမ်းပေါ်မှာသွားလာလှုပ်ရှားနေကြရ၏။ ဂေါက်သီးရိုက်သူကလည်းရိုက်နေ၏။ ဤကား ကျွန်ုပ်သိရသောမြေပြင်အခြေအနေဖြစ်သည်။ ​မြေပြင်အခြေအနေသည် ပြည်သူလူထု၏အခြေအနေဖြစ်သည်။ တကယ်တော့ ကျွန်ုပ်သိရသောအနေအထားသည် ကျွန်ုပ်ကျင်လည်ရသောလောကဝန်းကျင်ကလေးထဲက နေရာကွက်ကွက်လေးသာဖြစ်၏။

ရွှေစျေးနှင့်ဒေါ်လာစျေး အနည်းငယ်ပြန်ကျသော်လည်း လောင်စာဆီစျေးက မကျ။ ကမ္ဘာ့ရေနံစျေးတက်နေ၍ စျေးကျဖို့လည်းမမြင်။ လောင်စာဆီစျေးတွေလှိမ့်တက်နေပါက ဘာဖြစ်လာနိုင်သလဲဟု မေးလာအံ့။ ကျွန်ုပ်လည်းမသိပေ။ ကျွန်ုပ်၏အသက်အရွယ်က အနာဂတ်ကိုလှမ်းမျှော်ခြင်းထက်အတိတ်ကိုပြန်လည်သတိရစေခြင်းကိုသာ အားပေးနေ၏။ သည်မှာပင်ငယ်ငယ်တုန်းက သီတင်းကျွတ်ပွဲ ရွာမှာဇာတ်ကကြတာကိုပြန်လည်သတိရသွား၏။ တစ်ရွာလုံးက ကိုယ့်ဆွေမျိုးတွေချည်း။ ဇာတ်စင်ပေါ်တက်၍ သရုပ်ဆောင်နေသူတွေရော ပွဲကြည့်ပရိသတ်ရော ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ်ဖြစ်၍ လက်ခုပ်သြဘာသံတွေ ပွက်ပွက်ညံနေ၏။ နှစ်ပါးသွားမှာ လေးလေးအောင်က မင်းသား။ ဆိုလိုက် ကလိုက်။ သူဆိုသည့်သီချင်းက ထိုစဥ်အခါက ဇာတ်မင်းသားကြီးဦးအောင်ငြိမ်း၏ နာမည်ကျော်သီချင်း။ တိုင်းပြည်မြို့သာယာပေသည် ဆုပန်ထွာ ကိုအောင်ငြိမ်းက ကျော်ကြားခဲ့သည်တဲ့။

သည်သီချင်းလေးက ကျွန်ုပ်၏ရင်ထဲဝယ်စွဲနေဆဲ။ ထို့အတူ ဇာတ်ပိုးကလေးကလည်း ရှိနေဆဲ။သဟာကြောင့် တစ်ချီတစ်မောင်းလောက် ကပြလိုက်ချင်စမ်းပါဘိသည်။ သို့သော်လည်း အသက်အရွယ်ကလည်းကြီးပြီ။ ရွာတွေမှ ာသီတင်းကျွတ်ပွဲတွေလည်း မဆင်နွှဲနိုင်ကြတော့ပြီ။ ဆိုလိုတာက မြေပြင်အခြေအနေသည် ကိုယ့်ဖက်မှာမရှိတော့။ ဒါဖြင့် လက်လျှော့ရတော့မှာလား။ နိုး ... နိုးသည်လောက်ဖြင့် မမှုသေးပါ။ မကနိုင်သော်လည်းသီချင်းဆိုနိုင်ပါသေး၏။ ယင်းသမို့ကြောင့် လေဒီမသိအောင် ရေချိုးခန်းထဲသို့သွား၍ အပြတ်ဟဲလိုက်ရပါတော့သတည်း။

တိုင်းပြည်မြို့ သာယာပေသည် ဆုပန်ထွာ ကိုအောင်ငြိမ်းက ကျော်ကြားခဲ့သည် ... ။ တူနဲ့ တယ့်နယ် တူနဲ့ တယ့်နယ်။ ဤတွင်ကားလိပ်ချ ...။

ဗေဒါညို

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar