Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၆ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၁

အာဆီယံ၊ မလေးရှားနဲ့ တရုတ်နိုင်ငံ ကုန်သွယ်မှုနဲ့  မြန်မာ့နိုင်ငံရေး 
ခုရက်ပိုင်းအတွင်း သတင်းတွေထဲ စိတ်ဝင်စားလာကြတဲ့ အကြောင်းအရာတရပ်ကတော့ မြန်မာ့အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့ ဂျာကာတာမှာကျင်းပတဲ့ မြန်မာ့အရေး အာဆီယံသီးသန့်အစည်းအဝေးမှာ သဘောတူခဲ့တဲ့ မူငါးချက်ကို အကောင်အထည်ပေါ်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ဖို့၊ ခန့်အပ်ပြီးနောက် အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မြန်မာနိုင်ငံလာဖို့ စသဖြင့် အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်ချက်က ရှေ့မရောက်ဘူး နှောင့်နှေးနေတယ် စသဖြင့် ဝေဖန်မှုတွေ ရှိခဲ့တာပါ။ 

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဝေနိုင်အောင် စစ်ရေးလှုပ်ရှားမှုတွေကို ယခုနှစ်ကုန်ထိ ၄ လကြာရပ်နားဖို့ အကြံပြုချက်ကို အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီဘက်နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၊ လက်နက်ကိုင်အဖွဲ့တွေကို မေတ္တာရပ်ခံမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ 

စစ်ရေးလှုပ်ရှားမှုတွေရပ်နားဖို့ မေတ္တာရပ်ခံတာဟာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း အာဆီယံဘက်က ရှင်းလင်းပြောဆိုခဲ့တာပါ။ 

အာဆီယံကိုယ်စားလှယ်ရဲ့ စစ်ရေးလှုပ်ရှားမှု နှစ်ကုန်ထိဆိုင်းငံ့ထားဖို့ မေတ္တာရပ်ခံချက်ဟာ မြန်မာနိုင်ငံက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြမယ့်အဖွဲ့တွေအဖို့ အချိန်အခါနဲ့ မကိုက်ဘူးလို့ပဲ ပြောရမယ်ထင်ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ အရပ်အခေါ် D-Day လို့ခေါ်ကြတဲ့  NUG ရဲ့ တော်လှန်ရေးကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး အာဆီယံရဲ့ စစ်ရေးလှုပ်ရှားမှုရပ်နားဖို့ အဆိုပြုချက်ကို NUG ဘက်က ပွင့်ပွင့်လင်းလင်းပဲဆန့်ကျင်ကြောင်း ကြေညာခဲ့ပါတယ်။ 

အာဆီယံကိုလည်း မြန်မာ့အရေးမှာ အားကိုးဖွယ်ရာမရှိဘူးလို့ ကောက်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမယ့် ခုရက်ပိုင်းအတွင်း အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ရေးညှိနှိုင်းကြရာမှာ အာဆီယံကိုယ်စားလှယ် ဖြစ်သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရ/မရ ဆိုတဲ့ သတင်းတွေလည်း လူတွေ စိတ်ဝင်စားနေကြရာက ခုရက်ပိုင်းမှာတော့ အာဆီယံကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုနိုင်ဘူးလို့ စစ်ကောင်စီဘက်က အပြီးသတ်ငြင်းလိုက်တဲ့နောက် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လာမယ့်လကုန်အစည်းအဝေးမှာ ခေတ္တအဆင့်နှိမ့်ထားဖွယ် ရှိတယ်ဆိုတဲ့ နည်းလမ်းတခုကို ဆွေးနွေးနေကြောင်း သတင်းတွေမှာ တွေ့လာရပါတယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အခုလတ်တလောကိစ္စတွေမှာ အထက်ကရေးပြခဲ့တဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အလားအလာတွေကို သတင်းမီဒီယာတွေထံ ထုတ်ပြောတာ၊ မလေးအစိုးရအဖွဲ့ တာဝန်ရှိသူက ဆိုရှယ်မီဒီယာ တွစ်တာမှာရေးသားတာတွေ လုပ်လာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ လတွေက NUG အနေနဲ့ အာဆီယံကို စိတ်ပျက်ခဲ့ရာက အာဆီယံကိုဝေဖန်ခဲ့ပြီး အခုတဖန် မြန်မာစစ်ကောင်စီကို အာဆီယံက သံတမန်အရ ဖိအားပေးလာတဲ့ အရိပ်အရောင်တွေကြောင့် ပြန်အလေးထားလာတဲ့သဘော တွေ့ရပါတယ်။ အာဆီယံမှာ မြန်မာစစ်ကောင်စီက သဘောတူခဲ့တဲ့ မူငါးချက်ကို အကောင်အထည်ဖေါ်ဖို့ တရုတ်နိုင်ငံ၊ အမေရိကန်တို့ကပါ သဘောတူထောက်ခံထားကြပေမယ့် အခုလတ်တလော အလားအလာတွေအရဆိုရင် စစ်ကောင်စီက အာဆီယံမှာသဘောတူခဲ့တဲ့ အချက် ၅ ချက်က အကောင်အထည်ပေါ်လာဖို့ အလှမ်းဝေးနေဦးမယ့်သဘော ရှိနေပါတယ်။ 

ဒီနေ့အတွက် တခြားသတင်းတပုဒ်ကတော့ တရုတ်နယ်စပ်ဂိတ်တွေအနက်က နောက်ဆုံးလက်ကျန် ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်ဂိတ်ကို ဒီနေ့က စပိတ်မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ကိုဗစ်ကူးစက်မှုကို  အကြောင်းပြပိတ်လိုက်တဲ့သက်ရောက်မှုက နကိုကတည်းက ကိုဗစ်ကြောင့် စျေးကွက်ပျက်နေတဲ့ စျေးနှုန်းကျနေ ဝယ်အားကျဆင်းနေတဲ့ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ပစ္စည်း ထုတ်ကုန်လုပ်ငန်းက သူတွေအတွက် ထိခိုက်မယ့်အလားအလာတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

တိုင်းပြည်က မတည်မငြိမ် ဖြစ်နေတာ၊ ကိုဗစ်စီးပွားရေးကျဆင်းမှုအပြင် အခု နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေပိတ်လိုက်တဲ့ အကျိုးဆက်က မြန်မာနိုင်ငံဘက်က ဆန်စပါး၊ ကြံ၊ သစ်သီးနဲ့ ရေထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

မြန်မာစစ်ကောင်စီဟာ တရုတ်နိုင်ငံကို သံတမန်ရေး၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဆိုင်ရာ ကိစ္စရပ်တွေ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေမှာ အားကိုးအားထားပြုနေရတာ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံဟာ ပင်လယ်ထွက်ပေါက်၊ နိုင်ငံရေး ပထဝီဝင်အရ အရေးပါတဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် မြန်မာ့နိုင်ငံရေးကို တည်ငြိမ်ဖို့ ထိန်းချုပ်ထားနိုင်တဲ့ အစိုးရနဲ့ အကျိုးစီးပွားအခြေခံတဲ့ ဆက်ဆံရေးမျိုးကို လိုလားတာလည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လက်တွေ့အကျိုးစီးပွားကိုသာ အခြေခံတယ်ဆိုရမလား သို့မဟုတ် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားပေါ်မှာသာ အခြေခံတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

NUG အနေနဲ့ စစ်အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ တရုတ်နိုင်ငံက စစ်ကောင်စီကို ကုလမှာ ကြုံတွေ့ရတဲ့ ဆုံးဖြတ်ချက်လိုမျိုးတွေမှာ အကာအကွယ်ပေးခဲ့တယ်ဆိုတဲ့အချက်နဲ့ ပြည်တွင်းက လူအမျာလှုံ့ဆော်ကြတဲ့ တရုတ်ဆန့်ကျင်ရေးလမ်းကြောင်းမျိုးမှာ ရှိခဲ့ရာက မကြာသေးမီ တရုတ်ကွန်မြူနစ်ပါတီ နှစ်တရာပြည့်လို အကြောင်းကိစ္စနဲ့ဆက်နွယ်ပြီး ပါတီချင်းဆက်ဆံရေး ကို ပြန်စတင်ခဲ့တဲ့နောက် တရုတ်နိုင်ငံနဲ့ NUG ဆက်ဆံရေးတိုးတက်အောင် ကြိုးစားမယ်ဆိုတာမျိုး ဖြစ်လာတာတွေ့ရမှာပါ။ 

နွေဦးတော်လှန်ရေး တနည်းအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ နိင်ငံတကာ သံတမန်ရေး ဖိအားပေးမှု၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်၊ တရုတ်၊ အာဆီယံ၊ အမေရိကန် စတာတွေဟာ အတိုင်းအတာတခုထိ သက်ရောက်မှုရှိနိုင်ကြပေမယ့်လည်း တကယ့်အဆုံးအဖြတ်ကတော့ ပြည်တွင်းက နိုင်ငံရေးတိုက်ပွဲ နဲ့ စစ်ရေးတိုက်ပွဲတို့သာလျင် ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည် ခံယူထားကြဖို့ သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ 
ကုလမှာ နေရာရရေး မရရေးတွေဟာလည်း စိတ်အားတက်ကြွဖို့ နိုင်ငံတကာမှာ စစ်ကောင်စီကိုဖယ်ကျဥ်ဖို့ စစ်ကောင်စီက တရားဝင် အသိအမှတ်ပြု အစိုးရမဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်တာမှန်ပေမယ့်လည်း ပြည်တွင်းမှာ မဟာမိတ်ပြုရမယ့် အဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ မဟာမိတ် ဖွဲ့စည်းနိုင်တာဟာ ကုလနေရာရရေး မရရေးထက် ပိုအရေးကြီးတယ်လို့မြင်ပါတယ်။ ပြဿနာနဲ့ အဆုံးအဖြတ်က ပြည်တွင်းမှာ အခြေခံတာကို လေးလေးနက်နက် နားလည်ခံယူထားပြီး နိုင်ငံတကာကိစ္စတွေနဲ့ ပြည်တွင်းမှာ အင်အားစုချင်းစည်းရုံးနိုင်မှု လှုပ်ရှားမှုအတူတူလုပ်နိုင်တဲ့အဆင့်အထိ မဟာမိတ်တည်ဆောက်နိုင်မှုကိုသာ ပိုအာရုံစိုက် လုပ်ဆောင်တာက လက်တွေ့ကျတယ်လို့ တိုက်တွန်းချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar