Breaking News

ဆာသော်ဒိုး - '' ဖဝါးနဲ့နာပါ သရော်စာ ''

Image - Crd

'' ဖဝါးနဲ့နာပါ သရော်စာ ''
ဆာသော်ဒိုး
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၁

သတင်းတွေ သတင်းတွေ သတင်းတွေ။

နေ့စဉ်နေ့တိုင်း ထွက်လိုက်ပါတဲ့ သတင်းတွေ။ သတင်းအစစ်တွေ သတင်းအမှန်တွေသာမက သတင်းအညစ်တွေ သတင်းဒလန်တွေလည်း ဒုနဲ့ဒေးပဲကိုးဗျ။

ဆေးဝါးအတုကိုမီဝဲမိရင် အန္တရာယ်ဖြစ်သလိုပဲ သတင်းအတုကို ယုံကြည်မိရင်လည်း ကြီးမားတဲ့အန္တရာယ်ပါပဲ။

နေ့စဉ်သတင်းတွေက တောင်ပုံရာပုံခေတ်ကြီးထဲမှာ သတင်းမှန်တွေနဲ့လူကြိုက်များတဲ့ပုဂ္ဂလိကသတင်းစာတွေ အနားပေးခံရတာ ၉ လ ရှိပြီ။ စာပေ ရုပ်ရှင် သဘင် ဂီတ စသဖြင့် အနုပညာလောကသားတွေ အနုပညာအလုပ် တွေ အနားပေးခံရတာလည်း ၉ လရှိပြီပေါ့။

အနုပညာအလုပ်တွေ လုပ်ခွင့်မရှိတော့တဲ့အခါ လုံးဝကိုဝင်ငွေမဲ့သွားတဲ့ သူတို့တွေ စားဝတ်နေရေးကို ဘယ်လိုတွေများဖြေရှင်းနေကြရသလဲဆိုတာ စိတ်ဝင် စားဖို့ကောင်းပါတယ်။

အတော်များများကတော့ "စျေးသည်တွေ" ဖြစ်ကုန်ကြတာပါပဲ။ ကိုယ်တတ်နိုင်တဲ့ဟာ ကိုယ်ရောင်းပေါ့။ မုန့်ဟင်းခါးလေး ခေါက်ဆွဲသုပ်လေးဆိုင်ထွက်ရောင်းတဲ့သူကရောင်း၊ ဟင်းတွေချက်ပြီး လိုက်ပို့ရောင်းတဲ့သူကရောင်းကနေ အချို့ဆိုဘာမှမဆိုင်တဲ့ အိမ်ခြံမြေ အရောင်းအငှား ပွဲစားတွေအဖြစ်ပါ ရောက်ရှိကုန်ကြတာဗျ။

" ရောင်းတယ် " ဆိုလို့ ပြောရအုံးမယ်။ အနုပညာသမားတွေဆိုတာ စျေးသာ ရောင်းစားရင် ရောင်းစားမယ်၊ မာနကိုတော့ ရောင်းမစားတတ်ကြတာ အများစုခင်ဗျ။ "အနုပညာမာန" လို့ ပြောရမှာပေါ့။

ဒါနဲ့ ဒီရက်ထဲမှာ "မာန" တွေသာမက "သိက္ခာ" တွေကိုပါ ရိက္ခာနဲ့လဲတဲ့သူတွေ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့လောကပေါင်းစုံမှာ ပေါ်ပေါက်နေပုံပါပဲ။ ဘာတဲ့ " အဖြူ ရောင်အနုပညာရှင် " တွေဆိုလား ဘာလား။

ဒါတွေကြားရတော့ အဖိုးတို့တွေ အသက်ပေးပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ " ဖက်ဆစ်ခေတ် " ကိုသွားသတိရမိတယ်။ အင်မတန့်ကို ရက်စက်ရမ်းကားဆိုးရွားလွန်းခဲ့တဲ့ အဲသည် လူမဆန်တဲ့ ဖက်ဆစ်စစ်ဘီလူးတွေရဲ့ အစွယ်ငေါငေါခေတ်ကြီးတခု ရှိခဲ့ဘူးတာကိုး။

အဲသည်ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာပေါ့။
ရွာတရွာကို ဖက်ဆစ်ငပုတွေ ဘီလူးဆိုင်းနဲ့ဝင်လာတယ်။ ရွာမှာရှိတဲ့ အမျိုးသမီးမှန်သမျှ ပျိုပျို အိုအို အကုန်ဆွဲထုတ်ပြီး ရွာလူထုရှေ့မှာပဲ တစ်ယောက်မကျန် တစ်ဦးပြီးတစ်ဦးကို မရိုသေ့စကား မုဒိမ်းကျင့်တယ်။

သေနတ်တွေနဲ့ချိန်ထားတဲ့ အဲသည်ဖက်ဆစ်ငပုတွေကို ပြန်လည်ခုခံဖို့ ကြိုးစားခွင့်တွေလဲ ပျောက်ဆုံးနေတယ်။ အမျိုးသမီးတွေကို အဲသလို အဓမ္မကျင့်နေတာကို ရွာသားတွေအားလုံးကို မကြည့်မနေရ ကြည့်ခိုင်းထားသတဲ့။
ဘယ့်ကလောက်များ ကြေကွဲစရာ ရင်နာစရာကောင်းလိုက်သလဲဗျာ။

ပြောရရင်တော့ ရွာမှာတဲ့ရှိ အမျိုးသမီးအကုန်လုံး တစ်ယောက်မကျန်ပေါ့ဗျာ။ အဲသည်လိုပြုကျင့်ပြီးတာနဲ့ ဖက်ဆစ်ငပုကောင်တွေဟာ လိုရာကို ဆက်လက်ထွက်ခွာသွားတော့တာပေါ့။
ရွာလူထုကတော့ အိပ်မက်ဆိုးကြီးကနေ လွန်မြောက်သွားတယ် ဆိုရမှာပေါ့။

အဲသလိုနဲ့ နောက်ပိုင်း ရက်ကိုလစားပြီး ကာလညောင်းလာတဲ့အခါ ရွာသူရွာသားတွေဟာ အိပ်မက်ဆိုးကြီးကို မရမကမေ့ဖျောက်ပြီး ပုံမှန်ဖြစ်အောင် ကြိုးစားနေထိုင်ကြတယ်။ လူတိုင်းလိုလိုပုံမှန်ဖြစ်အောင်ကြိုးပမ်းနေချိန်မှာ ရွာသားတဦးဟာ ပုံမှန်မဖြစ်ဘဲ နေ့စဉ်နေ့တိုင်းပဲ ငိုင်တွေငေးမောနေရုံသာမက မျက်ရည်ဥကြီးတွေပါပေါက်ပေါက်ကျလို့ တခါတခါဆို ရှိုက်ကြီးတငင်တောင်မှ ငိုကြွေးနေပါသတဲ့ ခင်ဗျ။

ဒါနဲ့ ရွာသားတွေလည်း အဲသည်လူကို ခေါ်ပြီးချော့မော့ဖြောင်းဖြကြရတော့တာပေါ့။

" ငါတို့တရွာလုံးက မိန်းမတွေအကုန်လုံးပဲအဓမ္မကျင့်ခံရတာပါကွာ။ ငါတို့မိန်းမတွေလဲအကုန်လုံး ပါတယ်။ မင်းမိန်းမတဦးထဲရွေးပြီး အကျင့်ခံရတာမဟုတ်ပါဘူး "

ဒီလိုဖြောင်းဖြစကားကိုလည်းကြားရော အဲသည်ရွာသားဟာ ငိုနေရာကနေ ရှက်ဒေါသထွက်ပြီး သည်လိုပြန်ပြောပါသတဲ့ ခင်ဗျ။ နားနဲ့မနာ ဖဝါးနဲ့ နာတော်မူပါ။

" အေး. . .ဖက်ဆစ်ကောင်တွေအဓမ္မကျင့်တော့ ကျန်တဲ့မိန်းမတွေက သည်အတိုင်းပဲအသေကောင်လို ငြိမ်နေကြတာကွ။ ငါ့မိန်းမကေတာ့ အဲသလိုမဟုတ်ဘူး။ သူက အလိုတူအလိုပါ အလိုက်သင့်လေး ကော့ကော့ပေးနေတာ ငါမြင်လိုက်လို့ကွ . . . . . . ဟီး ဟီး ဟီး ဟီး ဟီး ဟီး "

ဒါ့ကြောင့် ဒီလူ ဒီလောက်ကြီးကို ခံစားနေရတာကိုးဗျ။ အားလုံး တပြေးညီ တစ်ယောက်မကျန် အဓမ္မကျင့်ခံနေရချိန်မှာ အလိုတူအလိုပါ " ကော့ကော့ " မပေးကြဖို့တော့ လိုမယ်ထင်ပါရဲ့ဗျာ။          ။

ဆာသော်ဒိုး
15-10-21(Fri) 1:46 Pm ညဉ့်
( စာကြွင်း။ ။ နားနဲ့မနာ ဖဝါးနဲ့နာပါ လို့မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ခင်ဗျာ )
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar