Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၆)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၆)
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၁

အမေရိကန် 
မြန်မာတရုတ်ဆက်ဆံရေးတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့်နိုင်ငံတခုမှာ အမေရိကန်နိုင်ငံဖြစ်သည်။ အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာကြီး၌ တွင်ကျယ်လာသော နိုင်ငံကြီးဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကမ္ဘာကြီးအား ခွဲဝေပိုင်းခြားအုပ်ချုပ်ခဲ့ကြသည် အင်္ဂလိပ်၊ ဥရောပနိုင်ငံများနှင့် ဂျပန်တို့တို့သည် ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ပြာပုံဘဝရောက်ခဲ့ပြီးဖြစ်ရာ ကုန်းရုန်းထဖို့ကြိုးစားရအုံးမည်ဖြစ်သည်။ နေမဝင်အင်ပါယာဟုကြွေးကြော်ခဲ့သည့် ကမ္ဘာပတ်၍လူစွာလုပ်ခဲ့သည့် အင်္ဂလိပ်တို့ နေဝင်ချိန်သည် အမေရိကန်တို့အတွက် နေထွက်ချိန်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလက စစ်ဘေးမသင့်ခဲ့သည့်နိုင်ငံဖြစ်ခဲ့ရာ ကမ္ဘာအရပ်ရပ်မှ စီးပွါးရေးလုပ်ငန်းရှင်များ၊ အရင်းအနှီးများ၊ ပညာရှင်များစွာတို့ စစ်ဘေးခိုလှုံရာဒေသဖြစ်ခဲ့သည့်အပြင် စစ်နိုင်သည့် နိုင်ငံဖြစ်ခဲ့သည့် အမေရိကန်တို့ ကမ္ဘာကြီးတွင် နံပါတ်တစ်နေရာကို ရခဲ့သည်။ စီးပွါးရေးအင်အား၊ နည်းပညာအင်အား၊ ဘဏ္ဏာရေးအင်အား၊ စစ်အင်အားဖက်စုံတွင် အခြားနိုင်ငံများနှင့် များစွာကွာခြားသောအမေရိကန်တို့ ကမ္ဘာကြီးတွင်လူစွာလုပ်နိုင်ခဲ့သည်။ သူ၏ မဟာမိတ်အနောက်နိုင်ငံများသည် သူ၏စစ်ရေးအစောင့်အ‌ရှောက်ကို ရယူကြရသည့်အပြင် စီးပွါးရေးပြန်လည်ထူထောင်ရန် အမေရိကန်၏အကူအညီကို ရယူသည်ဖြစ်ရာ အမေရိကန် သည် အနောက်ကမ္ဘာခေါင်းဆောင်နေရာကို အလိုလိုရရှိလာသည်။ ထို့ပြင် သူ၏သာလွန်သည့်အင်အားဖြင့် ကမ္ဘာကြီးအားကြီးကြပ်ကွပ်ကဲပြီး သူစိတ်တိုင်းကျပုံဖေါ်သည့် အရေးပါသောနေရာရယူခဲ့သည်ဟု ဆိုရမည်။ မည်သို့ဆိုစေ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းတွင် အမေရိကန်သည် အရေးပါသောအခန်းကပါဝင်သည်။ 

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်တွင်းရေးအခြေသည် တည်ငြိမ်လှသည်တော့မဟုတ်။ ၁၉၅၅ မှ ၁၉၇၅ ကြား ပြင်းထန်သောနိုင်ငံရေးလှုပ်ရှားမှုများရှိခဲ့သည်။ ယနေ့ကာလတွင် ဒီမိုကရေစီရေး၊လူ့အခွင့်အရေးနှင့်ပတ်သက်၍ ရှေ့တန်းရောက်သော စံပြအဖြစ် သဘောထားကြသော အမေရိကန်သည် မဝေးလှသောထိုကာလက အသားအ ရောင်ခွဲခြားသော၊ လူဖြူလူမဲခွဲခြားသော နိုင်ငံတနိုင်ငံဖြစ်ခဲ့သည်။ ကေသုံးလုံးကဲ့သို့ လူဖြူအစွန်းရောက်အဖွဲ့များ၏ လှုပ်ရှားမှုများရှိသည်။ စားသောက်ဆိုင်၊ ခရီးသည်တင်ဘတ်စ်ကား စသည့်အများနှင့်သက်ဆိုင်သောနေရာများတွင် လူဖြူလူမဲခွဲခြားမှုပြင်းထန်သည်။ လူဖြူတယောက်အားဘတ်စကားပေါ်တွင် ထိုင်ခုံနေရာ ဖယ်မပေးသည့် လူမဲများ ဖမ်းဆီးခံရသည်။ တရားစွဲခံရသည်။ စားသောက်ဆိုင်အချို့တွင် လူမဲနှင့်ခွေးမဝင်ရဟူသည့် စာတမ်းချိတ်ခါ ခွဲခြားစော်ကားမှုများရှိသည်။ ထို့ကြောင့် အသားရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုများပြင်းထန်သည်။ ထိုလှုပ်ရှားမှုကို ခေါင်းဆောင်သည့် ‌လူမဲခေါင်းဆောင် ဒေါက်တာမာတင်လူသာကင်းဂျူနီယာအား လူဖြူအစွန်းရောက်များက လုပ်ကြံသတ်ဖြတ်သည်။ ထို့ပြင် အမေရ်ိကန်စစ်သား ၅၀၀၀၀ ကျော်သေဆုံးခဲ့ရသည့် ၁၉၅၅ မှ ၁၉၇၅ ထိ အနှစ် ၂၀ ကြာ ဗီယက်နမ်စစ်ပွဲအားလည်း အမေရိကန်လူထု အထူး သဖြင့် အမေရိကန်လူငယ်များက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည်။ သို့ဖြစ်ရာ ထိုကာလအတွင်း အမေရိကန်နိုင်ငံတွင်း၌ အသားရောင်မခွဲခြားရေးလှုပ်ရှားမှုများ၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြင်းထန်နေခဲ့သည်။ သို့ဖြစ်ရာ ၁၉၇၅ ခုနှစ်ဗီယက်နမ်စစ်ပွဲမှ ရှုံးနိမ့်၍ဆုတ်ခွါလာရသည့်အချိန်တွင် ပြည်တွင်းဆန့်ကျင်မှုများကြောင့်၎င်း အင်ဒိုချိုင်းနား သုံးနိုင်ငံလွတ်မြောက်မှုလာသည့်ဂယက်ကြောင့်၎င်း အမေရိကန်၏နိုင်ငံရေးဩဇာကျဆင်းခဲ့သည်။ ‌ကမ္ဘာ့အရေးအခင်းနေရာတကာတွင်ပါဝင်သော အမေရိကန်အား ငပွကြီးဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဒိုမီနိုသီအိုရီအရ အရှေ့တောင်အာရှနိုင်ငံများ တနိုင်ငံပြီးတနိုင်ငံ ကွန်မြူနစ်နိုင်ငံဖြစ်လာမည့် အရေးကိုတော့ အမေရိကန်တို့ လစ်လျူရှုမထားခဲ့ပေ။ မြန်မာနိုင်ငံအပါ အရှေ့တောင်အာရှနိုင်ငံအစိုးရများ၏ ကွန်မြူနစ်ဆန့်ကျင်ရေးစစ်ပွဲများအား ခေါင်းစဉ်အမျိုးမျိုးအောက်တွင် ကူညီခဲ့သည်။ ထိုစဉ်ကာလက အမေရိကန်၏ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်သည့် CIA ဟုလူသိများသည့် ဗဟိုထောက်လှမ်းရေးအေဂျင်စီသည် လက်စောင်းထက်သည်။ 

တဖက်ကလည်း အမေရိကန်သည် ဒုတိယကမ္ဘာစစ်အပြီး ပြည်တွင်း၌ရော ပြည်ပမှာပါ ကွန်မြူနစ်ဆန့်ကျင်ရေးအား ဇောက်ချလုပ်ကိုင်ခဲ့သည်။ အမေရိကန်ပြည်တွင်းရှိ ကွန်မြူနစ်များအား ခေါင်းမထောင်နိုင်အောင်ဖိထားနိုင်ခဲ့သည်။ ပြည်ပတွင် ကွန်မြူနစ်အင်အားစုထဲမှ အဓိကအင်အားစုဖြစ်သည့် ဆိုဗီယက်ယူနီယံအား ရင်ဆိုင်ထားခဲ့သည်။ အမေရိကန်ဦးဆောင်သည့် နေတိုးစစ်အုပ်စုနှင့် ဆိုဗီယက်တို့ဦးစီးသည့် ဝါဆောစစ်အုပ်စုတို့ 
ဥရောပတွင် စစ်ရေးအရရင်ဆိုင်ထားသည်။ အမေရိကန်နှင့်ဆိုဗီယက်ကြားတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေးဘက်စုံပြိုင်ဆိုင်မှုများရှိခဲ့သည့်အပြင်၊ အနုမြူလက်နက်တည်ထွင်မှု၊ ထုတ်လုပ်မှု၊ တပ်ဆင်မှုများ ကြီးမားစွာပြိုင်ဆိုင်မှုများရှိသည့် ခေတ်ကာလကို စစ်အေးကာလဟုခေါ်ဆိုခဲ့သည်။ ၁၉၈၀ ခုနှစ် အာဖဂန်အား ဆိုဗီယက်တို့ဝင်ရောက်ကျူးကျော်သည့်စစ်ပွဲသည် ၉ နှစ်ကြာခဲ့သည်။ ထိုစစ်ပွဲတွင် အမေရိကန်တို့က အာဖဂန်တို့အား နောက်ကွယ်မှ ကူညီပံ့ပိုးမှုများပြုလုပ်ခဲ့သည်။ အာဖဂန်စစ်ပွဲတွင် ဆိုဗီယက်တို့ ရှုံးနိမ့်ဆုတ်ခွါခဲ့ရသကဲ့သို့ ဆိုဗီယက်ယူနီယံလည်း တိုင်းပြည် ၁၅ ပြည်အဖြစ်ကွဲထွက်သွားခဲ့သည်။ ဆိုဗီယက်ယူနီယံပြိုကွဲမှုနှင့်အတူ ဒုတိယကမ္ဘာစစ်အပြီးစတင်ခဲ့သည့် စစ်အေးတိုက်ပွဲအဆုံးသတ်သွားခဲ့တော့သည်။ 

အမေရိကန်အနေနှင့် ဆိုဗီယက်ထက်ပိုမိုကြာမြင့်သည့်စစ်ပွဲများတိုက်ခိုက်ပြီး ပြည် တွင်း၌ နိုင်ငံရေးအကြပ်အတည်းများကြုံခဲ့ရသော်လည်း အမေရိကန်တို့သည် အပြောင်းအလဲများပြုလုပ်နိုင်ခဲ့သည်။ စိးပွါးရေးအရ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ နည်းပညာအသစ်အဆန်းများဖြင့် ကမ္ဘာစီးပွါးရေးအပြောင်းအလဲကိုဦးဆောင်နိုင်ခဲ့သည်။ ဤသည်ပင် အမေရိကန်၏အားသာချက်ဖြစ်ခဲ့သည်။ ဆိုဗီယက်ယူနီယံပြိုကွဲသွားသည်နှင့်တချိန်တည်း တရုတ်ပြည်၌လည်း တိန်အန်မင်အရေးအခင်းဖြစ်ပွါးပြီး နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွါးသည်။ ထို့ပြင် ၁၉၈၀ နောက်ပိုင်း တရုတ်တို့သည် အမျိုးသားအကျိုးစီးပွါးကိုရှေ့ရှုပြီး အယူဝါဒရေးကို နောက်သို့ပို့လိုက်ရာ အမေရိကန်၏ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးဟူသည့် လစ်ဘရယ်နိုင်ငံရေးသည် ဦးမော့လာသည်။ အသာစီးရလာသည်။ အရှေ့လေအားပျော့သွားပြီး အနောက်လေတိုက်သောကာလကိုရောက်လာသည်။ အမေရိကန်သည် စီးပွါးရေး၊ဘဏ္ဏာ‌ရေး၊ စစ်ရေး၊ နည်းပညာ‌ဖက်တွင်သာမက လစ်ဘရယ်နိုင်ငံရေးအယူအဆဖြင့်လည်း အယူအဆရေးရာအရ ဦးဆောင်မှုနေရာရလာတော့သည်။ 

ထိုအချိန်ကာလတွင် မြန်မာပြည်၌ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီး လက်ဝဲအင်အားစုများ စတင်အားပျော့သွားသည့်အချိန်ဖြစ်သည်။ မြန်မာပြည်တွင် ရှစ်လေးလုံးအရေး တော်ပုံဖြစ်ပွါးသည့်ကာလဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရအား အမေရိကန်နှင့်အ နောက်အုပ်စုနိုင်ငံများက င်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချပြီး စီးပွါးရေးပိတ်ဆို့များပြုလုပ်ခဲ့သည်။ အနောက်တိုင်းအသံလွှင့်ဌာနများဖြစ်သည့် VOA၊ BBC သတင်းဌာနများကလည်း ဒီမိုကရေစီအရေးအခင်းနှင့်ပတ်သက်သည့်သတင်းများ၊ စစ်အစ်ိုးရအားဆန့်ကျင်သည့် အမြင်သဘောထားများအား ထုတ်လွှင့်သည့်ကာလဖြစ်သည်။ ဘေကျင်းအသံလွှင့်ဌာနမှ တရုတ်မလေး၏ ခပ်စွာစွာအသံကို မကြားရတော့။ လူထု၏စိတ်ဝင်စားမှုသည် VOA၊ BBC သတင်းဌာနများဆီသို့ရောက်သွားပြီဖြစ်သည်။ နဝတအစိုးရအား ဆန့်ကျင်သည့် ဒီမိုကရက်တစ်လူထု၏ တိမ်းညွှတ်မှုသည် အနောက်သို့ယိမ်းသွားသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုသည်က ရေပမ်းစားလာသည်။ မြန်မာပြည်တွင်လည်း အနောက်လေတိုက်ပြီဖြစ်သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar